
မုံရွာမြို့က ပွဲစားကြီးဦးတင်ဟာ မနက်ခင်းတိုင်း သူရဲ့ ဂိုထောင်ထဲမှာ ပြည့်နေတဲ့ ပဲအိတ်တွေကိုကြည့်ရှု စိတ်ကူးယဉ်တဲ့နည်းနဲ့ ရှေ့ဆက် အလုပ်လုပ်ဖို့ စိတ်ခွန်အားယူခဲ့သူပါ။
အခုတော့ အဲဒီ ပဲအိတ်တွေနေရာမှာ နယ်ဘက်က သူ့ဆွေမျိုးတွေ၊ မိတ်ဆွေတွေ၊ ဖောက်သည် တောင်သူကြီး မိသားစုတွေ ရောက်နေကြတာကြောင့် ပွဲရုံလုပ်ငန်းဖြစ်တဲ့ ဂိုထောင်က ဒုက္ခသည်စခန်းနဲ့ တူလာပါတယ်။
“စစ်ဘေးရှောင်လာကြတာ၊ ဂိုထောင်က ကုန်မထည့်ရတာ သုံးနှစ်လောက်ရှိပြီ” လို့ ဦးတင်က ညည်းတွားပါတယ်။
မုံရွာအနီးဝန်းကျင် ကျေးရွာတွေက ဒေသခံများဟာ သူတို့ရပ်ရွာမှာ တိုက်ပွဲဖြစ်လာတာကြောင့် မြို့ပေါ်က မိတ်ဆွေ၊ ဆွေမျိုးတွေဆီမှာ ခိုလှုံနေကြရာမှာ တချို့လည်း ဦးတင်ရဲ့ ဂိုထောင်ထဲကို အိုးခွက်ပန်းကန်အစုံနဲ့ ရောက်ရှိလာကြပါတယ်။
ဦးတင်လိုပဲ ပွဲရုံလုပ်ငန်းနဲ့ ဆွေစဉ်မျိုးဆက် အသက်မွေးလာတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့က ကုန်သည်တွေ ၂၀၁၉ ကိုဗစ်ကပ်ဘေး၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတို့ကြောင့် ဆက်တိုက် အလုပ်ပျက်လာကြတယ်လို့ ဆိုကြပါတယ်။ လုပ်ငန်းရှင်ကြီးတွေအဖို့တော့ မုံရွာကနေ ခပ်ဝေးဝေးနေ၊ အသံတိတ်နေသင့်တဲ့အခြေအနေ ဖြစ်နေပါတယ်။
မန္တလေးမြို့နဲ့ တိုက်ရိုက်ကုန်သွယ်တဲ့ ဧရာဝတီမြစ်ဘေး ကသာ၊ အင်းတော်၊ ထီးချိုင့် မြို့နယ်များကလွဲလို့ စစ်ကိုင်းတိုင်းတစ်တိုင်းလုံးရဲ့ကျန်ဒေသများအားလုံး သီးနှံထွက်ကုန်တွေ စုရပ်ဟာ မုံရွာမြို့မှာပဲ ဖြစ်ပါတယ်။
ဆီအိုးကြီးလို့တင်စားတဲ့ မကွေးတိုင်း ဂန့်ဂေါ၊ ယော၊ စေကြိုယ ပခုက္ကူတို့က သီးနှံတွေလည်း မုံရွာကိုပဲ တင်ပို့ရောင်းချကြပါတယ်။
မုံရွာမြို့ဟာ ချင်းတွင်းမြစ်ရေလမ်းကြောင်းမှာ အကြီးဆုံးဆိပ်ကမ်းမြို့ဖြစ်သလို ကုန်ကြောင်းက လာရင်လည်း အတားအဆီးမရှိ ချောမွေ့တဲ့ဒေသမို့ ကုန်းကြောင်း၊ ရေကြောင်း လိုသလို သွားလာလို့ရတဲ့၊ ကုန်သွယ်ရေးရဲ့ဗဟိုချက်မဒေသ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးအင်အားစုက နယ်မြေ သုံးပုံနှစ်ပုံခန့် ထိန်းချုပ်ထားတာကြောင့် အဲဒီဒေသတွေကို ရိက္ခာ၊ သတင်းအချက်အလက် ဖြတ်တောက်ဖို့ စစ်တပ်က လမ်းပိုင်းစစ်ဆေးမှုတွေ တင်းကြပ်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ ပဲမျိုးစုံ ထက်ဝက်ခန့်ဟာ စစ်ကိုင်းဒေသကြီးကထွက်ရှိတာပါ။ ရာသီအလိုက်ထွက်ရှိတဲ့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံတွေကို မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး ကုန်စည်ဒိုင်ရှိရာ မုံရွာမြို့က ပွဲရုံတွေဆီ တင်ပို့ဖို့ ယခင်လို မလွယ်ကူတော့ပါဘူး။

မုံရွာ ကုန်သွယ်ရေးသမိုင်းမှာ ယခင် မဆလခေတ်၊ မှောင်ခိုခေတ်၊ ရှစ်လေးလုံးအရေးတော်ပုံကာလ၊ နဝတ၊ နအဖ စစ်အစိုးရခေတ်တို့မှာ အခက်အခဲတွေ ရှိခဲ့ပေမဲ့ အခု အာဏာသိမ်းကာလက လုပ်ရကိုင်ရ အခက်ဆုံးလို့ ပွဲစားအမွေကို မျိုးဆက် သုံးဆက်တိုင် လက်ဆင့်ကမ်းသယ်လာတဲ့ မြို့ခံဝါရင့်ပွဲစားကြီးတစ်ဦးက မှတ်ချက်ပြုပါတယ်။
မိုင်၆၀ကွာဝေးတဲ့ ရေဦး-မုံရွာ ခရီးလမ်းကို ယခင်က ၂နာရီကျော်သာ သွားလာရပေမယ့် အခုတော့ ကျေးရွာလမ်းတွေကနေ ရှောင်ကွင်းသွားလာရလို့ ၆နာရီနီးပါးကြာမှ မုံရွာကိုရောက်တယ်လို့ ကားသမားတွေက ဆိုပါတယ်။
“သွားနေကျသူမှသွားရဲတာ၊ လမ်းမှာစစ်ကြောင်းနဲ့တိုးရင် ငွေနဲ့ရှင်းရရင်ကံကောင်းလို့ပဲ၊ အနည်းဆုံးတော့ ပါးရိုက်နားရိုက်ခံရမှာပဲ” လို့ မုံရွာ-ရေဦး ပြေးဆွဲနေတဲ့ ကားသမားက ပြောပါတယ်။
မြို့အဝင်တွေမှာလည်း ပါလာတဲ့ ခရီးသည်တွေကို အသေးစိတ်စစ်ဆေးပြီး မသင်္ကာပါက ဖမ်းဆီးတယ်လို့ ကားသမားတွေက ပြောပါတယ်။
ဒါကြောင့် အမျိုးသားများက အိမ်တွင်းပုန်းနေရပြီး အမျိုးသမီးတွေကပဲ သီးနှံရောင်း၊ ငွေထုတ်၊ ရွာက လိုအပ်တာတွေဝယ်ပြန်တာမျိုးရှိတယ်လို့ ဆိုပါတယ်။
“မြို့တစ်ခေါက်တက်ဖို့အရေး ရသမျှဘုရားစာ အကုန်ရွတ်သွားရတာပဲ” လို့ ခရီးသည်အမျိုးသမီးက ဖွင့်ဟပါတယ်။
ကုန်စည်သယ်ယူခစရိတ်လည်း ယခင်ထက် သုံးဆ ကုန်ကျလာတယ်လို့ ဆိုပါတယ်။ ကုန်စည်တွေ မြို့ကပွဲရုံရောက်ရုံနဲ့ စိတ်မအေးနိုင်သေးဘဲ မြို့ထဲမှာ လှည့်ပတ်နေတဲ့ စစ်ကောင်စီကားနဲ့တိုးရင် ငွေညှစ်ခံရသေးကြောင်း ကားသမားများက စိတ်ပျက်လက်ပျက်ဆိုပါတယ်။
“ကုန်ချနေတုန်း ပတ်ကားနဲ့တိုးရင် ကားသမားမရှိလည်း ပွဲရုံပိုင်ရှင်ဆီကတောင်းသွားကြတာပဲ” လို့ ပွဲစားတစ်ဦးက လက်ရှိအခြေအနေကို ပြောပြပါတယ်။
အာဏာသိမ်းစကာလမှာ လုပ်ငန်းတွေ ဟန်ကိုယ့်ဖို့ နေနိုင်ခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အခြေ ပျက်ယွင်းလာပြီဖြစ်ကြောင်း မုံရွာအောင်မင်္ဂလာရပ်က ပွဲစား ကိုဖြိုးက ပြောပါတယ်။
“အာဏာသိမ်းပြီးစကတော့ အရင်ပွင့်လင်းတဲ့ခေတ် အရှိန်နည်းနည်းကျန်တော့ လုပ်သာသေးတယ်” လို့ သူက ပြောပါတယ်။
မုံရွာစျေးကွက်ကို ရောက်ရှိလာတဲ့ ပဲ၊ နှမ်းမျိုးစုံကို နေ့စဉ်ပေါက်စျေးသတ်မှတ်ရောင်းဝယ်ကြတဲ့ ပွဲစား၊ စက်ပိုင်၊ ကုန်သည်များစုဆုံရာ ကုန်စည်ဒိုင်ဟာ မုံရွာရဲ့ အထင်ကရ မြို့လယ်လမ်းမကြီးနဲ့ ပြည်ထောင်စုလမ်းမကြီးကြား ကားလေးကွင်းနဲ့ ကပ်လျက် ရှိတာပါ။
ကုန်စည်ဒိုင် ခေါင်းရင်း မိန်းလမ်းဘက်ခြမ်း စစ်တပ်ပိုင် မြဝတီဘဏ်မှာ လက်နက်ကိုင် အစောင့်ဂိတ် ရှိတာကြောင့် ပြောက်ကျားတော်လှန်ရေးသမားများက မကြာခဏ လာရောက်ပစ်ခတ်ပါတယ်၊ ဒါကြောင့် မိန်းလမ်းဘက်ခြမ်းထွက်ပေါက်က ပိတ်ဆို့ခံထားရပါတယ်။
အသင်းဝင်ထားတဲ့ ပွဲစား၊ စက်ပိုင်၊ ကုန်သည် ၆၀၀ ကျော်ရှိတဲ့ မုံရွာကုန်စည်ဒိုင်မှာ ၂၀၀ ကျော်က နေ့စဉ် ဒိုင်မှာ စုဆုံရောင်းဝယ် စျေးစကားပြောလေ့ရှိကြပါတယ်။
“မြို့ထဲ လမ်းအခြေအနေကောင်းမှ ဒိုင်သွားရတာ၊ အရင်ကတော့ နေ့တိုင်းသွားတယ်” လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
ကုန်စည်ဒိုင်မှာ ဂျုံ၊ နှမ်း၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊ မြေပဲစတဲ့ သီးနှံအမျိုးပေါင်း ၃၀ ကျော် နေ့စဉ်ရောင်းဝယ်ဖောက်ကားကြပါတယ်။
စစ်ကိုင်းရဲ့ ပဲမျိုးစုံအဓိကဖောက်သည်က အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတိုပါ။ ပဲစင်းငုံ၊ ပဲတီစိမ်း၊ မတ်ပဲဟာ အိန္ဒိယအကြိုက် သီးနှံဖြစ်ပြီး နှမ်း၊ မြေပဲကတော့ ပေါက်ဖော် တရုတ်တို့အကြိုက်ပါ။
သီးနှံစိုက်တောင်သူတွေက မုံရွာ ပွဲစားတွေဆီ ရောင်း၊ ပွဲစားတွေက စျေးဖြတ်ဝယ်၊ ဂိုထောင်မှာ ပြည်ပ ဝယ်လက် မျှော်ပြီး ကာလတစ်ခုအထိ သိုလှောင်၊ အဲဒီနောက် မန္တလေး၊ ရန်ကုန်က ဒိုင်ကြီးတွေဆီ တင်ပို့ ရောင်းချကြတာပါ။
ငွေကြေးတတ်နိုင်တဲ့တောင်သူကြီးတွေကတော့ ကိုယ့်အိမ်မှာကိုယ် သိုလှောင်ပြီး စျေးကောင်းရချိန်မှ မြို့တက်လာရောင်းတာလည်း ရှိကြပါတယ်၊ တချိုတောင်သူကလည်း မြို့က ပွဲရုံတွေမှာ သီးနှံအပ်ထားပြီး စျေးကောင်းမှ စျေးဖြတ်ရောင်းတာလည်းရှိပါတယ်၊ အဲဒီအတွက် သိုလှောင်ခ၊ ထိန်းသိမ်းခကို ပွဲရုံပိုင်ရှင်တွေဆီ ပေးရပါတယ်။
အခုလို ခေတ်ပျက်နေချိန်မှာတော့ အိမ်မှာ မသိုလှောင်ရဲကြတော့ဘူးလို့ ဘုတလင်မြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။
“ခုကျ ရွာမှာ စစ်ကြောင်းထိုးရင် အကုန်မီးရှို့တော့ သီးနှံပေါ်တာနဲ့ တခါတည်းမြို့တက်ရောင်းရတော့တာ” လို့ သူက ပြောပါတယ်။
ပွဲရုံတွေမှာလည်း ကုန်ထမ်း ကုန်ချ အလုပ်သမားတွေ၊ ဝန်ထမ်းတွေ အရင်လို မပေါတော့ဘူးလို့ ဆိုပါတယ်။
မုံရွာမြို့ရဲ့ လုပ်သားလိုအပ်ချက်ကို မြို့ရဲ့ ချင်းတွင်းမြစ် တစ်ဘက်ကမ်း ဆားလင်းကြီးမြို့နယ် နေ့စားအလုပ်သမားတွေနဲ့ဖြည့်တင်းနေရတာပါ။ ဒေသမှာ တိုက်ပွဲဖြစ်၊ လမ်းအစစ်ဆေးများရင် အလုပ်သမားတွေက ပွဲရုံကိုမလာကြတော့ပါဘူး၊
“တခါတလေဆို လူမစုံလို့ ကိုယ်တိုင်တောင် ဝင်ထမ်းရတယ်” လို့ မုံရွာမြို့ အလယ်ရပ်က ပွဲရုံပိုင်ရှင်က ဖွင့်ဟပါတယ်။
ညမထွက်ရအမိန့်ကြောင့် လုပ်ငန်းလည်ပတ်ချိန်ကို ထိခိုက်စေပြီး ညနေ ၅နာရီနောက်ပိုင်းဆို မုံရွာက ခြောက်ကပ်သွားပါပြီ။
ပြည်ပစျေးကွက်အတွက် သင်္ဘောတင်ဖို့ ရန်ကုန်၊ မန္တလေးကို တွဲကားတွေနဲ့ သီးနှံပို့ရာမှာလည်း မုံရွာ-မန္တလေးလမ်းတလျှောက် စစ်ကောင်စီရဲ့ ဂိတ်တွေကို ပေးရတဲ့ငွေကြေးကြောင့် တွက်ခြေမကိုက်ဘူးလို့ ကုန်သည်တွေက ညည်းညူပါတယ်။
“မုံရွာ- မန္တလေးလမ်း စစ်ကိုင်းတံတားနှာပေါက်မရောက်ခင်ထိ အဖွဲစုံ ၃၀ လောက် ပေးရတယ်၊ တစ်ဂိတ်နဲ့တစ်ဂိတ်ဆက်နေလို့ စပယ်ယာဆို ခြေလျင်ပြေးလိုက်ရတာများတာပဲ” လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
ဒါကြောင့် တောင်သူဆီက သီးနှံသိမ်းရာမှာ မကွေးတိုင်းပခုက္ကူမြို့က ပွဲရုံတွေလောက် စျေးမြှင့်မပေးနိုင်ဘူးလို့ ပွဲစားတွေက ဆိုပါတယ်။
“လမ်းကြေးအတောင်းများလို့ တောင်သူ တချို့က မန္တလေးကို တိုက်ရိုက် သွားရောင်းတာတွေ များလာကြပြီး ဆယ်ပုံလေးပုံလောက်သာ မုံရွာက ပွဲရုံတွေဆီရောက်တော့တယ်” လို့ ဝါရင့်ပဲကုန်သည်က ပြောပါတယ်။

ကုန်စည်စီးဆင်းရာ လမ်းတွေ ဖြစ်တဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွေကို သုံးဖို့ အခြေအနေ မပေးသေးတာကြောင့် ဆီထွက်သီးနှံလည်း ပြည်တွင်း ဆီစျေးကွက်သာ အားကိုးရောင်းနေရတာလို့ နှမ်း၊ မြေပဲပွဲစားတွေက ပြောပါတယ်။
ဂျုံစျေးကွက်မှာလည်း ဂျုံစိုက်တောင်သူနည်းပါးတာ၊ လျှပ်စစ်မီးမရတာတွေကြောင့် မုံရွာက ဂျုံစက်တွေ အပြည့်မလည်ပတ်နိုင်ပါဘူး၊ အိန္ဒိယက ဝင်လာတဲ့ ဂျုံမှုန့်တွေကိုသာ ရန်ကုန်က ဂျုံစက်ကြီးတွေဆီ တဆင့်ပြန်ရောင်းတဲ့ ကြားခံပွဲစားအလုပ်ကိုသာ လုပ်နေရတာလို့ ရှင်းပြပါတယ်။
“အိန္ဒိယက လာတဲ့ဂျုံကလည်း နယ်စပ် တမူး-ကလေးလမ်းက အခြေအနေမကောင်းရင် တစ်ခေါက် တစ်လလောက်ကြာတယ်၊ ဟိုပေး ဒီပေးနဲ့ ဘာမှမကျန်ဘူး” လို့ ဂျုံပွဲစားများက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိက ပဲဖောက်သည်ကြီး အိန္ဒိယကလည်း ၎င်းတိုနိုင်ငံ ပဲထွက်နှုန်းပိုပါက ပဲတင်သွင်းမှုမူဝါဒကို ပိတ်လိုက်ဖွင့်လိုက် ကစားတတ်ပါတယ်။ မုံရွာ ပဲပွဲစားများ ၂၀၁၇ ကတည်းက ဒီဒဏ်ကို ဆက်တိုက်ခံစားခဲ့ကြရတယ်လို့ ဆိုပါတယ်။
ယမန်နှစ်က အိန္ဒိယဝက်လက်များတာကြောင့် ပဲစင်းငုံတစ်တင်း ကျပ်တစ်သိန်းခွဲနဲ့ စျေးပိတ်ပေမယ့် အခုနှစ်မှာ ကျပ်ကိုးသောင်း ဝန်းကျင်မှာ တန့်နေကြောင်း ပွဲစားများက ဆိုသည်။
“စျေးမျှော် လှောင်ခဲ့သော ပွဲစားနဲ့ တောင်သူတွေ ပိုက်ဘောမိတာပေါ့ဗျာ” လို့ ပဲကုန်သည် ကိုမျိုးက ပြောပါတယ်။
မုံရွာ ကုန်သည်ပွဲစားသမိုင်းကိုပြောရရင် ဒုတိယကမ္ဘာစစ်အပြီး အထက်ချင်းတွင်းဒေသ အင်္ဂလိပ်စစ်တပ်ဆုတ်ခွာရာ လမ်းကြောင်းက စစ်ကျန်ပစ္စည်းများကို အောက်ချင်းတွင်းဒေသ မုံရွာကို လာရောင်းပြီး သီးနှံတွေပြန်ဝယ်သွားရာက စျေးကွက် စတင်ဖြစ်လာတယ်လို့ သမိုင်းမှာဖော်ပြပါတယ်။
စစ်ပြီးခေတ် ၁၉၄၇ ခုနှစ်မှာ ပွဲရုံတွေထောင်လာကြတယ်၊ အိန္ဒိယ-တရုတ်-ဗမာလူမျိုးကုန်သည်တွေပါတဲ့ ကုန်သည်အသင်းဟာ မုံရွာရဲ့ စီးပွားရေးမောင်းနှင်အားကိုအဓိကဦးဆောင်သူများဖြစ်ပါတယ်။ ကုန်စည်ဒိုင်စည်းမျဉ်းစည်းကမ်းတွေကတော့ မသတ်မှတ်ခဲ့ပါဘူး၊
နိုင်ငံခြားကုန်သည်တွေက စည်းမျဉ်းဘယ်လို သတ်မှတ်လဲမေးရာမှာ ပွဲစားကြီးဦးကျောက်က “စျေးမမှန်ရင် ပါးရိုက်တဲ့ဥပဒေပဲ” လို့ ပြောပြတာ မှတ်သားစရာပါပဲ။
မုံရွာက ပွဲစားတွေဆီ သီးနှံအပ်တဲ့ တောင်သူရော ပြန်ဝယ်တဲ့ ဝယ်လက်ကပါ နှစ်ဦးနှစ်ဖက် ယုံကြည်ကြပြီး နှစ်ဖက် ကျေနပ်မယ့်စျေးတန်းညှိပေးတဲ့ သမာဓိနဲ့စခဲ့ကြတာလို့ ရှေ့မှီနောက်မှီ ပွဲစားကြီးများ ပြောပါတယ်။
မျှမျှတတဆောင်ရွက်လို့ မုံရွာက ကုန်သည်တွေကို ဂျပန်ကုန်သည်ကြီးအသင်းက ချီးကျူးကြောင်း အဲဒီခေတ်ကဗမာ့ခေတ်သတင်းစာမှာ ဖော်ပြခဲ့ဖူးတယ်လို့ဆိုပါတယ်။
၁၉၆၂ တော်လှန်ရေးကောင်စီခေတ်မှာ ကုန်သည်ပွဲစားအသင်းဖျက်သိမ်းပြီး ပွဲရုံတွေ ပြည်သူပိုင်သိမ်းခံရပြီးနောက် ပွဲစားလောက တစ်ခန်းရပ်သွားပါတယ်။
၁၉၇၀ နောက်ပိုင်း လက်ဖက်ရည်ဆိုင်တွေမှာ ပွဲစားတွေ ဟိုတစ်စု ဒီတစ်စု စုဆုံ၊ စျေးစကားပြောကြရာက ပွဲစားတွေက တဖန်ပြန်စုစည်းပြီး ကုန်သည်၊ ပွဲစား၊ စက်ပိုင်များ ဘုံကထိန်အသင်း ဆိုပြီးဖွဲခဲ့ပါတယ်။
အဲဒီတုန်းက အသင်းအဖွဲ့တွေ ဖွဲ့ခွင့်မရတာမို့ ဘာသာရေးအသင်းနေနဲ့ဖွဲ့တာလို့ ကုန်သည်တွေက ရှင်းပြပါတယ်။
၁၉၉၀ ပြည့်နှစ်မှာတော့ မုံရွာမြို့ ရန်ကင်းရပ်မှာ အသင်းပိုင်မြေနေရာဝယ်ပြီး သီးနှံနမူနာများ ပြသ၊ ရောင်းဝယ် စျေးဖြတ်ခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ အဲဒီခေတ် အာဏာသိမ်းဗိုလ်ချုပ်တွေက နေရာပြောင်းပေးခဲ့ပါတယ်၊ ယခုလက်ရှိနေရာ မုံရွာ ကားလေးကွင်းအနီး ကုန်သည်လမ်းမှာနေရာမှာပါ။
၂၀၁၄ခုနှစ် သမ္မတဦးသိန်းစိန်ခေတ်မှာ အကျိုးအမြတ်မယူသော ထူးချွန်စီးပွားရေးအသင်းအဖြစ် နိုင်ငံတော်အဆင့်ဆုရရှိခဲ့တဲ့ မှတ်တမ်းကောင်း ရှိခဲ့ပါတယ်။
NLD အစိုးရလက်ထက်မှာတော့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ရဲ့ စီးပွားရေးမူဝါဒအောက်မှာ အိန္ဒိယကို ပိုမို ထိုးဖောက်နိုင်ခဲ့တယ်လို့ ပွဲစားများက တူညီစွာ မှတ်ချက်ပေးကြပါတယ်။
NLD ခေတ် စစ်ကိုင်းရဲ့အိမ်နီးချင်း အိန္ဒိယရဲ့ အရှေ့မြောက်ဒေသ ပြည်နယ် ၇ ခုထဲမှာ မုံရွာကုန်သည်တွေဟာ မဏိပူရ်ပြည်နယ်အစိုးရနဲ့ ထိတွေ့မှုပိုများခဲ့တယ်လို့ဆိုပါတယ်။
“မုံရွာနဲ့ စစ်ကိုင်းမြို့တွေမှာ အိန္ဒိယကုန်သည်တွေနဲ့ မကြာခဏတွေ့ဆုံပွဲတွေလုပ်ပြီး ကုန်သွယ်မှုကတိကဝတ်တွေရခဲ့ကြတယ်၊ အဲဒါတွေ အကုန်နှမြောစရာ ဖြစ်တာပေါ့” လို့ မုံရွာကုန်စည်ဒိုင် အကြီးအကဲလုပ်ခဲ့သူတစ်ဦးက ဖွင့်ဟပါတယ်။
မုံရွာမှာ “အရှေ့မြောက်အိန္ဒိယကုန်တွင်းကုန်သွယ်ရေးစင်တာ” ဖွင့်ဖို မဏိပူရ်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက စစ်ကိုင်းတိုင်းအစိုးရထံ လာလည်ရင်းတောင်းဆိုခဲ့တဲ့အထိ နယ်စပ်ကုန်သွယ်ရေးအခြေအနေလှခဲ့တယ်လို့ ထိုစဉ်က ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ အရာရှိဟောင်းတစ်ဦးကပြောပါတယ်။
“တိုင်းအစိုးရကလည်း မဏိပူရ်မြို့တော် အင်ဖာကိုသွားတယ်။ အခြေအနေကောင်းရင် ဗဟိုအစိုးရချင်းတောင်မဟုတ်ဘဲ နယ်စပ်ဂိတ်တွေကနေကို ကုန်ထွက်လမ်းကြောင်းတွေရမှာ” လို့ သူက အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေး အခြေအနေကို ရှင်းပြပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဦးမြတ်ကျော်ဟာ မုံရွာကုန်စည်ဒိုင် ကို နှစ်ခေါက်လာရောက်ပေမယ့် ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ ထူးခြားတဲ့ မူဝါဒများ၊ ကတိကဝတ်များ ရှိမလာဘူးလို့ ပွဲစားတစ်ဦးကပြောပါတယ်။
“မကင်းရာ မကင်းကြောင်းမို တွေ့ကြသလောက်ပါပဲ၊ (စစ်ကိုင်းတိုင်း စစ်ကောင်စီ) အစိုးရအဖွဲ့က လစဉ် အစည်းအဝေးတွေ ခေါ်ပေမယ့် အခက်အခဲတင်ပြပါလို့ ပြောလည်း ထူးမှမထူးတာ” လို့ ဝါရင့်ပွဲစားတစ်ဦးက မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် မုံရွာကလက်ကြီး ပွဲစားကြီးတွေက လုံခြုံရေးအခြေအနေကြောင့် ပြင်ဦးလွင်၊ ရန်ကုန်မြို့တို့ဆီရွှေ့ပြောင်းရင်း ကိုယ်စားလှယ်ထားကာ အဝေးကသာ လုပ်ငန်းကို ကွပ်ကဲနေကြတယ်လို့ ဆိုပါတယ်။
သူဌေးတွေကို ပစ်မှတ်ထားပြီး လုယက်၊ ဓားမြတိုက် ပြန်ပေးဆွဲတာတွေဟာ တိုင်းအဆင့် စစ်ဌာနချုပ်ရှိရာ မုံရွာမှာ တနေ့တခြားများလာတာကြောင့် နာမည်ရှိ ပွဲစားကြီးများက ကြိုတင်တိမ်းရှောင်သွားကြတာဖြစ်ပါတယ်။
“ငွေတောင်းတာကတော့ လက်နက်ပြတောင်းတဲ့အဖွဲ့ရှိသလို မပြဘဲ ဟယ်လို လှမ်းလုပ်ပြီး အလှူခံတာလိုလို၊ ဘာလိုလိုတောင်းတာတွေရော” လို့ ရန်ကုန်မှာ တိမ်းရှောင်နေတဲ့ ကုန်သည်တစ်ဦးက ဖွင့်ဟပါတယ်။
မုံရွာ ပွဲစားလောကလက်ရှိအခြေအနေကို သိတဲ့ ကုန်သည်တစ်ဦးကလည်း အလားတူ ပြောပါတယ်။
“ပွဲစားအလတ်နဲ့ ပေါက်စတွေပဲ ဒိုင်မှာ ကျန်တာ၊ သူဌေးတွေက ခြေရာဖျောက် ပြေးပြီ” လို့ သူက ပြောပါတယ်။
ပဲစင်းငုံ၊ ပဲတီစိမ်းသီးနှံဟာ အိန္ဒိယနိုင်ငံကသာ စားသုံးပြီး ပြည်တွင်းက လူထုက စားသုံးလေ့မရှိတာမို့ ပြည်ပဝယ်လက်မရှိရင် ကုန်သည်တွေ ချွေးပျံရတဲ့ သီးနှံပါ။
“အိန္ဒိယက မဆွဲတဲ့နှစ်ဆို စျေးထိုးကျပြီ၊ အဲဒီအချိန်အစိုးရက ဝင်ထိန်းတဲ့ နည်းကတော့ ကုန်သွယ်မြှင့်ကို အမိန့်ပေးပြီး ဒီပဲတွေ စားလို့ရကြောင်း ပြည်တွင်းမှာ’ပဲစားပွဲတော်’ဆိုပြီး ဖော်ရှိးလုပ်လိုက်တာပဲ” လို့ ခေတ်အဆက်ဆက် အစိုးရတို ကုန်သွယ်မှုဖြေရှင်းခဲ့ပုံကို ဝါရင့်ပွဲစားတစ်ဦးကဝေဖန်ပါတယ်။
ပြည်ပပို့ကုန် ပဲစင်းငုံ၊ ပဲတီစိမ်းနောက် တတိယလိုက်တဲ့ မတ်ပဲကတော့ ပြည်တွင်းလူထုက စားသုံးကြပါတယ်။ ပြည်တွင်းစျေးကွက်ဝယ်လိုအားရှိနေတဲ့ မတ်ပဲကိုတော့ အိန္ဒိယကို ပို့နိုင်ရေး ညှိနှိင်းပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမြထွန်းဦးက နေပြည်တော်မှာ ယခုနှစ် မေလ ၂၂ ရက်နေ့က ပြောခဲ့ပါတယ်။
မတ်ပဲကို အိန္ဒိယပို့နိုင်ရေး စစ်ကောင်စီ ညှိနှိုင်းပေးနိုင်ခဲ့တာ သိသာတဲ့ရလဒ်လို့ ဗိုလ်ချုပ်ကြီးက ဂုဏ်ဖော်ခဲ့ပါတယ်။
စစ်ဖြစ်နေချိန်မှာ မတ်ပဲစိုက်ဖို့ အဆင်မပြေကြောင်း မုံရွာက ပွဲစားတစ်ဦးက ပြောပြပါတယ်။
“မတ်ပဲက ကုန်သည်တွေဆီ ဒီနှစ်လက်ကျန်သိပ်မရှိဘူးလေ၊ တောင်သူကလည်း စစ်ပြေးနေရတော့ ဂရုစိုက်ရတဲ့ မတ်ပဲကို အစိုက်နည်းတယ်” လို့ သူက ပြောပါတယ်။
မေလကုန်ပိုင်းအင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့မှာ အပျက်အစီး များခဲ့ပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းတိုင်းကို ဆက်ထားတဲ့ ဧရာဝတီမြစ်ကူး တံတားနှစ်စင်းမှာ စစ်ကိုင်းတံတားဟောင်းက ကျိုးကျပြီး တံတားအသစ် ရတနာပုံတံတားကလည်း ကုန်ကားကြီးတွေ ဖြတ်သန်းခွင့် ပိတ်ခံထားရပါတယ်။
ဒါကြောင့် မုံရွာ-မန္တလေး -ရန်ကုန် ကုန်စည်စီးဆင်းမှုနှေးကွေးသွား ပါတယ်။
“ပဲစျေးလေးတက်မယ်ပြင်နေတုန်း ငလျင်လှုပ်တော့ အဝယ်တွေရပ်ကုန်တယ်၊ မန္တလေးက ပွဲရုံတွေက ငလျင်လှုပ်ပြီး နှစ်လကျော်ထိ မလည်ပတ် နိုင်ကြသေးဘူး” လို့ မန္တလေးက ကုန်သည်တစ်ဦးက ပြောပါတယ်။
နှစ်ပေါင်း ၄၀ကြာ ပွဲစားလုပ်ငန်းနဲ့ အသက်မွေးခဲ့တဲ့ ဦးတင်ဟာ ရန်ကုန်က သားသမီးတွေရှိရာကို ပြောင်းတော့မယ်လို့ ဖွင့်ဟပါတယ်။ မုံရွာ အိမ်ခြံမြေပွဲစားတွေဆီမှာ သူတိုက်နဲ့ ဂိုထောင်ကို အရောင်းအပ်ခဲ့ပြီလို့ ဆိုပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေက တော်လှန်ရေးရဲ့ ဗဟိုချက်မ စစ်ဇုန်ထဲမှာ ရှိနေတဲ့ မုံရွာဟာ တနေ့တခြား လုံခြုံမှုလျော့နည်းလာသလို လုပ်စားလို့လည်းမကောင်းတော့ကြောင်းပြောပါတယ်။
မုံရွာက လွဲလို့ တခြားမြို့ကြီးတွေမှာက လုပ်ကိုင်စားသောက်ဖိုအခွင့်အလမ်း ပိုသာသလို အနိမ့်ဆုံးတော့ စိတ်လှုခြုံမှု ရစေတယ်လို့ လုပ်ငန်းရှင်တွေက ထင်မြင်နေကြပါတယ်။
“အသက် ၆၀ကျော်မှ အလုပ်သစ်တစ်ခုနဲ့ ဘဝသစ် စရမှာပဲ” လို့ ပွဲစား ဦးတင်က ခေါင်းငိုက်စိုက်ချ ပြောလိုက်ပါတယ်။

(ကာယကံရှင်များ၏ ဆန္ဒအရ အမည်များကို လွှဲပြောင်းဖော်ပြထားပါသည်)