ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများကြောင့် ကုန်းစည်ပို့ဆောင်သည့်လမ်းကြောင်းများ ပြတ်တောက်နေသည့် ပူတာအိုမြို့သည် ကုန်ပစ္စည်း ရှားပါးပြီး ကုန်စျေးနှုန်း အတက်ဆုံးမြို့ ဖြစ်လာသည်။
ဓာတ်ဆီတစ်ပုလင်း ကျပ် ၈၀,၀၀၀ ထိ မြင့်တက်နေပြီး အခြေခံစားသောက်ကုန်တချို့ ရှားပါးလာနေသည်ဟု ဒေသခံများက ပြောသည်။
မတ်လဆန်းပိုင်းက မြစ်ကြီးနား-ပူတာအို လမ်းပေါ်ရှိ ဆွမ်ပရာဘွမ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုလမ်းကို နှစ်ဖက်လုံးက ခရီးသွားလာခွင့် ပိတ်ပင်ခဲ့ကြသည်။
မေလတွင် KIA နှင့် ပူးပေါင်းတပ်က ဆွမ်ပရာဘွမ်ကို သိမ်းပိုက်နိုင်ခဲ့ကြသည်။
စစ်ကောင်စီက မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းမကြီးကို ဆက်လက် ပိတ်ထားရာ ပူတာအိုမြို့သို့ ကုန်စည်များ မပို့ဆောင်နိုင်သည်မှာ ၃ လနီးပါးခန့် ကြာမြင့်လာပြီဖြစ်သည်။
နိုင်ငံ၏ မြောက်ဘက်ဆုံးတွင် တည်ရှိပြီး ခရိုင်မြို့တော်ဖြစ်သော ပူတာအိုတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားတို့မှာ အဆပေါင်းများစွာ စျေးနှုန်းမြင့်တက်လာသည်ဟု ပူတာအိုဒေသခံတချို့က ပြောသည်။
“အခုက ဒေသမှာရှိတဲ့ ဆန်လောက်ပဲ ရောင်းနေတော့တာ။ လိုသလောက်လည်း မရဘူး၊ အဲဒီလိုဖြစ်နေတယ်။ ဈေးကလည်း တအားကို အဆမတန်မြင့်နေပြီ” ဟု ပူတာအိုဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ကုန်စည်တွေကလည်း စီးဆင်းမှုမရှိတော့ အခုက လိုတဲ့ ကုန်ပစ္စည်းလည်း ဝယ်မရဖြစ်နေတယ်။ ပိုက်ဆံရှိပေမဲ့ ဝယ်လို့မရတဲ့ အခြေအနေဖြစ်နေတာ”
ဆန် ၈ ပြည်ပါသည့် ဒေသအခေါ် ဆန်တစ်ပုံးကို ကျပ်ငွေ ၁၅၀,၀၀၀ အထိ ပေးနေရသည်။
ဆန်စျေးနှုန်းမှာ ရန်ကုန်၊ မန္တလေး စျေးကွက်နှင့် နှိုင်းယှဉ်လျှင် ၃ ဆ ကြီးမားနေသည်။
မိသားစုတချို့ ဆန်မဝယ်နိုင်သည့်အတွက် ဆန်ပြုတ်သောက်ရသူများပင် ရှိသည်ဟု ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။
“မြို့ပေါ်မှာ နေကြတဲ့သူ အများပိုင်းက လယ်မလုပ်ကြဘူးလေ၊ ဆိုတော့ ကုန်ဈေးနှုန်းကလည်း များတဲ့အခါကျတော့၊ ဆန်တွေကလည်း ဈေးမှာ လိုသလောက်မရနိုင်တဲ့ အခါကျတော့၊ ဥပမာ ပိုက်ဆံရှိရင်တောင်မှ ဝယ်ဖို့ ခက်ခဲတဲ့ အခြေအနေတွေ၊ သွားလာရေးခက်ခဲတဲ့ အခြေအနေတွေကြောင့် အဆင်မပြေတဲ့သူတွေရှိတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေသောကြောင့် ၎င်းတို့မိသားစုပင်လျှင် ဈေးမသွားနိုင်သည်မှာ နှစ်လခန့်ရှိနေပြီဖြစ်ပြီး တောင်ယာထွက် စားသောက်ကုန်များကိုသာ အားပြုစားသောက်နေရသည်ဟု အထက်ပါ အမျိုးသားက ပြောသည်။
ကုန်းလမ်းပိတ်ထားသည့် ပူတာအိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ စားသောက်ကုန်တချို့ ပို့ဆောင်ကာ ရောင်းချပေးနေသည်ဟု သိရသော်လည်း ဈေးနှုန်းအဆမတန်မြင့်တက်နေမှုကြောင့် ဝယ်ယူစားသောက်သူ နည်းပါးသည်ဟု ဒေသခံတချို့က ပြောသည်။
စစ်တပ်က ၎င်းတို့ ပို့ဆောင်သည့် ကုန်ပစ္စည်းများကို ရောင်းချရာတွင် ကြက်ဥအလုံးရေ ၃၆၀ ပါ ဖာတစ်ခုလျှင် ကျပ် ၃၅၀,၀၀၀ (တစ်လုံးလျှင် ကျပ် ၁,၀၀၀နီးပါး)၊ ၁၀ ပိဿာဝင် စားသုံးဆီ တစ်ပုံးလျှင် ကျပ် ၂၀၀,၀၀၀ (တစ်ပိဿာ ၂၀,၀၀၀) နှင့် ကြာဆံ၊ ခေါက်ဆွဲအထုပ်သေးတစ်ထုပ်လျှင် ကျပ် ၅,၀၀၀ ကျပ်အထိ ပေးဝယ်ရသည်ဟု ဒေသခံများက ပြောသည်။
ဆိုင်ကယ်ကို အဓိက အသုံးပြုကာ သွားလာနေကြသည့် ထိုမြို့တွင် စက်သုံးဆီ ရှားပါးပြတ်လပ်မှုကြောင့် ဆိုင်ကယ်စီးနင်းသူ အလွန်နည်းပါးသွားသည်ဟု သိရသည်။
ထို့ပြင် တောင်သူများအတွက် လယ်ထွန်စက် မသုံးနိုင်ကြတော့ကြောင်း၊ ကျွဲ၊နွား မရှိသည့် တောင်သူတချို့မှာ လူအင်အားကို အသုံးပြုပြီး လယ်ထွန်နေကြရကြောင်း ဒေသခံတချို့က ပြောသည်။
“အာဏာမသိမ်းခင်အချိန်နဲ့ အခုအချိန် အရမ်းကို ကွာဟသွားပြီ၊ အရင်က ဓာတ်ဆီတစ်လီတာကို ၁၀၀၀ လောက်ကနေ အခုက တစ်ပုလင်းပဲ၊ တစ်လီတာတောင်မဟုတ်ဘူး၊ တစ်ပုလင်းတောင်မှ ရှစ်သောင်း၊ တစ်သိန်း ဖြစ်နေတယ်” ဟု ပူတာအိုဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဒါတောင် ဝယ်မရဖြစ်နေတယ်၊ ရှားတာပေါ့၊ တစ်နေရာ၊ နှစ်နေရာလောက်ပဲ ရောင်းတာ”
လယ်စိုက်တောင်သူများအတွက် စစ်တပ်က စက်သုံးဆီကို ခွဲတမ်းဖြင့် ရောင်းချပေးခဲ့သော်လည်း လူတချို့သာ ဝယ်ယူနိုင်သည်၊ အခြားစက်သုံးဆီဆိုင်များလည်း ဆီပြတ်လပ်သွားသည့်အတွက် ဆိုင်ပိတ်ထားကြသည်ဟု သိရသည်။
ဒေသခံတချို့က မိုင် ၂၀ မှ ၃၀ ကြား ဝေးကွာသည့် အိန္ဒိယနယ်စပ်အထိ သွားရောက်ပြီး စက်သုံးဆီနှင့် စားသောက်ကုန်တချို့ ဝယ်ယူ ထမ်းပိုး သယ်ဆောင်ကြပြီး ပူတာအိုမြို့တွင် ပြန်လည်ရောင်းချသည်ဟု သိရသည်။
ခရီးစရိတ်တတ်နိုင်သူတချို့က လေကြောင်းမှတစ်ဆင့် မြစ်ကြီးနား၊ မန္တလေးနှင့် ရန်ကုန်မြို့သို့ တိမ်းရှောင်သွားကြသည်။
အခြေခံလူတန်းစားအများစုမှာ ပူတာအိုမြို့တွင်ပင် ဒုက္ခခံကာ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် စားသောက်ကုန်ပြတ်လပ်မှုကို ရင်ဆိုင်နေရသည်ဟု ဒေသခံတချို့က ပြောသည်။
ရေခဲတောင်များအနီး တည်ရှိသော မြို့တစ်မြို့ဖြစ်သော ပူတာအိုတွင် ခရီးသွားလုပ်ငန်းမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ဆိုးကျိုးနှင့် ဆက်လက်ရင်ဆိုင်နေရသည်။
စစ်တပ်က အာဏာသိမ်းပြိီးနောက်၂၀၂၁ ဖေဖေါ်ဝါရီလမှ စတင်ကာ ရွှေဈေး၊ ဒေါ်လာဈေးနှင့် အခြေခံစားသောက်ကုန်များ တအိအိတက်လာရာ ယနေ့ ကာလပေါက်ဈေးအရ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၅၅ သိန်းကျော်အထိ မြင့်တက်လာသလို တစ်ဒေါ်လာ ပေါက်ဈေးမှာ ၄၆၀၀ ဝန်းကျင်သို့ ရောက်ရှိနေပြီဖြစ်သည်။
နိုင်ငံအနှံ့ ကုန်ဈေးနှုန်းမြင့်တက်နေပြီး လမ်းပိတ်ဆို့မှုကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေသည့် ပူတာအိုမြို့အပါအဝင် မြို့နယ်အများအပြားတွင် ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေကြရသည်။