သတင်း

ချင်းရွှေဟော်နယ်စပ်လမ်းတွင် တိုက်ပွဲဖြစ်၊ ကုန်ကားများပိတ်မိနေ

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော  ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊  ချင်းရွှေဟော်နယ်စပ်ဂိတ်လမ်းတွင် တိုက်ပွဲဖြစ်နေပြီး ကုန်စည်သယ်ယူရေး ရပ်တန့်နေကြောင်း ဒေသခံများနှင့်ကုန်ကားမောင်းသူများ က ပြောသည်။

အောက်တိုဘာလ ၆ ရက်နေ့က သိန်းနီမြို့နှင့် ၁၀မိုင်ခန့်အကွာ ကွန်ကောက်ကျေးရွာအနီးသို့  အင်အား ၃၀ ဝန်းကျင်ရှိ  စစ်ကောင်စီ စစ်ကြောင်းတက်လာ၍ ထိုရွာအနီးတွင်  ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲ ဖြစ်ခဲ့သည်ဟု ရွာခံများထံမှ သိရသည်။

KIA က လမ်းကို ကုန်ကား ၃ စီးဖြင့်  ကန့်လန့် ဖြတ် ပိတ်ဆို့ထားခဲ့သည်ဟု ဆိုသည်။

သိန်းနီမြို့အထိုင်တပ်များကလည်း တိုက်ပွဲဖြစ်ရာနေရာအနီးကို လက်နက်ကြီးပစ်ကူခဲ့ကြောင်း ဒေသခံများက ဆိုသည်။ 

ထိုတိုက်ပွဲမတိုင်ခင် အောက်တိုဘာ ၄ ရက်ကတည်းက ထိုရွာအနီး ဖြတ်သန်းသွားလာနေသော ကုန်ကားများ ထံမှ KIA က အခွန်ကောက်ယူနေကြောင်း ပြောကြသည်။

အထက်ပါအခြေအနေများကြောင့် ကွန်ကောက်ကျေးရွာအပါအဝင် အနီးအနား ရွာပေါင်း ၅ ရွာခန့် မှ ဒေသခံ တစ်ထောင်ကျော်သည် နီးစပ်ရာ တောင်ယာများတွင်  တိမ်းရှောင်ခိုလှုံနေကြရသည်၊ သိန်းနီမြို့အနီး ဟိုမိန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေရသူများလည်းရှိသည်ဟု သိရသည်။

ကျေးရွာ ပစ်ခတ်ခံရမည်ကို စိုးရိမ်သဖြင့် KIA ကို ရွာထဲမှ ထွက်သွားရန် တောင်းဆိုကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“KIAကို ရွာကလူကြီးရော ဘုန်းကြီးတွေရော သွားတောင်းပန်တယ်….ရွာထဲ မနေဖို့ပေါ့။ ဒါပေမယ့် ပြောလို့ မရဘူး။ အခုထိ ရွာထဲမှာပဲနေတော့ စစ်ကောင်စီက ရွာထဲ လက်နက်ကြီးတွေ ပစ်ထည့်နေတာလေ။ ရွာမှာလည်း ဘယ်သူမှ မနေရဲကြတော့ဘူး။ အခုလေးတင် လက်နက်ကြီးတွေ ပစ်နေတာ” ဟု အမည်မဖော်လိုသည့် ကွန်ကောက်ကျေးရွာသားတစ်ဦးက ယမန်နေ့ နံနက်က ပြောသည်။

သိန်းနီမြို့ အထိုင်တပ်များက လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေသောကြောင့် ကွန်ကောက်ရွာရှိ နေအိမ် ၅ လုံးနှင့် ဘုန်းကြီးကျောင်း လက်နက်ကြီးထိမှန်ပျက်စီးကြောင်း သိရသည်။

လက်နက်ကြီး ထိမှန်ထားသော ကွန်ကောက်ကျေးရွာဘုန်းကြီးကျောင်းအား အောက်တိုဘာ ၇ က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

တရုတ်နိုင်ငံသို့ တင်ပို့မည့် ပို့ကုန်များ တင်ဆောင်လာသော ကုန်တင်ကားများမှာ ပစ်ခတ်မှုများကြောင့်   အောက်တိုဘာ ၆ ရက်နေ့ကတည်းက သိန်းနီ တိုးဂိတ်အနီး ရပ်နားထားရသည်၊ တရုတ်ပစ္စည်းတင် ကုန်တင်ကားများလည်း သိန်းနီမြို့နယ်၊ နမ့်စလပ်ရွာအနီး ရပ်နားထားရသည်။

လမ်းပိတ်ထားသော KIA က သွင်းကုန်ကားသမားများကို အခွန်ပေးဆောင်ရန် အောက်တိုဘာ ၈ ရက်နေ့ နံနက်တွင် ခေါ်ယူပြောဆို ခဲ့ကြောင်း  အမည်မဖော်လိုသော ကုန်ကားသမားတစ်ဦးက ပြောသည်။  

“အခွန် မပေးကြတော့ ကြန့်ကြာနေတာရယ် …စစ်တပ်ဘက်ကလည်း စစ်ကြောင်းထိုးလာတော့ လမ်းပိတ်လိုက်တယ်လို့ ထင်တာပဲ။ ကုန်ကားတစ်စီးကို သိန်း ဆယ်ဂဏန်းတောင်းတယ်။ သိန်းနီဘက် ဆင်းဖို့ စောင့်နေကြတာ ၅ ရက်လောက် ရှိပြီလေ၊ ကားတွေ တန်းစီနေကြတာပဲ။ သွင်းကုန်ရော ပို့ကုန်ရော ဘယ်လိုမှ သွားလို့မရဘူးလေ” 

KIA က လမ်းမကြီးပေါ် တွင် ဆက်လက် သွားလာလှုပ်ရှားနေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လားရှိုးမြို့ဘက်မှ စစ်အင်အား ဖြည့်တင်းနေသောကြောင့် အခြေအနေ တင်းမာနေဆဲဖြစ်သည်။  

 KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာတွင်  ထိုမြို့နယ်အတွင်း လမ်းပိတ်ဆို့၍ အခွန်ကောက်ခံနေသည်ဟူသော ဖြစ်စဉ်ကို မသိရှိရသေးဟု ပြောသည်။

“အခွန် ကောက်နေတာတော့ မကြားမိပါဘူး၊ အတည်ပြုပြောလို့ မရပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ၃ရက်လောက်က ကျွန်တော်တို့အုပ်ချုပ်ရေးပိုင်းတွေကိုတော့ ခွင့်ပြန်နေချိန်မှာ နမ့်စလပ်ရွာအနီး စစ်ကောင်စီဘက်က ဝိုင်းပြီး ဖမ်းတာတော့ ရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ယမန်နေ့က ပြောသည်။

တရုတ်ပစ္စည်းတင် ကုန်ကား  ၃၀၀ ခန့်  နမ့်စလပ်ကျေးရွာအနီး ပိတ်မိနေကြောင်း၊  ချင်းရွှေဟော် နယ်စပ်ဂိတ်သို့ သွားမည့် ပို့ကုန်ကားများ နောက်ပြန်လှည့်ကာ မူဆယ် (၁၀၅)  မိုင်ကုန်သွယ်ရေးဇုန် ဘက်ကို ဦးတည် ထွက်ခွာသွားကြောင်း ဒေသခံများထံမှ ယမန်နေ့ နံနက်တွင် သိရသည်။

မြန်မာနိုင်ငံ ချင်းရွှေဟော်မြို့မှ တရုတ်နိုင်ငံ မိန်းတိန်မြို့သို့ ပို့သည့်ကုန်များထဲတွင် ဆန်၊ ပဲအမျိုးမျိုး၊ ကြံ၊ မီးသွေးတို့ ပါဝင်သည်၊ တရုတ်ဘက်မှ အိမ်သုံးပစ္စည်းများကို တင်သွင်းကြသည်၊ ထိုလမ်းသည် တရုတ်-မြန်မာ ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်နေသည်။ 

ယခုနှစ် စက်တင်ဘာလဆန်းအတွင်း  ချင်းရွှေဟော်နယ်စပ်လမ်းကြောင်းပေါ်ရှိ  ကွမ်းလုံတံတားသစ် ကို တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်ပြီးစီးခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွားရေးကို တိုးမြှင့် လုပ်ဆောင်သွားမည်ဟု တံတားသစ်ဖွင့်ပွဲတွင်  နှစ်နိုင်ငံကိုယ်စားလှယ်များက ပြောထားကြသည်။

ယခုနှစ်ဆန်းပိုင်းတွင်လည်း လောက်ကိုင်မြို့သို့လာသည့် စစ်ကောင်စီ စစ်ယာဉ်တန်းများကို ကိုးကန့်တပ်မတော် (MNDAA) က သိန်းနီမြို့နယ်၊ နမ့်စလပ်ကျေးရွာအနီး စောင့်ကြို တိုက်ခိုက်ခဲ့သည်။

သိန်းနီမြို့အနီးတွင် MNDAA,  KIA နှင့်  တအာင်းတပ်မတော် (TNLA) တို့ အခြေစိုက်လှုပ်ရှားနေသည်။ 

ချင်းရွှေဟော် နယ်စပ်ဂိတ်လမ်းကြောင်းတွင် ကွန်ကောက်ရွာအနီး လမ်းပိတ်ဆို့ထားသော ကုန်ကားတစ်စီး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button