သတင်း

ပြည်ပသွင်းကုန်များကို စစ်ကောင်စီ ထပ်မံထိန်းချုပ်

စစ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး တလိမ့်ခေါက်ကွေးကျဆင်းနေချိန်တွင် အမေရိကန်ဒေါ်လာသုံး၍ ဝယ်ယူရသည့် ပြည်ပသွင်းကုန်များကို စစ်ကောင်စီက ထပ်မံထိန်းချုပ်လိုက်သည်။ 

ကိုဗစ်နိုင်တင်း(Covid-19) ကြောင့် စီးပွားရေးထိခိုက်သွားမှုကို ပြန်ကုစားရန်၊ ကုန်သွယ်မှုစနစ်တကျရှိရန်၊ နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းညှိရန်အကြောင်းပြချက်ဖြင့် တင်သွင်းလိုလျှင် လိုင်စင်လျှောက်ထားရမည့် စာရင်းတွင် လူသုံးကုန်အချို့ကိုပါ ထည့်သွင်းလိုက်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၉ တွင် ထုတ်ပြန်သည်။

ကုန်သွယ်မှုပမာဏတိုးတက်ရန်နှင့် လျင်မြန်ချောမွေ့ရန် ပြည်ပမှ တင်သွင်းသည့် လူသုံးကုန်စည်များ လိုင်စင်လျှောက်ထားရမှုမှ ကင်းလွတ်ခွင့်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က ဖြေလျှော့ပေးခဲ့သော်လည်း ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ကားတင်သွင်းမှု ပိတ်ပင်လိုက်သလို သွင်းကုန်များကိုလည်း လိုင်စင်စနစ်ဖြင့် ထပ်မံ တင်းကျပ်လိုက်ခြင်းဖြစ်သည်။

စီးပွား/ကူးသန်း၏ အထက်ပါ ကြေညာချက်အရ ၂၀၂၂ ဇန်နဝါရီ ၁ မှစ၍  အီလက်ထရွန်နစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်နှင့် လူသုံးကုန်၊ စက္ကူပစ္စည်းနှင့် ဆောက်လုပ်ရေးပစ္စည်းများပါ လိုင်စင်လျှောက်ထားပြီးမှသာ တင်သွင်းခွင့်ရတော့မည်ဖြစ်သည်။

ဒေါ်လာဈေးမြင့်တက်မှုကို ထိန်းချုပ်လိုသည့် စစ်ကောင်စီ၏ ယခုဆောင်ရွက်ချက်သည် နည်းလမ်းမမှန်ကြောင်း၊ ခေတ်နောက်ပြန်ဆွဲနေသည့်အပြင် မှောင်ခိုကုန်သွယ်မှု ခေါင်းပြန်ထောင်လာနိုင်ကြောင်း မန္တလေးမြို့မှ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။

“မှောင်ခိုကုန်သွယ်မှုဘက်ကို ရောက်သွားမှာပဲ။ သူတို့ဝန်ထမ်းတွေ လုပ်စားသွားမှာပဲ။ ဒါရှင်းရှင်းလေးပဲ။ နိုင်ငံတော်အတွက် ဘာအကျိုးအမြတ်မှ မရှိနိုင်ဘူး။ မသမာသူနဲ့ မသမာတဲ့ဝန်ထမ်းနဲ့ ပေါင်းပြီးလုပ်စားတဲ့ ခွင်ကြီးတစ်ခုဖြစ်သွားမှာပဲ” ဟု အမည်မဖော်လိုသည့် ထိုလုပ်ငန်းရှင်က ဆိုသည်။

သွင်းကုန်လိုင်စင်လျှောက်ရမည့်လုပ်ငန်းစဉ်များကြောင့် ကုန်ပစ္စည်းတင်သွင်းရန်  ဒေါ်လာကို ကြိုတင်ဝယ်ထားရမည်ဖြစ်ကြောင်း၊ လိုင်းစင်ကြေးများကြောင့် စရိတ်တက်လာမည့်အပြင် ကုန်သွယ်ရာတွင် အချိန်ပိုမိုကြန့်ကြာလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းရာတွင် ပစ္စည်းဝယ်ယူပြီး ၁၁၅ မိုင် ကုန်သွယ်ရေးဇုန်တွင် အကောက်ခွန်ပေးဆောင်၍ အချိန် ၄ ရက်ခန့်ဖြင့် မန္တလေးသို့အရောက် သယ်ယူနိုင်သော်လည်း လိုင်စင်လုပ်ငန်းစဉ်ကြောင့် အချိန်ပိုကြာလာမည်ဟု ထိုသူက သုံးသပ်သည်။

ထုတ်ပြန်ချက်နှင့် ပတ်သက်၍ စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ပြောဆိုမှုမရှိသေးပေ။

စစ်ကောင်စီသည် ဒေါ်လာဈေးနှင့် စက်သုံးဆီဈေးမြင့်တက်မှုကို အကြောင်းပြကာ ပြီးခဲ့သည့် စက်တင်ဘာက ပြည်ပမှ ကားတင်သွင်းမှုကို ရပ်ဆိုင်းလိုက်ပြီး လူတစ်ဦးချင်း၊ ယာဉ်အိုဟောင်းစလစ်၊ ကားအရောင်းစင်တာနှင့် ပြခန်းများအတွက် တင်သွင်းမှုများကို ပိတ်ပင်ထားခဲ့သည်။

လက်ရှိတွင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားမှာ ဈေးကွက်ပျက်သည်အထိ မြင့်တက်နေသည်။ စစ်အာဏာမသိမ်းမီ ဇန်နဝါရီအတွင်းက ၁ ဒေါ်လာလျှင်  ၁,၃၃၇ ကျပ်ရှိသော်လည်း စက်တင်ဘာ ၂၈ တွင် ၂,၂၇၀ ကျပ်၊ ယနေ့(နိုဝင်ဘာ ၁၂) ၁,၇၈၆ ကျပ်အထိ တရားဝင်ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည်။

ပြင်ပဈေးကွက်တွင်မူ တစ်ဒေါ်လာလျှင် ၁,၉၀၀ ကျပ်အထိ ပေါက်ဈေးရှိသည်။

သို့သော် ဒေါ်လာဈေးမြင့်တက်နေခြင်းမှာ သွင်းကုန်နှင့် တိုက်ရိုက်မသက်ဆိုင်ဘဲ ပို့ကုန်ဝင်ငွေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်း၊ ကျပ်ငွေ၏ တန်ဖိုးတည်ငြိမ်မှုအပေါ် မယုံကြည်ခြင်းတို့ကြောင့် အဓိကဖြစ်ကြောင်း၊ ထိုအခြေအနေတွင် မဖြစ်မနေတင်သွင်းရသည့် စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးများအတွက် ပေးချေရန် ဒေါ်လာလိုအပ်ချက် မြင့်တက်လာခြင်းဖြစ်ကြောင်း စီးပွားရေးအသိုင်းအဝိုင်းက သုံးသပ်သည်။

ဒေါ်လာဈေးမြင့်တက်မှုကို ထိန်းကျောင်းရန် စစ်ကောင်စီ၏ ဗဟိုဘဏ်က ဈေးကွက်အတွင်း ဒေါ်လာသန်းချီ ထုတ်ရောင်းနေသလို ပြည်ပသို့ ပို့ကုန်တင်ပို့ပြီး ရရှိလာသည့် ဒေါ်လာများကို ဘဏ်ငွေစာရင်းတွင် အချိန်တစ်လသာ ထားခွင့်ပြုပြီး တစ်လပြည့်ပါက မဖြစ်မနေထုတ်ရောင်းရန် ညွှန်ကြားထားသည်။

ထို့ပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ထုတ်ပြန်သော တားမြစ်ချက်များ ဖောက်ဖျက်သူတိုင်းကို ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်နိုင်သည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၁ နှင့် ၄၄ ကို ပြင်ဆင်ခဲ့သည်။

ပုဒ်မ ၄၁ ပါ ပြင်ဆင်ချက်သည် စည်းကမ်းမလိုက်နာသောကိစ္စရပ်များအားလုံး အကျုံးဝင်ကြောင်း၊ နိုင်ငံခြားငွေဈေးမတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်ချက်နှင့် ပတ်သက်၍ အရေးယူရန်ဖြစ်ကြောင်း စစ်ကောင်စီချုပ်ကိုင်ထားသော ဗဟိုဘဏ်က အောက်တိုဘာ ၈ တွင် သတင်းထုတ်ပြန်သည်။

ဘဏ်က ရောင်းချသော ဒေါ်လာကို သုံးစွဲရန်မဟုတ်ဘဲ လက်ဝယ်ထားရှိခြင်း၊ ဈေးကစားခြင်းကို စိစစ်ရန်၊ ပို့ကုန်ရငွေ သတ်မှတ်ကာလအတွင်း ပြန်မရောက်သောကုမ္ပဏီများကို တရားစွဲဆိုရန် ဆောင်ရွက်နေကြောင်း၊ ဇိမ်ခံပစ္စည်းများလျှော့ချကာ ကုန်စည်အချို့ကို ကုန်အမည်တစ်ခုချင်းစီအလိုက် လိုင်စင်လျှောက်ပြီးမှ တင်သွင်းရန် ဆောင်ရွက်နေကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အာဏာသိမ်းမှုကြောင့် ပြည်ပကုန်သွယ်မှုကျဆင်းနေသလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ကတိကဝတ်များ ကျဆင်းလျက်ရှိကာ ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံတကာကုမ္ပဏီများ ထွက်ခွာနေသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းများရပ်ဆိုင်းရန် သို့မဟုတ် နိုင်ငံတွင်းမှ အပြီးထွက်ခွာရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံတကာကုမ္ပဏီကြီး ၁၁ ခုရှိကြောင်း ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

စစ်အာဏာသိမ်းမှုဖြစ်စဉ်နှင့် ကိုဗစ်နိုင်တင်း (Covid-19) တတိယလှိုင်းရိုက်ခတ်မှုကြောင့် မြန်မာ့စီးပွားရေးသည် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ၁၈ ရာခိုင်နှုန်း ကျုံ့သွားမည်ဖြစ်ကာ ဆင်းရဲနွမ်းပါးသူ နှစ်ဆမြင့်တက်သွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ပြီးခဲ့သည့် ဇူလိုင် ၂၆ တွင် ထုတ်ပြန်ခဲ့သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button