စီးပွားရေး

နိုင်ငံခြားငွေလိုနေသည့် စစ်ကောင်စီ ကုန်တင်သွင်းမှု ထပ်မံကန့်သတ်

ပြည်ပမှပစ္စည်း တင်သွင်းသူတို့က အကောက်ခွန်ဌာနတွင် ကုန်သိုလှောင်ထားပြီး သွင်းကုန်လိုင်စင်ရမှ ထုတ်ယူကြသည်။ ယခုအခါ စစ်ကောင်စီက ထိုနည်းလမ်းကိုလည်း ဟန့်တားလိုက်သည်။

နိုင်ငံခြားငွေ ပြည်ပစီးထွက်မှုကို ထိန်းချုပ်ကန့်သတ်နေသော စစ်ကောင်စီက သွင်းကုန်လိုင်စင်ခွင့်ပြုချက်မရမီ ကုန်ပစ္စည်းတင်သွင်းမှုကို အရေးယူရန် ထပ်မံပြင်ဆင်နေသည်။

လာမည့် ဇူလိုင် ၁ ရက်နေ့မှ စတင်ကာ သွင်းကုန်လိုင်စင် (ပါမစ်အပါအဝင်) ခွင့်ပြုချက်မရှိသေးမီ တင်သွင်းလာသော သွင်းကုန်များ ဆိပ်ကမ်းနှင့် လေဆိပ်များသို့ ကြိုတင်ရောက်ရှိလာပါက ထိုကုမ္ပဏီကို ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အရေးယူမည်ဟု စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေ ၃၀ ရက်နေ့တွင် ကြေညာသည်။

သွင်းကုန်လုပ်ငန်းရှင်အများစုသည် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းရာတွင် ကုန်စည်များ သင်္ဘောတင်ရန်အချိန်၊ သွင်းကုန်လိုင်စင်ကျမည့်အချိန်၊ မြန်မာနိုင်ငံသို့ ကုန်ရောက်မည့်အချိန် အစရှိသည်များကို တွက်ဆကာ တင်သွင်းရခြင်းဖြစ်သည်။

ယခုအခါ သွင်းကုန်ပါမစ်ချပေးမှု ကြန့်ကြာလာခြင်းကြောင့် ကုန်သည်များ နစ်နာနေကြောင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။

“အခုက လိုင်စင်တွေက တင်ထားတယ်၊ သို့သော် ချမပေးတာ၊ မကျတာတွေက များလာတယ်။ ၅ လ၊ ၆ လ​လောက် ခန့်မှန်းပြီး ကြိုလျှောက်ရင်တောင် လိုင်စင်က မရဘူး” ဟု သူက ပြောသည်။

ထိုအခြေအနေများကြောင့် လုပ်ငန်းရှင်များက အလုပ်ဖြစ်နိုင်သည့် နည်းလမ်းကို အသုံးပြု လုပ်ကိုင်နေကြရသည်ဟုလည်း ထိုလုပ်ငန်းရှင်က ပြောသည်။

ထိုနည်းလမ်းမှာ သွင်းကုန်လိုင်စင် ကြိုတင်ရယူရန်မလိုဘဲ အကောက်ခွန်ကုန်လှောင်ရုံတွင် ကုန်သိုလှောင်ခွင့်လျှောက်ထားကာ တင်သွင်းသိုလှောင်သည့် နည်းလမ်းဖြစ်သည်။

ထိုနည်းလမ်းမှာ ပြည်ပမှ တင်သွင်းလာသော ကုန်ပစ္စည်းများကို သွင်းကုန်လိုင်စင်မရရှိမီ ဆိပ်ကမ်းရှိ ကုန်စည်သိုလှောင်ရုံတွင် အချိန်ကာလတစ်ခုအထိ သိုလှောင်ထားနိုင်ပြီး လိုင်စင်ရရှိမှ ထိုကုန်ပစ္စည်းကို ထုတ်ယူရောင်းချခြင်းဖြစ်သည်။

သို့သော် ကုန်စည်အမျိုးအစား ၄ မျိုးကို လာမည့် ဇွန်လ ၇ ရက် နောက်ပိုင်းမှ ကုန်စည်သိုလှောင်ရုံတွင် သိုလှောင်ခွင့်ပြုထားသည်။

ထို ၄ မျိုးမှာ လျှပ်စစ်သုံးယာဉ်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းများနှင့် စက်မှုလုပ်ငန်းသုံး ဓာတုကုန်ကြမ်းပစ္စည်းများ၊ စားသောက်ကုန်ကြမ်းများ ဖြစ်သည်။

ယခင်က ကုန်သည်လုပ်ငန်းရှင်များ သွင်းကုန်တင်သွင်းရာတွင် ပိုမိုလွယ်ကူစေရန် ရည်ရွယ်ပြီး သွင်းကုန်လိုင်စင်ကြိုတင်ရရှိရန် မလိုဘဲ ထိုစနစ်ဖြင့် စိုက်ပျိုးရေးသွင်းအားစု၊ CMP အထည်ချုပ် ကုန်ကြမ်းများ အပါအဝင် ကုန်ပစ္စည်း ၁၄ မျိုးအထိ တင်သွင်းသိုလှောင်ထားနိုင်ကြောင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စီးပွား/ကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုညွှန်ကြားချက်ထုတ်ပြီး အချိန် ၆ လဝန်းကျင်မှာပင် စစ်ကောင်စီသည် နိုင်ငံခြားငွေ အကြီးအကျယ်လိုအပ်မှုကြောင့် ဒေါ်လာဖြင့် ငွေပေးချေပြီး ပြည်ပမှ တင်သွင်းရသော သွင်းကုန်များကို ကန့်သတ်ထိန်းချုပ်ရန် ပြန်လည်ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

“ဒီကန့်သတ်ချက်တွေက ပုံမှန်ကုန်သွယ်ရေးလုပ်နေတဲ့သူတွေ အဓိက ပင်လယ်ရေကြောင်းကနေ ကုန်သွယ်ရေးလုပ်ပြီး အရောင်းအဝယ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေအတွက် အခက်အခဲဖြစ်သွားလိမ့်မယ်” ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သို့သော် အထည်ချုပ်လုပ်ငန်းအတွက် သက်ရောက်မရှိနိုင်ကြောင်း သူက ဆိုသည်။

အထည်ချုပ်လုပ်ငန်းများသည် ဝယ်ယူသူဘက်မှ အမှာစာ လက်ခံရရှိပြီးပါက အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် စီးပွား/ကူးသန်းဝန်ကြီးဌာနသို့ တင်ပြကာ လိုင်စင်လျှောက်ထားပြီးမှ ကုန်ကြမ်းတင်သွင်းရခြင်းဖြစ်သည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ် (ဧပြီ ၁ မှ မတ် ၃၁) အထိ ပြည်ပမှ သွင်းကုန်တင်သွင်းမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံကျော်အထိရှိသည်။ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ကာလတူတွင် ရှိခဲ့သော သွင်းကုန်တင်သွင်းမှုတန်ဖိုးသည် ဒေါ်လာ ၁၇ ဘီလျံကျော်အထိ ရှိခဲ့သည်၊ သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၂ ဘီလျံနီးပါး လျော့ကျသွားခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

နိုင်ငံခြားသုံးငွေ ပြတ်လပ်လာ၊ ကုန်သွယ်ရေးလိုငွေမြင့်တက်လာ၊ ကျပ်ငွေတန်ဖိုးကျဆင်းပြီး ဒေါ်လာနှင့် ရွှေဈေးနှုန်း တစ်ဟုန်ထိုးမြင့်တက်လာချိန် စစ်ကောင်စီသည် ပြည်ပကုန်စည်ကူးသန်းရောင်းဝယ်မှုတွင် နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်မည့် ကုန်ဖလှယ်သည့်စနစ်ကို ကျင့်သုံးရန်လည်း စီစဉ်နေသည်။

စစ်ကောင်စီ၏လုပ်ရပ်ကြောင့် မှောင်ခိုစျေးကွက် ကြီးလာနိုင်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။

“အဓိကက သူတို့မှာ (စစ်ကောင်စီ) နိုင်ငံခြားအရန်ငွေက မရှိတော့ဘဲ ငွေက တဖြည်းဖြည်းနည်းလာတဲ့အခါမှာ ရသမျှ ထွက်နိုင်မယ်ဆိုတဲ့အပေါက်တွေကို အကုန်လိုက်ပိတ်တာပေါ့။ အဲဒီသဘောပါပဲ။ သူတို့ကန့်သတ်တာတွေများလေ မှောင်ခိုစျေးကွက်က ပိုကြီးလေပဲ” ဟု သူက ပြောသည်။

တိုင်းပြည်စီးပွားရေးကျဆင်းခြင်း၊ လျှပ်စစ်မီးမမှန်ခြင်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းတို့ကြောင့် ပို့ကုန်တင်ပို့နိုင်မှု လျော့ကျကာ ကုန်သွယ်မှုလိုငွေ မြင့်တက်လာမှုဒဏ်ကို စစ်ကောင်စီ ရင်ဆိုင်နေရသည်။

Show More

Related Articles

Back to top button