သတင်း

အာဏာသိမ်းပြီးနောက် ဆန်ဈေး ၃ ဆတက်၊ ဆန်တစ်အိတ် ၂ သိန်း ဖြစ်လာ

စစ်အာဏာသိမ်းပြီး ပေါ်လာသည့် တိုက်ပွဲ၊ ဆက်သွယ်ရေးနှင့် ဓာတ်အားအခက်အခဲ၊ စိုက်ပျိုးစရိတ် ကြီးမြင့်ခြင်းတို့ကြောင့် ဆန်ဈေး ၃ ဆ တက်လာသော်လည်း လုပ်အားခမှာ ပုံမှန်အတိုင်း ရှိနေသည်။

နိုင်ငံတွင်း လူသုံးကုန်ပစ္စည်းများ ဈေးအဆမတန်မြင့်တက်လာနေပြီး အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်ဈေးမှာလည်း စစ်တပ်အာဏာမသိမ်းမီ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၃ ဆခန့် မြင့်တက်နေသည်။

အာဏာမသိမ်းမီ တစ်လအလို ၂၀၂၁ ဇန်နဝါရီလအတွင်းက ရွှေဘိုဆန်အဟောင်း ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၆၀,၀၀၀ ဝန်းကျင်သာ ရှိခဲ့သည်။

အာဏာသိမ်းပြီး ၃ နှစ်ကျော်အကြာ ယခုမေလတွင် အဆိုပါ ဆန်တစ်အိတ်လျှင် ၂၀၀,၀၀၀ နီးပါးအထိ ဖြစ်လာသည်။

ရွှေဘိုမဂျမ်းတောတစ်အိတ်လျှင် ၁၈၅,၀၀၀၊ ဧရာမင်းတစ်အိတ်လျှင် ၁၇၀,၀၀၀၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၆၀,၀၀၀ ကျပ်အထိ ဈေးကွက်ပေါက်ဈေးရှိနေသည်။

“ဒါကတော့ အရင်ကအစားများကြတဲ့ အကောင်းဆုံး အဟောင်းဆန်တွေပေါ့နော်။ အရင်က ဒီဆန်တွေဈေးနှုန်းက ၆၀,၀၀၀ ဝန်းကျင်ပဲ ရှိတယ်။ ဈေးတွေက ၃ ဆကျော် တက်သွားတာပေါ့” ဟု ပြင်ဦးလွင်မြို့နေ ဆန်ကုန်သည် အမျိုးသမီးတစ်ဦးက ပြောသည်။

အာဏာမသိမ်းမီက ဆန်ကြမ်းတစ်ပြည်လျှင် ကျပ် ၈၀၀ ဝန်းကျင်နှင့် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၉,၀၀၀ ဝန်းကျင်သာ ရှိခဲ့သည်။

ယခုအခါ ထိုဆန်ကြမ်း တစ်အိတ်လျှင်ပင် ၈၀,၀၀၀ ဝန်းကျင် ရှိနေသည်။ မှော်ဘီဆန်၊ ရွှေဘိုရွှေဝါထွန်းကဲ့သို့ အလတ်တန်းစား ဆန်တစ်အိတ်လျှင်ပင် ကျပ် ၁၅၀,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိသည်။

အခြေခံစားသောက်ကုန်နှင့် ဆန်ဈေးများ အဆမတန်တက်လာသည်နှင့်အမျှ ဆန်အိတ်လိုက် ဝယ်ယူသူ နည်းပါးလာသည်ဟု မန္တလေးမြို့နေ ကုန်စုံဆိုင်ဖွင့်ထားသူ အမျိုးသမီးတစ်ဦးကလည်း ဆိုသည်။

“ဆန်ကို တစ်လုံးချင်း၊ နှစ်လုံးချင်းလေးတွေ ပိုပြီးဝယ်လာကြတာ တွေ့ရတယ်။ အလုပ်ပြန်ပြီဆို ဆန်လေးနှစ်လုံး၊ ဆီလေးငါးကျပ်သား ကြက်ဥလေးငါးလုံးနဲ့ အဲဒီလိုလေးတွေ ဝယ်ကြတာများတယ်။ အရင်လို တစ်အိတ်၊ နှစ်အိတ်၊ အိတ်ပြတ်တို့ မရောင်းရတော့ဘူး။ တစ်လုံးခြင်၊ ပြည်ခြင်လေးတွေပဲ ရောင်းနေရတာ” ဟု ထိုအမျိုးသမီးက ပြောသည်။

ရပ်ကွက်အတွင်း တစ်နိုင်တစ်ပိုင် ရောင်းချနေသည့် ဆန်အရောင်းဆိုင်ရှိ ဆန်ဈေးနှုန်းများကို မေလပထမပတ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − ပေးပို့)

ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးပြကြီးများတွင်ပင် လျှပ်စစ်ဓာတ်အား တစ်နေ့လျှင် ၄ နာရီခန့်သာရရှိသည်။ ဓာတ်အားမလုံလောက်မှုပြဿနာသည်လည်း ဆန်ဈေးမြင့်တက်ရခြင်း အကြောင်းရင်းများထဲတွင် ပါဝင်နေသည်ဟု မန္တလေးတွင် ဆန်လုပ်ငန်းလုပ်ကိုင်နေသူ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှ အမျိုးသားတစ်ဦးက ပြောသည်။

“လျှပ်စစ်မီးမရတာတွေကြောင့်လည်း စပါးကြိတ်ရာမှာ စရိတ်တွေက ပိုကြီးကုန်တယ်။ မီးကပျက်နေတော့ ဆီတွေဝယ်ပြီးတော့ ကြိတ်ရတာမှာ ဈေးက နှစ်ဆဖြစ်သွားတယ်” ဟု သူက ပြောသည်။

အာဏာမသိမ်းမီက ဓာတ်ဆီ တစ်လီတာလျှင် ၁,၀၀၀ ဝန်းကျင်သာ ရှိခဲ့​သည်။ လတ်တလောတွင် တစ်လီတာလျှင် ၂,၈၀၀ ကျော်မှ ၃,၀၀၀ နီးပါးအထိ မြင့်တက်လျက်ရှိသည်။

ယင်းအပြင် စပါးစိုက်ပျိုးခြင်းကို အဓိကအသက်မွေးလုပ်ကိုင်ကြသည့်  ရွှေဘိုမြို့နယ်ကဲ့သို့သော ဒေသများတွင် တိုက်ပွဲဖြစ်ပွားနေခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်း၊ တန်ဆာခဈေးကြီးခြင်း၊ စိုက်ပျိုးစရိတ် ကြီးမြင့်ခြင်းတို့ကလည်း ဆန်းဈေးတက်ရခြင်း၏ အကြောင်းရင်းများ ဖြစ်လာသည်။

“တိုက်ပွဲတွေကြောင့် တောင်သူတွေက အချို့ထွက်ပြေးနေကြပြီး စပါးမစိုက်နိုင်ကြတော့ဘူး၊ လမ်းပန်းဆက်သွယ်ရေးတွေလည်း မကောင်းတော့ အဆင့်ဆင့်ပိုကုန်ကျတယ်။ ပြီးရင် လမ်းမှာ အခြေအနေတွေကြောင့် ဆန်တွေက တော်တော်နဲ့ မရောက်တာတွေရှိတယ်” ဟု အထက်ပါ ဆန်လုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသားက ပြောသည်။

ဆန်ဈေးနှုန်း အတက်မြန်နေခြင်းကြောင့် ဆန်တစ်ပိုင်တစ်နိုင် ရောင်းဝယ်သူတို့မှာလည်း အခက်ကြုံနေရသည်ဟု မန္တလေး ချမ်းအေးသာစံမြို့နယ်တွင် ဆန်ဆိုင်ဖွင့်ထားသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ရပ်ကွက်ထဲ ပုံမှန်ရောင်းနေရတဲ့ ဆန်ဆိုင်အသေးလေးတွေက ဆန်ရောင်းပြီး အလုပ်မဖြစ်ပြန်ဘူး။ ရောင်းဈေးနဲ့ ဝယ်ဈေးမှာ ဒုက္ခတွေများကြတာရှိတယ်။ ဆန်ဈေးတွေက အတက်အကျတွေ ကြမ်းနေတော့ ရှိတဲ့အရင်းလည်း ရင်းလိုက်ပြန်ပြီ၊ ပြီးရင် ရောင်းလိုက်ပြန်ပြီ၊ ပြန်ဝယ်မယ်ဆိုရင် အဆမတန်ကြီးသွားပြန်ပြီဆိုတော့ လုံးလည်ချာလည် ရိုက်ပြီး အရင်းမပြုတ်အောင်ကို မနည်းလုပ်နေရတဲ့ အနေအထားပေါ့” ဟု ဆန်ဆိုင်ပိုင်ရှင်က ပြောသည်။

အထွေထွေကုန်ဈေးနှုန်းများ ၃ ဆခန့် မြင့်တက်လာသော်လည်း စစ်ကောင်စီက အလုပ်သမားများ၏ အနိမ့်ဆုံးတစ်ရက်လုပ်ခကို ၄,၈၀၀ ကျပ်သာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက သတ်မှတ်ထားသည်။ ထိုပမာဏသည် ဆန်ကြမ်းတစ်ပြည်စာသာ တန်ဖိုးရှိသည်။

အနည်းဆုံးအခကြေးငွေနှုန်းထားကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က တစ်ရက် ၈ နာရီအတွက် ကျပ် ၃၆၀၀၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ၂၀၁၈ တွင် ကျပ် ၄၈၀၀ အဖြစ် ပြင်ဆင်သည်။

အနည်းဆုံးအခကြေးငွေဥပဒေအရ ထိုနှုန်းများမှာ ၂ နှစ်လျှင် တစ်ကြိမ် အနည်းဆုံးပြန်လည်ချိန်ညှိ သတ်မှတ်ရမည်ဖြစ်သော်လည်း ထိုနှုန်းထားမှာ ၅ နှစ်ဝန်းကျင်ရှိလာချိန် ယနေ့တိုင်အထိ အတည်ဖြစ်နေသည်။

၂၀၂၃ အောက်တိုဘာလမှစ၍ အလုပ်သမားများ၏ တစ်ရက်အခြေခံလုပ်ခလစာ ၄၈၀၀ ကျပ်တွင် ထောက်ပံ့ကြေး ၁၀၀၀ ပေါင်းထည့်ပေးရန် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ကုန်ဈေးနှုန်းမြင့်တက်လာသော်လည်း လုပ်ခလစာ တိုးမလာသည့်အတွက် အလုပ်သမားတို့မှာ ဝင်ငွေနှင့်ထွက်ငွေ မမျှမတဖြစ်လာသည်။

ယခုနှစ် ဇန်နဝါရီအတွက် တောင်သူ၊ စက်ပိုင်၊ စားသုံးသူများအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်းဟုဆိုကာ ရွှေဘိုပေါ်ဆန်း ၂၄ ပြည်ဝင် ၁၀၈ ပေါင်တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်မှ ၁၃၅၀၀၀ ကျပ်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) က သတ်မှတ်ခဲ့ဖူးသည်။

ထို့ပြင် ဆန်ဈေးမကစားရန်၊ ဈေးနှုန်းတည်ငြိမ်ရန်အတွက် ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ အထက် သိုလှောင်မှုများကို အွန်လိုင်းဆန်သိုလှောင်မှုဆိုင်ရာမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ရန် ယခုနှစ် ဇန်နဝါရီ ၁၂ တွင် ထုတ်ပြန်ထားသည်။

မြန်မာသည် ဆန်စပါးထုတ်လုပ်မှုများပြားသလို ထွက်သည့်ဆန်ပမာဏ အများအပြားစားသုံးကြပြီး ပိုလျှံဆန်ကို ပြည်ပသို့တင်ပို့နေသည်ဟု ဆန်ကုန်သည်များက ဆိုသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၆ သန်းကျော် တင်ပို့ခဲ့ကြောင်း၊  အမေရိကန်ဒေါ်လာ ၈၄၅ သန်းကျော် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ယခုနှစ် ဧပြီ ၂ တွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button