အမေရိကန်ဒေါ်လာစျေး ထိန်းမနိုင်သိမ်းမရ မြင့်တက်လာခြင်းမှာ ဟွန်ဒီငွေလဲသူများကြောင့်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အပြစ်တင်လိုက်ပြီး ငွေကြေးလုပ်ငန်း လုပ်ကိုင်နေသူများထဲမှ ၉၃ ဦးကို အရေးယူမည်ဟု ယမန်နေ့က သတင်းထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြင်ပငွေကြေးဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၄,၈၀၀ ကျပ် ဝန်းကျင်ရှိရာမှ ယခုသီတင်းပတ် ကျပ် ၅,၅၀၀ ကျော်လာချိန်တွင် စစ်ကောင်စီက ယင်းကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလအတွင်း တစ်ဒေါ်လာလျှင် ၁,၃၀၀ ကျပ်သာ ရှိခဲ့ရာ စစ်ကောင်စီလက်ထက် သုံးနှစ်ခွဲအတွင်း ဒေါ်လာစျေး လေးဆကျော် တက်သွားခဲ့သည်။
အရေးယူခံရမည့် ၉၃ ဦး၏ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်နံပါတ်များကို သတင်းထုတ်ပြန်ချက်တွင် ပူးတွဲဖော်ပြထားပြီး ထိုသူတို့မှာ တရားမဝင်ဒစ်ဂျစ်တယ်ငွေကြေး လဲလှယ်လုပ်ငန်း၊ လိုင်စင်မဲ့ငွေလဲလုပ်ငန်း (ဟွန်ဒီ) လုပ်ကိုင်သူများ၊ နိုင်ငံခြားငွေကြေးကစားသူများဖြစ်ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။
၎င်းတို့၏ ဘဏ်စာရင်းများ၊ ငွေပေးချေအကောင့်များကို ယာယီဆိုင်းငံ့လိုက်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။
ထိုသူတို့ လုပ်ကိုင်သည့် လုပ်ငန်းများမှာ ထောင် ၂ နှစ်မှ ၅ နှစ်အထိ၊ ဒဏ်ငွေ ကျပ်သန်း ၅၀၀ အထိ ချမှတ်နိုင်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ ထောင် ၁၀ နှစ်အထိ ချနိုင်သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတို့နှင့် ငြိစွန်းသည်ဟု ဆိုသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက လူ ၄၀ နှင့် ဇွန်လဆန်းတွင် လူ ၃၉ ဦးကို အလားတူ အရေးယူခဲ့သည်။

ထို့ပြင် ညွှန်ကြားချက်မလိုက်နာဟုဆိုကာ Reliance Ville ကုမ္ပဏီကို နိုင်ငံခြားငွေလဲလှယ်ခွင့်လိုင်စင် ရုပ်သိမ်းခဲ့ရာ ၂၀၂၃ နှစ်ဆန်းမှ ဩဂုတ်လဆန်းထိ တစ်နှစ်ခွဲကျော်အတွင်း ငွေလဲလုပ်ငန်းလိုင်စင်ပေါင်း ၁၉၄ ခုအထိ ရုပ်သိမ်းပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။
ဒေါ်လာဈေးတက်လာတိုင်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူများကို အဖမ်းပြပြီး ဈေးထိန်းရန် ကြိုးစားခြင်းမှာ စစ်ဗိုလ်ချုပ်ကြီးများ၏ တစ်ခုတည်းသော ဈေးကွက်ထိန်းကျောင်းမှုပုံစံဖြစ်ပြီး အဖမ်းအဆီးကြမ်းနေချိန် ဈေးအေးသော်လည်း မကြာမီ အဆပေါင်းများစွာ ထိုးတက်ကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် ကုန်သည်အမျိုးသားတစ်ဦးက ဝေဖန်သည်။
“ဈေးကျဖို့ မမြင်ဘူး။ မှောင်ခိုစျေးက အတက်ပဲရှိတယ်။ သမဝါယမစနစ်လည်း လုပ်မယ်ဆိုတော့ ပိုဆိုးလာဖို့ပဲရှိတယ်။ နိုင်ငံခြားက ဝင်မကူဘဲတော့ FX (နိုင်ငံခြားငွေအကျပ်အတည်း) ကို မကယ်နိုင်ဘူး၊ တစ်ခုတော့ရှိတယ်၊ ကာကွယ်ရေးနဲ့ အခြားအုပ်ချုပ်ရေးအသုံးစရိတ် လျော့ရင်တော့ ကျလောက်မယ် ထင်တယ်” ဟု ၎င်းက ပြောသည်။
လတ်တလောအခြေအနေများအရ စီးပွားရေးတိုးတက်ရန် သမဝါယမစနစ်သည် အကောင်းဆုံးဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးမှ ကုန်ထုတ်စက်မှုလုပ်ငန်းအထိ သမဝါယမအသင်းများဖွဲ့စည်းရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၂၉ အစည်းဝေးတွင် ပြောဆိုထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားအရန်ငွေ ရှားပါးလာသည့် စစ်ကောင်စီက ပို့ကုန်ရငွေအပါဝင် နိုင်ငံခြားငွေရပေါက်ရလမ်းများကို ထိန်းချုပ်ထားပြီး ထွက်ငွေများကို အတင်းအကျပ် စိစစ်နေရသည်။ စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးကဲ့သို့ မရှိမဖြစ်ပစ္စည်းများကိုပင် လုံလောက်စွာ မတင်သွင်းနိုင်သလို ပြည်သူလူထုလိုအပ်သည့် နိုင်ငံခြားငွေကို ရောင်းချပေးနိုင်ခြင်းမရှိတော့ပေ။
စစ်ကောင်စီက ဝန်ထမ်းများအတွက် ထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ တိုးပေးမည်ဟု ကြေညာခြင်း၊ နိုင်ငံအလယ်ပိုင်း မန္တလေးမြို့အနီးထိ တိုက်ပွဲများပြင်းထန်လာခြင်းနှင့် အခြားသော မသေချာမှုများကြောင့် ဒေါ်လာနှင့် ရွှေဈေးနှုန်း ဆက်တိုက်တက်လာသည်။
ဒေါ်လာဈေးတက်လာသလို ဒေါ်လာဖြင့် တွက်ချက်၍ ဈေးသတ်မှတ်သည့် အခေါက်ရွှေဈေးမှာလည်း တစ်ကျပ်သား ၆၉ သိန်းအထိ ဈေးဖွင့်မှုများရှိနေသည်။ ယခင်သီတင်းပတ်က ထိုင်းတစ်ဘတ်လျှင် ကျပ်ငွေ ၁၃၀ ဝန်းကျင်သာရှိရာမှ ယနေ့တွင် ၁၄၀ ကျော်လာသည်။
ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးလှုပ်လာသလို ပြည်တွင်းဘဏ်များကို စိတ်မချရခြင်း၊ စတော့ရှယ်ယာနှင့် ကျပ်ငွေတန်ဖိုးကျဆင်းလာခြင်းတို့ကြောင့် ရွှေဝယ်စုရန် ပိုမိုစိတ်ဝင်စားလာကြကြောင်း ဧရာဝတီတိုင်းမှ အမည်မဖော်လိုသည့် ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။



