သတင်း

ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ ရသည့် နိုင်ငံခြားငွေကို ထိန်းချုပ်တော့မည်

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့ရောင်းချရာမှ ရရှိသည့်​ နိုင်ငံခြားငွေကို အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်မည့် စာရင်းထဲ ထည့်လိုက်သည်။

နိုင်ငံခြားငွေ အကြီးအကျယ် လိုအပ်နေသော စစ်ကောင်စီက လွန်ခဲ့သည့် နှစ်နှစ်ကတည်းက ပို့ကုန်အမျိုးအမည်ခွဲကာ နိုင်ငံခြားဝင်ငွေကို ထိန်းချုပ်ခဲ့ရာတွင် နယ်စပ်မှ ပို့သည့် ဆန်နှင့် ဆန်ကွဲမှာ ကင်းလွတ်ခွင့် ရခဲ့သည်။

သို့သော် ၂၀၂၃ မတ်လ ၁ ရက်မှစ၍ နယ်စပ် ဆန်၊ ဆန်ကွဲမှ ရသည့် နိုင်ငံခြားငွေ သုံးပုံနှစ်ပုံခန့်ကို ပြင်ပပေါက်ဈေးထက် နိမ့်သည့် နှုန်းထားဖြင့် မဖြစ်မနေ ကျပ်ငွေလဲယူရမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

ပို့ကုန်များအားလုံး တစ်ပြေးညီဖြစ်စေရန် ထိုသို့ သတ်မှတ်ခြင်းဖြစ်ပြီး ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကိုသာ လွတ်လပ်စွာအသုံးပြုခွင့်ပေးတော့မည်ဟု စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။  

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ငွေလဲနှုန်းသတ်မှတ်ချက်သည် အမေရိကန်တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ်၊ တရုတ်တစ်ယွမ် ၃၀၄ ကျပ်နှင့် ထိုင်းတစ်ဘတ် ၆၀ ကျပ်ဖြစ်ပြီး ထိုနှုန်းထားများမှာ ဈေးကွက်ပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းအထိ လျော့နည်းသည်။

ရရှိလာသည့် နိုင်ငံခြားငွေကို ဈေးကွက်ပေါက်ဈေးထက် နည်းပါးသည့် ငွေလဲနှုန်းသတ်မှတ်ချက်ဖြင့် စစ်ကောင်စီကို ရောင်းချရမည်ဖြစ်၍ တွက်ခြေမကိုက်ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာ မူဆယ်နယ်စပ်မှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။ 

“တရုတ်ရဲ့ ဆန်ဈေးနှုန်း တက်ရင်တက်လာ၊ မြန်မာနိုင်ငံရဲ့ဆန်ဈေးက ကျရင်ကျ၊ Transport Charges (သယ်ယူပို့ဆောင်စရိတ်) စရိတ်စက အားလုံးကျမှပဲ ဆန်သမားတွေက လုပ်နိုင်မယ်။ မဟုတ်လို့ရှိရင်တော့ လတ်တလော အကုန်ရပ်သွားမယ့်အနေအထားပေါ့” ဟု ၎င်းက ဆိုသည်။ 

ရရှိလာသည့် နိုင်ငံခြားငွေ ၆၅ ရာခိုင်နှုန်းအထိ စစ်ကောင်စီသတ်မှတ်နှုန်းဖြင့် လဲလှယ်ပေးရမည်ဖြစ်ရာ ဆန်တင်ပို့မှု တစ်တန်အတွက် မြန်မာငွေ ကျပ် ၂ သိန်းကျော်၊ တန်တစ်ရာလျှင် သိန်း ၂၀၀ ခန့် လျော့နည်းသွားနိုင်ကြောင်း ၎င်းက ဆိုသည်။ 

ဆန် တန်တစ်ရာလျှင် ကျပ်သိန်းဆယ်ဂဏန်းဝန်းကျင်သာ မြတ်စွန်းချိန်တွင် စစ်ကောင်စီ၏ စည်းမျဉ်းသစ်ကြောင့် ဆန်တင်ပို့ရောင်းချရန် ခက်ခဲသွားနိုင်ကြောင်းလည်း အထက်ပါ ဆန်ကုန်သည်က ပြောသည်။

ထို့အတူ တင်ပို့သည့် ကုန်သည်များ အမြတ်ငွေကျဆင်းလျှင် စိုက်ပျိုးသည့် လယ်သမားများကိုပါ ထိခိုက်နိုင်ကြောင်း၊ ကုန်သည်များက ဆန်စပါးကို ပုံမှန်ပေါက်ဈေးထက် လျှော့၍ ဝယ်ယူတော့မည်ဖြစ်ကြောင်း၊ ပြည်တွင်းဆန်ဈေးကွက်အပေါ် သက်ရောက်မှုကြီးလာနိုင်သည်ဆိုသော သုံးသပ်မှုများလည်း ရှိနေသည်။

လွန်ခဲ့သည့် နှစ်နှစ် အာဏာသိမ်းစတွင် ပို့ကုန်ရငွေအားလုံးကို​ တစ်ဒေါ်လာ ၁၈၅၀ ကျပ်ဖြင့် လဲလှယ်ရမည်ဟု စစ်ကောင်စီက ညွှန်ကြားခဲ့ပြီး၊ ၂၀၂၂ ဩဂုတ်မှစ၍ ၆၅ ရာခိုင်နှုန်းကိုသာ နှုန်းထားသစ် ၂,၁၀၀ ကျပ်ဖြင့် လဲရမည်ဟု ပြင်ဆင်သတ်မှတ်ထားသည်။

နိုင်ငံခြားငွေထိန်းချုပ်မှုကြောင့် ပြည်တွင်း၌ လာရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီများမှာ ဒေါ်လာရှားပါးပြတ်လပ်မှုနှင့် အကြီးအကျယ်ရင်ဆိုင်နေရသည်ဟု လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button