သတင်း

ဖားကန့်မြို့ပေါ် လက်နက်ကြီးကျ၍ ဒေသခံ ၂ ဦး သေဆုံး

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်၊ ဆိုင်းတောင်ရွာဝန်းကျင် လေကြောင်းတိုက်ခိုက်မှု ခံနေရပြီး ဒေသခံ ၂ ဦး သေဆုံးသည်၊ အိမ်ခြေ ၁၅၀ ကျော် ပျက်စီးနေပြီဖြစ်သည်ဟု သိရသည်။

ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်မြို့ကို စစ်ကောင်စီတပ်က ယနေ့ (စက်တင်ဘာ ၁၆) တွင် လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေရာ ဒေသခံအမျိုးသား ၂ ဦး သေဆုံးခဲ့သည် ဟု စုံစမ်းသိရှိရသည်။

ဖားကန့်၏ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာတွင် တည်ရှိသော ဆိုင်းတောင်ရွာ၌ ယနေ့ နံနက် ၄ နာရီခန့်မှစတင်ကာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF)  ပူးပေါင်းတပ်များနှင့်  တိုက်ပွဲ ဖြစ်ပွားစဉ် ဖားကန့်မြို့ပေါ် စစ်ကောင်စီတပ်၏ ဗျူဟာကုန်းမှ လက်နက်ကြီးများနှင့် ပစ်ကူပေးခဲ့သည်။ 

မွန်းလွဲ ၁ နာရီခွဲခန့်တွင်   ဗျူဟာကုန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံး ဖားကန့်မြို့ ပေါ် ငှက်ပျောတောရပ်ကွက် လမ်းမကြီးပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ လမ်းသွားလမ်းလာ အမျိုးသားနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု KIA နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ငှက်ပျောတောမှ နှစ်ယောက်သေတာ ကြားတယ်၊ အခြား ထိတာသေတာတွေလည်း တအားများတယ်၊ ဒီနေ့က လက်နက်ကြီးလည်း တအားပစ်တာ။ လေယာဉ်နဲ့လည်း ဗုံးကြဲတော့ ကျန်တဲ့ဟာတွေတော့ မသိသေးဘူး“ ဟု ၎င်းက ဆိုသည်။

သေဆုံးသူနှစ်ဦးမှာ အသက်ကြီးပိုင်းအမျိုးသားတစ်ဦးနှင့် လူငယ်အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ ၏ အမည်၊ အသက် စသည့် အသေးစိတ်အချက်အလက်များကို မသိရသေးပေ။ဆိုင်းတောင်ရွာသည် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကြောင့် စည်ကားသည့်ရွာကြီးတစ်ရွာဖြစ် သည်။

စစ်ကောင်စီဗျူဟာကုန်းမှ မွန်းလွဲ ၃ နာရီခန့်အထိ လက်နက်ကြီးများ ဆက်လက်ပစ်ခတ်နေသလို လေ တပ်ကလည်း ၂ ကြိမ် ဗုံးကြဲခဲ့သည်။

မွန်းတည့် ၁၂ နာရီခွဲခန့်နှင့် မွန်းလွဲ ၂ နာရီခွဲခန့်တို့တွင် လေတပ်က ဆိုင်းတောင်ရွာကို တိုက်ခိုက်ရာ ရပ်ကွက် (၄)နှင့် အခြားရပ်ကွက်အချို့တွင် ဗုံးကျရောက်ပေါက်ကွဲခဲ့သည်။

 ဗုံးကြဲမှုကြောင့် ထိခိုက်၊ သေဆုံးမှု ရှိ၊ မရှိ မသိရသေးသလို တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

စက်တင်ဘာ ၇ ရက်မှစတင်သည့် ဖားကန့်ဒေသတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ဒေသခံ ၃၀ ထက်မနည်းသေဆုံးထားပြီဖြစ်ပြီး မြေပြင်အချက်အလက်များအရ ယခုထက် ပိုမိုသေဆုံးနိုင်ခြေရှိသည်ဟု အထက်ပါ ဖားကန့်ဒေသခံ အမျိုးသားက ပြောသည်။ 

ထို့ပြင် လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ဆိုင်းတောင်ရွာမှ နေအိမ် ၁၅၀ ကျော် မီးလောင်ပျက်စီးခဲ့သလို ယနေ့လည်း ဆိုင်းတောင်ရွာအတွင်းရှိ နေအိမ်များ မီးဆက်လက် လောင်ကျွမ်းနေဆဲဖြစ်သည်ဟု သူက ဆက်ပြောသည်။

“ဒီနေ့လည်း မီးလောင်နေတယ်၊ လက်နက်ကြီးကျတာလား သူတို့ရှို့တာလားတော့မသိဘူး၊ မီးမလောင် ဘဲ ပျက်စီးသွားတဲ့ အိမ်တွေလည်း အများကြီးပဲ၊ လူတွေထိခိုက်ဒဏ်ရာရတာလည်း များတယ်” ဟု သူက ပြောသည်။

ဆိုင်းတောင်ရွာအတွင်းရှိ Lucky Men ဟိုတယ်ကို စစ်တပ် ဝင်ရောက်စီးနင်းရာမှ တိုက်ပွဲစတင်ခဲ့ခြင်း ဖြစ်ပြီး ယနေ့အထိ အဆိုပါဟိုတယ်နှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ် ဆက်လက် နေရာယူ ထားဆဲဖြစ်ရာ KIA, KPDF ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲများ ဆက် လက်ပြင်းထန်နေသည်။

ပြီးခဲ့သည့် တစ်နှစ်ကျော်က ဖွင့်လှစ်ခဲ့သည့်၊ အထပ်သုံးထပ်မြင့်သည့် Lucky Men ဟိုတယ်ကို   တရုတ်လူမျိုး လုပ်ငန်းရှင် တစ်ဦးက ပိုင်ဆိုင်သည်၊   KTV  နှင့် လောင်းကစားဝိုင်းများ ရှိသည်ဟု ဒေသခံအချို့က ပြောသည်။

အဆိုပါ ဟိုတယ်တွင် KIA, KPDF တပ်ဖွဲ့ဝင်တချို့ ရောက်နေသည် ဆိုသည့် သတင်းကြောင့် စက်တင်ဘာ ၇ ရက် တွင် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မကြာသေးခင်ရက်ပိုင်းအတွင်း ဟိုတယ်၌ ပိတ်မိနေသည့် ဧည့်သည်များနှင့် ဟိုတယ်ဝန်ထမ်းအချို့ ဟိုတယ်မှ လွတ်မြောက်လာခဲ့သည်ဟု သိရသော်လည်း ဆက်လက်ဖမ်းဆီးခံထားရသူများလည်း ရှိ နေဆဲဟု သိရသည်။

စစ်ကောင်စီတပ်က ဟိုတယ်အတွင်း ၎င်းတို့ ဖမ်းမိသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် အတူ အရပ် သားအချို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

လူမှုကွန်ယက်တွင် တွေ့ရသည့် ဓာတ်ပုံနှင့် ရုပ်သံဖိုင်များအရ  အမျိုးသား အလောင်း ၁၀ လောင်းခန့် တွေ့ထားရပြီး သေဆုံးသူများမှာ မည်သူ၊ မည်ဝါဖြစ်သည်ကို အတည်မပြု နိုင်သေးကြောင်း KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Lucky Men ဟိုတယ်နှင့် ဟိုတယ်အနီးတဝိုက်တွင် စစ်ကောင်စီတပ်သားများ ကျန်ရှိနေသလို တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

“စကစ ဗျူဟာကုန်းကလည်း သူတို့ရဲ့စစ်သားတွေကို ထွက်ပြီးမှ လုံခြုံရေးလှည့်ခိုင်းတာတွေလည်း အမြဲတမ်း ရှိနေတယ်၊ ဒါကြောင့် ထိတွေ့ရင်ဆိုင် တိုက်ပွဲတွေလည်း ခဏခဏ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ယမန်နေ့ကလည်း တိုက်ပွဲအချို့ဖြစ်ပွားခဲ့သည်ဟု  ၎င်းက ဆက်လက်ပြောသည်။

စစ်တပ်နှင့် ရဲများ ပူးပေါင်းတပ်စွဲထားသည့် ဆိုင်းတောင်ရွာ ရဲစခန်းကုန်းကို  စက်တင်ဘာ ၁၂ ရက် နံနက်တွင် KIA နှင့် ပူးပေါင်း တပ်များ သိမ်းပိုက်ထားသည်။

လက်ရှိတွင် ဆိုင်းတောင်ရွာမှ ဒေသခံများအပြင် ဆန်းကြွယ်၊ မော်တောင်း၊ ဖားပြင်၊ ကျောက်သွေး တောင် စသည့် ကျေးရွာများတွင် နေထိုင်သူ အများအပြား ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားသည့် တိုက်ပွဲများအပြင် ယခုနှစ်မတ်လမှ စတင်သည့် KIA ထိုးစစ်များကြောင့် ဖားကန့်မြို့နယ်တွင်းရှိ စစ်ကောင်စီတပ်၏ အရေးကြီးစစ်စခန်း ၁၉ ခုကို သိမ်းပိုက်ထားပြီး ဖားကန့်မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားနိုင်သည်။

သို့သော် ဖားကန့်မြို့အနီးဝန်းကျင်နှင့် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ တပ်စခန်းများဖြစ် သည့် ဖားကန့်တပ်မကုန်း၊ ကံဆီးဗျူဟာကုန်း၊ ကန်းကောင်ဘွမ်စခန်း၊ ဖားကန့်ရဲစခန်း၊ မဇွပ်ယန် ထောင်၊ လယ်ပြင်ယန်းချက်စခန်း၊ ကာမိုင်းဗျုဟာကုန်း၊ ကာမိုင်းရဲစခန်း၊ လုံးခင်း ၊ မျောက်ကုန်းစခန်း တို့ ကျန်ရှိနေသေးသည်။

Show More

Related Articles

Back to top button