သတင်း

ပြည်ပကုန်ပစ္စည်းသွင်းခွင့် ဟာကွက်မရှိ ထိန်းချုပ်ခံနေရ

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားဝင်ငွေ ကျဆင်းလာချိန်တွင် စစ်ကောင်စီက ပြည်ပကုန် တင်သွင်းခွင့်လိုင်စင် ချပေးခြင်း မရှိသလို အခြားကုန်သွယ်မှုလမ်းကြောင်းကိုလည်း ထပ်မံပိတ်ပင်လိုက်သည်။

ယခင်က ပြည်တွင်းရှိ အာမခံသိုလှောင်ရုံများတွင် ထားရှိ ဖြန့်ဖြူးမည့် ကုန်ပစ္စည်းကို လိုင်စင်ခွင့်ပြုချက် မကျမီ တင်သွင်းခွင့်ပြုခဲ့သည်။ သို့သော် ယခုနှစ် ဧပြီ ၁ ရက်မှစ၍ ထိုအစီအစဉ်ကို ၆ လကြာ ရပ်ဆိုင်းမည်ဟု စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနက မတ် ၂၂ ရက်စွဲဖြင့် ကြေညာသည်။

ကုန်ပစ္စည်းများ တင်သွင်းလိုပါက လိုင်စင်လျှောက်ထားရန် လိုအပ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ လိုင်စင်လိုအပ်သော ကုန်ပစ္စည်းများတွင် အမျိုးအစား ထောင်နှင့်ချီသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပါဝင်ပြီး စာမျက်နှာ ၅၀၀ နီးပါးဖြင့် စာရင်းပြုစုထားသည်ကို တွေ့ရသည်။

ထိုအထဲတွင် သားငါး ရေထွက်ပစ္စည်း၊ နို့နှင့် နို့ထွက်ပစ္စည်း၊ အီလက်ထရွန်နစ်ပစ္စည်း၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်း၊ စက္ကူပစ္စည်း၊ ဆောက်လုပ်ရေးသုံးပစ္စည်း၊ ပလတ်စတစ်ပစ္စည်း၊ ကော်ဇောကဲ့သို့သော ကြမ်းခင်းများ၊ ချည်ထည်ပစ္စည်းများ၊ လူသုံး၊ အိမ်သုံးပစ္စည်းများ၊ စက်ဘီးနှင့် မော်တော်ယာဉ် အပိုပစ္စည်းများ ပါဝင်သည်။

ကုန်သွယ်မှုကို ထိန်းကြောင်းရန်၊ ကာလရှည် သိုလှောင်မှုကြောင့် ကုန်ပစ္စည်းအရည်အသွေး မထိခိုက်စေရန် လိုင်စင်လျှောက်ပြီးမှ သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ဌာနဆိုင်ရာများမှာ နေပြည်တော်တွင် ရုံးစိုက်ထားသဖြင့် စီးပွားရေးမြို့တော် ရန်ကုန်တွင် စီစဉ်ရသည့် လုပ်ငန်းများကို အခက်တွေ့စေသည်။

ကင်းလွတ်ခွင့်အချို့ ရနေသည့် သီလဝါအထူးစီးပွားရေးဇုန်အတွင်းမှ သွင်းကုန်များအတွက်ပါ လိုင်စင်လျှောက်ရန် လိုအပ်မည်ဖြစ်ကြောင်း ရန်ကုန်မှ အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“လိုင်စင်လျှောက်ရတယ်ဆိုတာက နေပြည်တော်မှာ သွားလျှောက်ရတာ၊ လွယ်တာ မဟုတ်ဘူး။ အွန်လိုင်းက လျှောက်တာက မကျတာတွေ ရှိတယ်၊ ခက်ခဲတာပေါ့။ ပြီးတော့ လိုင်စင်လျှောက်ရင် Export လုပ်ထားတာ (ပို့ကုန်ဝင်ငွေ) ပြရတာမျိုး ရှိတယ်။ ဟိုး အရင်ခေတ်ကလို ဖြစ်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အာမခံသိုလှောင်ရုံငှားရမ်းခြင်းကို ဟောင်ကောင်အခြေစိုက် Kerry Logistic ကုမ္ပဏီနှင့် အခြားကုမ္ပဏီတစ်ခုက ရန်ကုန်နှင့် မန္တလေးတွင် ဝန်ဆောင်မှုပေးနေပြီး စီးပွားရေးကော်ပိုရေးရှင်းများက ကုန်ပစ္စည်းများ တင်သွင်းရန် အဓိကအသုံးပြုနေကြောင်း ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ လက်ထက်က ကုန်သွယ်မှု ချော့မွေ့ရန်နှင့် ကုန်ပစ္စည်းများ လွတ်လပ်စွာ တင်သွင်းရန် လိုင်စင်များ ဖြေလျှော့ခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် ဆေးဝါးနှင့် ကျန်းမာရေးအရေးပေါ်ပစ္စည်းများအထိ လိုင်စင်ဖြင့် ပြန်လည်ထိန်းချုပ်လာသည်။

လိုင်စင်ဖြင့် သွင်းကုန်ထိန်းချုပ်ရာတွင် ၁၉၉၇ ခုနှစ်က ကျင့်သုံးခဲ့သည့် ပို့ကုန်ဝင်ငွေ (Export Earning) ရှိမှသာ ကုန်ပစ္စည်းတင်သွင်းခွင့်ရှိစနစ်ကို ပြန်လည်ကျင့်သုံးခဲ့သည်။

စစ်ကောင်စီက စီမံခန့်ခွဲရာတွင် သွင်းကုန်နှင့် ပတ်သက်၍ ညွှန်ကြားချက်အမျိုးမျိုး ထုတ်ပြန်နေသဖြင့် ရှုပ်ထွေးနေပြီး လုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲနေကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်မှ သွင်းကုန်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

“ပိုဆိုးဖို့ပဲ ရှိတယ်။ သူတို့က Import (သွင်းကုန်) ကို ဘာမှ ပေးမလုပ်စေချင်တာ။ ပြည်တွင်းမှာ ထုတ်နိုင်တယ်လို့ပဲ ထင်နေတာ။ ပြည်တွင်းဖြစ်ကို အားပေးပါတို့ ဘာတို့ လုပ်ချင်တာ။ ဒါပါပဲ” ဟု အမည်မဖော်လိုသည့် ထိုလုပ်ငန်းရှင်က ဆိုသည်။

သွင်းကုန်များကို ကန့်သတ်ပိတ်ပင်ထားသည့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ၎င်းတို့ စီမံခန့်ခွဲနေသည့် ကာလတွင် ကုန်သွယ်ရေးလိုငွေမပြကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို ဦးစားပေးကြောင်း မကြာခဏ ပုံဖော်ပြောဆိုလေ့ရှိသည်။

မြန်မာနိုင်ငံသည် စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးနှင့် အထည်ချုပ်ကဲ့သို့ စက်မှုကုန်ကြမ်းပစ္စည်းကို ပြည်ပမှ အဓိကတင်သွင်းရပြီး သွင်းကုန်များထိန်းချုပ်မှုကြောင့် ပစ္စည်းရှားပြီး ဈေးတက်လာကြောင်းလည်း စီးပွားရေးအသိုင်းအဝိုင်းကဆိုသည်။

တစ်ပြိုင်တည်းတွင် သွင်းကုန် ဆက်လက်ပိတ်ပင်ထားပါက နယ်စပ်မှ မရရသည့်နည်းဖြင့် ကုန်ပစ္စည်းများ တင်သွင်းလာနိုင်သဖြင့် မှောင်ခိုဈေးကွက်လည်း ကြီးလာနိုင်ကြောင်း ကုန်သည်များက သုံးသပ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button