နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ ၁၂၃ ခု( Money Changers License) ကို စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လိုင်စင်ရုပ်သိမ်းလိုက်သည်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားငွေစီမံခန့်ခွဲမှု စည်းမျဉ်းနှင့် ညွှန်ကြားချက်များကို မလိုက်နာ၍ဖြစ်ကြောင်း ယနေ့ထုတ် စစ်ကောင်စီ ထိန်းချုပ်သတင်းစာများတွင် ဖော်ပြထားသည်။ ပိတ်သိမ်းခံရသည့် ကုမ္ပဏီများထဲတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများပါဝင်နေကြောင်း တွေ့ရသည်။
ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့် ချက်ထီရံဟိုတယ်တွင် ဖွင့်လှစ်ထားသည့် Royal Lake Hotel Co., Ltd ,ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် Amata အုပ်စု၏ ကုမ္ပဏီခွဲ Amata International Co., Ltd, ကွယ်လွန်သူ ထိပ်သီးစီးပွားရေးသမား တော်ဝင်ဦးကိုကိုထွေးပိုင် Taw Win Family Construction Co., Ltd, ဆီဒိုးနားဟိုတယ်၏ Sedona Hotel (Straits Greenfield Limited) တို့ကဲ့သို့ လူသိများသည့် ငွေလဲလုပ်ငန်းများမှာလည်း ပိတ်ပင်ခံရသည့် စာရင်းတွင် ပါဝင်သည်။
ငွေလဲခွင့် လိုင်စင်ပိတ်သိမ်းခံရသည့် လုပ်ငန်းများအနက် Pyae Hein Kyaw နှင့် တက်တိုးအောင်ကုမ္ပဏီတို့ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် အကြောင်းကြားစာမရရှိသေးကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူများအကြား ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ခုမှ ပြန်မေးဖို့ လုပ်တုန်းပါ။ ကျွန်တော်တို့လည်း ဘာမှန်းမသိသေးဘူး” ဟု Pyae Hein Kyaw Co,Ltd မှ အမည်မဖော်လိုသည့် တာဝန်ရှိသူ အမျိုးသားက ပြောသည်။
မြန်မာကျပ်ငွေတန်ဖိုး မတည်ငြိမ်၍ သူ၏ကုမ္ပဏီက ငွေလဲလုပ်ငန်း ပိတ်သိမ်းထားသည်မှာ သုံးလဝန်းကျင်ရှိပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့က ခဏနားထားလို့။ ပိတ်ထားတာ နည်းနည်းကြာသွားလို့ (လည်း) ဖြစ်နိုင်တယ်”။
စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် နိုင်ငံခြားငွေလဲလုပ်ငန်းလုပ်ကိုင်သူ အခြားအမျိုးသားတစ်ဦးက ၎င်း၏ လုပ်ငန်းလိုင်စင်အသိမ်းမခံရသော်လည်း ထိုဂယက်ကို စောင့်ကြည့်နေရသည်ဟု ပြောသည်။
“ဘာဖြစ်မလဲဆိုတော့ အစိုးရမူဝါဒအပေါ်ပဲ မူတည်မယ် ထင်တယ်။ အတိအကျတော့ မပြောနိုင်ဘူး”။
အာဏာသိမ်းစစ်တပ်က နည်းလမ်းမျိုးစုံ ပိတ်ဆို့အရေးယူနေရာ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ မလိုက်နာဆိုသော အကြောင်းပြချက်ဖြင့် ငွေလဲကောင်တာများကို မကြာခဏ ပိတ်သိမ်းနေသည်။ လွန်ခဲ့သည့် မတ်က ကုမ္ပဏီ အခု ၂၀ ၊ ဩဂုတ်က ကုမ္ပဏီ ၁၃ ခုတို့ နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ်ခွင့်လိုင်စင် ပိတ်သိမ်းခံရသည်။
အရပ်သားအစိုးရကို ဖြတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် သုံးနှစ်နီးပါးအတွင်း မြန်မာကျပ်ငွေတန်ဖိုး ထိုးဆင်းနေရာ စစ်ကောင်စီက နိုင်ငံခြားငွေဖြင့် လဲလှယ်နှုန်းထားကို ပြင်ပပေါက်ဈေးထက် များစွာလျှော့၍ သတ်မှတ်ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။ သို့သော် မအောင်မြင်ပေ။
ထို့အတူ သင်္ဘောသား၊ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူ စသဖြင့် နိုင်ငံခြားငွေဖြင့် ဝင်ငွေရနေသူများ၊ ပို့ကုန်၊ သွင်းကုန်နှင့် နိုင်ငံရပ်ခြားမှ လာရောက် ရင်းနှီးမြှုပ်နှံသူများ၏ အမေရိကန်ဒေါ်လာပိုင်ဆိုင်မှုများကို ၎င်းတို့သတ်မှတ်ထားသည့် တစ်ဒေါ်လာ ၂၁၀၀ ကျပ်နှုန်းဖြင့် စစ်ကောင်စီက မဖြစ်မနေလဲလှယ်စေကာ ဒေါ်လာအေးဓားပြတိုက်နေသည်။ ပြင်ပဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာကျပ် ၃၀၀၀ အထက် ပေါက်ဈေးရှိသည်။
စစ်ကောင်စီအာဏာသိမ်းပြီး နှစ်နှစ်အတွင်း ငွေကြေးဈေးကွက်ကို အမိန့်ညွှန်ကြားချက်များကို သုံး၍ ထိန်းချုပ်နေသည်။ ၁၉၉၀ နောက်ပိုင်း အာဏာရှင်ဟောင်း ဦးသန်းရွှေ ကျင့်သုံးခဲ့သည့် လမ်းဟောင်းကြီးအတိုင်း ဒေါ်လာကို ထိန်းချုပ်နေရာ တိုင်းပြည်အတွင်း မှောင်ခိုဈေးကွက် ပြန်လည်ကြီးထွားနေသည်။
၂၀၂၁ ဖေဖော်ဝါရီတွင် ပြည်သူမဲပေးရွေးချယ်ထားသည့် အစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ စစ်မီးဝိုင်းနေပြီး နိုင်ငံတကာပိတ်ဆို့မှုမျိုးစုံ ကြုံနေရသည့် စစ်ကောင်စီအတွက် အမေရိကန်ဒေါ်လာအရေးကိစ္စမှာ အထူးခေါင်းခဲစရာဖြစ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)