
နိုင်ငံခြားငွေလဲနှုန်း သတ်မှတ်မှု ရပ်တန့်လိုက်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ထိန်းချုပ်သည့် အွန်လိုင်းနိုင်ငံခြားငွေဈေးကွက်သာမက ပြင်ပဈေးကွက်တွင်ပါ အမေရိကန်ဒေါ်လာဈေး တက်လာသည်ဟု စုံစမ်းသိရှိရသည်။
လိုင်စင်ရဘဏ်များနှင့် ပို့ကုန်သွင်းကုန်သမားများ နိုင်ငံခြားငွေ တရားဝင်ရောင်းဝယ်ရန် စီစဉ်ထားသည့် အွန်လိုင်းဈေးကွက်တွင် ဗဟိုဘဏ်က တစ်ဒေါ်လာ ကျပ် ၂၉၀၀ အထက်ဝန်းကျင်ဖြင့် ရောင်းဝယ်ကြရန် ငွေလဲနှုန်းသတ်မှတ်ပေးခဲ့ရာမှ ဒီဇင်ဘာ ၅ ရက်မှစ၍ ရပ်တန့်လိုက်ခြင်းဖြစ်သည်။
ယခုလ ၁၁ ရက်နေ့ အွန်လိုင်ဈေးကွက်တွင် ဘဏ်နှင့် ပို့ကုန်သွင်းကုန်သမားများက တစ်ဒေါ်လာ ၃,၃၃၉ ကျပ်ဖြင့် အရောင်းအဝယ်လုပ်ခဲ့သည်ဟု စစ်ကောင်စီဗဟိုဘဏ်က ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့ရာ ဒေါ်လာဈေးထိန်းချုပ်မှု လက်လွှတ်ပြီးနောက် တစ်ဒေါ်လာ ကျပ် ၄၀၀ ကျော် တက်လာခြင်းဖြစ်သည်။
ထို့အတူ ပြင်ပငွေကြေးဈေးကွက်တွင် ဒေါ်လာဈေးထိုးတက်ခဲ့ပြီး ကြေညာချက်မထွက်မီက တစ်ဒေါ်လာ ၃၄၈၀ ဝန်းကျင်သာရှိခဲ့ရာမှ ကြေညာချက်ထွက်ပြီး နောက်တစ်ရက်တွင် ကျပ် ၃,၆၀၀ အထိ တက်သွားပြီး ယနေ့ (ဒီဇင်ဘာ ၁၄) တွင် ကျပ် ၃၅၅၀ ပြန်ဖြစ်လာကြောင်း ရန်ကုန်မှ ငွေလဲလှယ်သူ အမျိုးသားတစ်ဦးက ပြောသည်။
အွန်လိုင်းဈေးကွက်တွင် ဒေါ်လာဈေးချုပ်ကိုင်မှုကို လွှတ်ပေးလိုက်သည်ဖြစ်ရာ ဈေးထပ်တက်ဦးမည်ဟု ယုံကြည်သဖြင့် ဒေါ်လာဆက်ကိုင်ထားသူ များပြားနေပြီး အရောင်းအဝယ်အေးကြောင်း ၎င်းက ဆိုသည်။
“ချုပ်ကိုင်မှုမရှိတဲ့အပေါ်မှာ လက်ကြီးသမားတွေအတွက် ကစားစရာပိုဖြစ်သွားမယ် ထင်တယ်။ မကြာခင် ပိုလှုပ်ခတ်လိမ့်မယ်လို့ထင်တယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီလက်ထက်တွင် တစ်ဒေါ်လာ ကျပ် ၂,၁၀၀ ပုံသေဈေး၊ အွန်လိုင်းဈေးနှင့် ပြင်ပဈေးဟူ၍ သုံးမျိုးရှိပြီး လက်ရှိငွေလဲနှုန်းမူဝါဒသည် အွန်လိုင်းဈေးကွက်အတွက်သာဖြစ်သည်။
တစ်ဒေါ်လာ ၂,၁၀၀ သတ်မှတ်ချက်မှာ ဆက်ရှိသည့်အပြင် ပို့ကုန်သမားများထံမှ ပို့ကုန်ရငွေကိုလည်း စစ်ကောင်စီက ကျပ် ၂,၁၀၀ နှုန်းဖြင့် သဲ့ယူဦးမည်ဖြစ်သည်။ ဗဟိုဘဏ်ထိန်းချုပ်သည့် အွန်လိုင်းမှ နိုင်ငံခြားသုံးငွေ အရောင်းဝယ်ခြင်းကို စစ်ကောင်စီက ၂၀၂၃ ဇွန် ၂၆ တွင် စတင်ခဲ့ခြင်းဖြစ်သည်။
အွန်လိုင်းဒေါ်လာဈေးကွက်တွင် ဘဏ်များနှင့် စက်သုံးဆီနှင့် စာသုံးဆီတင်သွင်းသည့် လက်ကြီးသမားကုန်သည်ကြီးများသာ ရောင်းဝယ်ခွင့်ရပြီး ကုန်သည်အများစုနှင့် ဒေါ်လာလိုအပ်သူတို့မှာ မှောင်ခိုအပါအဝင် ကိုယ့်နည်းကိုယ်ဟန်ဖြင့် ရှာဖွေအသုံးပြုရကြောင်း ရန်ကုန်မှ အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက ဆိုသည်။
သို့သော် အွန်လိုင်းအရောင်းဝယ်ဈေးကွက်တွင် ဒေါ်လာဈေးမြင့်တက်လာပါက ပြင်ပဈေးကွက်လည်း ပိုတက်လာမည်ဖြစ်ကြောင်း၊ မူဝါဒအပြောင်းလဲသည် နိုင်ငံခြားငွေအကျပ်အတည်းကို မဖြေရှင်းနိုင်ဘဲ ဒေါ်လာဈေးအတက်ဘက်ကိုသာ ဦးတည်နိုင်ကြောင်း ၎င်းက ဆိုသည်။
“အွန်လိုင်းဈေးကွက်မှာ စီးဆင်းသွားတဲ့ငွေတွေက စစ်ကောင်စီနဲ့ ပတ်သက်တဲ့သူတွေပဲ ရမယ်ထင်တာပဲ။ ဒါပေမဲ့ Online Trading မှာ ဈေးတက်လေ အပြင်မှာ ဈေးပိုတက်လေပဲ” ဟု ၎င်းက ဆက်ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ပြင်ပငွေလဲနှုန်းများကို အသိမှတ်မပြုခဲ့သည့် စစ်ကောင်စီသည် ၎င်းတို့၏ အွန်လိုင်းဒေါ်လာဈေးကွက်တွင် ငွေလဲနှုန်းကို တစ်ဒေါ်လာ ၃,၀၀၀ ထက် မကျော်ရန် ကြိုးစားခဲ့သော်လည်း ယခုအခါ လက်လွှတ်လိုက်ရပြီဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသည့ စီးပွားရေးလေ့လာသူတစ်ဦးက ပြောသည်။
“တကယ်တမ်းတော့ သူတို့ ၃၀၀၀ အောက်ကို အတင်းဖိထားတာလေ။ အခုတော့ လွှတ်လိုက်ပြီဆိုတော့ ပိုတက်လာမှာပေါ့။ ဒါပေမဲ့ ဒေါ်လာဝယ်လို့လည်း မရဘူးလို့ ကြားတယ်။ ငွေကတော့ အနှေးနဲ့အမြန် တက်ဖို့ပဲရှိတာပေါ့” ဟု သူက ဆိုသည်။
တစ်ပြိုင်တည်းတွင် စက်သုံးဆီ၊ စားသုံးဆီအပါအဝင် သွင်းကုန်များ ရှားပါးက ဈေးမြင့်တက်နိုင်ကြောင်း ၎င်းက ဆိုသည်။
တရားဝင်သတ်မှတ်ဈေး ကျပ် ၂၁၀၀ သတ်မှတ်ထားချိန် ပြင်ပဈေးကွက်၌ ကျပ် ၃၀၀၀ ခန့် ဖြစ်လာတိုင်း ကောလာဟလများကြောင့်ဖြစ်သည်ဟု အကြောင်းပြလေ့ရှိသည့် စစ်ကောင်စီအနေဖြင့် ဒေါ်လာဈေးကို ၎င်းတို့ထိန်းချုပ်နိုင်ခြင်း မရှိသည်ကို လက်ခံလာခြင်းလည်းဖြစ်သည်။
ဒေါ်လာဈေး သတ်မှတ်ခြင်းကို ရပ်တန့်လိုက်ခြင်းမှာ စစ်ကောင်စီတွင် နိုင်ငံခြားငွေရှားပါးနေခြင်းကို ပြသနေကြောင်း၊ အကြွင်းအကျန်ဒေါ်လာကို ကောက်သင်းကောက်ရန်ဖြစ်ကြောင်း စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုသည်။
စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအလွဲများကြောင့် ဘဏ်များအပေါ် ယုံကြည်မှုပျက်ယွင်းသွားသည့်နည်းတူ ကျပ်ငွေတန်ဖိုးမဲ့သွားခြင်းကြောင့် ဒေါ်လာထုတ်ရောင်းပြီး ကျပ်ငွေကိုင်ထားမည့်သူမရှိဟု ဆိုသည်။
“ကြိုက်ရောင်းကြိုက်ဝယ်ဆိုရင် ဒေါ်လာပဲ သိမ်းထားတော့မှာပေါ့။ ဗမာငွေက စိတ်မှမချရတာလေ။ စိတ်မချရတော့ ဒေါ်လာသိမ်းတဲ့သူက ပိုများမယ်။ ရလာတဲ့ပိုက်ဆံကို ဒေါ်လာသိမ်းသူက ပိုများရင် ဒေါ်လာကို လိုက်ဝယ်ကြမှာပဲ။ တကယ်တမ်း Import လုပ်တဲ့အခါ ဒေါ်လာရှိရင် လွယ်တယ်။ အဲ့ဒီတော့ ဒေါ်လာတွေကိုပဲ လိုက်ဝယ်မယ်လို့ ယူဆတယ်။ ဒေါ်လာဈေးကတော့ ထပ်တက်ဖို့ပဲ ရှိတယ်” ဟု အထက်ပါ ကျွမ်းကျင်သူက ဆိုသည်။
စစ်ကောင်စီတွင် နိုင်ငံခြားသုံးငွေ ပြတ်နေပြီဖြစ်ကြောင်း အထင်အရှားပြသနေပြီး အဆုံးသတ်ချိန် နီးလာသည့်လက္ခဏာဖြစ်သည်ဟု အရပ်သားအစိုးရလက်ထက်တွင် စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်က ဆိုသည်။
အခြေအနေအရပ်ရပ်ကြောင့် မြန်မာ့စီးပွားရေး နာလန်မထူဖြစ်နေပြီး လာမည့် ၂၀၂၄ ခုနှစ် မတ်လအထိ စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဖြစ်ကာ ငွေကြေးဖောင်းပွမှုနှုန်း ၂၀ ရာခိုင်နှုန်း ရှိနေသည်ဟု ယခုလ ၁၂ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြသည်။