သတင်း

ဒေါ်လာကြောင့် စက်သုံးဆီနှင့် သွင်းကုန်ပစ္စည်းဈေး ရိုက်ခတ်မှုရှိမည်

ဒေါ်လာထုတ်မရောင်းလိုတော့သဖြင့် စစ်ကောင်စီက ရည်ညွှန်းဈေးသတ်မှတ်ပေးသည့်အလုပ်ကို ရပ်နားလိုက်ပြီဖြစ်ရာ နိုင်ငံခြားသုံးငွေကို မှီတည်နေရသည့် စက်သုံးဆီနှင့် သွင်းကုန်ပစ္စည်းများအပေါ် ဈေးနှုန်းရိုက်ခတ်မှုရှိလာမည်ဖြစ်သည်။

ငွေလဲလှယ်နှုန်း သတ်မှတ်ပေးတော့မည်မဟုတ်ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာရောင်းဝယ်နိုင်သည်ဟု စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်က ယခုလ ၅ ရက်နေ့တွင် နိုင်ငံခြားသုံးငွေလိုင်စင်ရဘဏ်များကို အကြောင်းကြားခဲ့သည်။ စက်သုံးဆီတင်သွင်းရန် ရည်ညွှန်းဈေးဖြင့် ဒေါ်လာရောင်းပေးခြင်းကို ကန့်သတ်ပြီးနောက် ထိုသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ရုတ်တရက် မူဝါဒအပြောင်းအလဲကြောင့် ယမန်နေ့ (ဒီဇင်ဘာ ၆) တွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် မြို့ကြီးများရှိ စက်သုံးဆီအရောင်းဆိုင်များ ဆီပြတ်လပ်သွားကာ အချိန်ကြာမြင့်စွာ တန်းစီသော်လည်း ဆီဝယ်မရဖြစ်ခဲ့ကြသည်

စက်သုံးဆီအရောင်း ယာယီရပ်မည်ဖြစ်ကြောင်း  ဒီဇင်ဘာ ၆ ရက်နေ့က ကြေညာချက်တစ်ခု( ဓာတ်ပုံ – Myanmar Now) 

စက်သုံးဆီဆိုင်များတွင် ယာဉ်တန်းရှည်များဖြင့် တိုးဝှေ့ဝယ်ယူနေကြခြင်းက ကောလာဟလသတင်းများကြောင့်ဖြစ်သည်ဟု ယနေ့ (နိုဝင်ဘာ ၇) ထုတ် နိုင်ငံပိုင်တင်းစာများမှတစ်ဆင့် စစ်ကောင်စီက ကြေညာချက် ထုတ်ပြန်ရာ၌ စိုးရိမ်ပူပန်မှုဖြင့် ပုံမှန်သုံးစွဲမှုပမာဏထက် ပိုဝယ်ယူနေကြသည်ဟု ဆိုသည်။

ဒီဇင်ဘာ ၅ ရက်နေ့တွင် ရန်ကုန်အပါအဝင် နိုင်ငံအနှံ့မှ စက်သုံးဆီဆိုင် ၃၄၀၀ နီးပါးထံသို့ 92 ဓာတ်ဆီ ဂါလန် ကိုးသိန်းခုနှစ်သောင်း၊ 95 ဓာတ်ဆီ ဂါလန် နှစ်သိန်းငါးသောင်း အပါအဝင် စက်သုံးဆီများ ဖြန့်ဖြူးခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။

ဒေါ်လာမူဝါဒအပြောင်းအလဲမှာ ဖြေလျှော့ပေးခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသော်လည်း စက်သုံးဆီနှင့် သွင်းကုန်ပစ္စည်းများအပေါ် ရိုက်ခတ်မှုရှိမည်ကို ဝန်ခံထားသည်။

ကုန်ထုတ်လုပ်မှု တိုးမြှင့်ရန်နှင့် ပို့ကုန်မြင့်တက်လာစေရန် ဖြေလျှော့ပေးခြင်းဖြစ်ကြောင်း၊ အကျိုးသက်ရောက်မှုအနေဖြင့် သွင်းကုန်လုပ်ငန်းများ ထိခိုက်နိုင်သော်လည်း ခဏသာဖြစ်မည်ဟု ဆိုသည်။

“အထင်ရှားဆုံးပြောရရင် စက်သုံးဆီကဏ္ဍမှာ အကျိုးသက်ရောက်မှုရှိပါလိမ့်မယ်။ ဒီအကျိုးသက်ရောက်မှုဟာ ခဏတာပဲဖြစ်ပါလိမ့်မယ်။ စက်သုံးဆီနဲ့ ပတ်သက်ပြီး စက်သုံးဆီ တင်သွင်းရမယ့်လိုအပ်တဲ့ပမာဏ ကျွန်တော်တို့နိုင်ငံမှာ တင်သွင်းဖို့အတွက် အသင့်ရှိပါတယ်” ဟု ရှေ့နောက်မညီသော ထုတ်ပြန်ပြောဆိုချက်များကြောင့် အထူးနာမည်ကြီးနေသည့် စစ်ကောင်စီ၏ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်က ဆိုသည်။

၂၀၂၃ ဒီဇင်ဘာ ၇ ထုတ် သတင်းစာများမှ ထုတ်ပြန်ချက်။

စစ်ကောင်စီလက်အောက်တွင် စက်သုံးဆီပြတ်လပ်မှု မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ ၂၀၂၂ ဧပြီ၊ သြဂုတ်နှင့် ဇွန်လများ၊ ၂၀၂၃ တွင် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ယခုလ ဒီဇင်ဘာတို့တွင် စက်သုံးဆီဆိုင်များတွင် ဆီပြတ်သွားခဲ့ပြီး အကန့်အသတ်ဖြင့်သာ ရောင်းချနိုင်ခဲ့သည်။

စက်သုံးဆီပြတ်လပ်မှုကြောင့် ကမောက်ကမအခြေအနေ ဖြစ်ပေါ်သည့်အခါတိုင်း စစ်ကောင်စီက ကောလာဟလများနှင့် ၎င်းတို့ကို ဆန့်ကျင်သည့် သတင်းဌာနများကြောင့်ဟု ပြစ်တင်ဝေဖန်လေ့ရှိသည်။

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်သုံးဆီအတွက် ဒေါ်လာခွဲတမ်းမချပေးတော့ကြောင်း သတင်းရေးသားမှုများမှာ လုပ်ကြံဖန်တီးမှုများဖြစ်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့က ပြောကြားခဲ့သည်။ သို့သော် လဝက်ခန့်အကြာ နိုဝင်ဘာလကုန်ချိန်တွင် စက်သုံးဆီတင်သွင်းသူများအတွက် ဒေါ်လာခွဲတမ်းကို စစ်ကောင်စီက ဖြတ်တောက်ပစ်ခဲ့သည်။

အကျိုးဆက်အနေဖြင့် စက်သုံးဆီစျေးများထိုးတက်လာကာ ဝယ်မရသည့် ပြဿနာများဖြင့် ရင်ဆိုင်နေရသည်။

စစ်ကောင်စီသည် ပြည်ပမှ စက်သုံးဆီတင်သွင်းသူများအတွက် ဒေါ်လာလိုအပ်ချက်ကို စစ်ကောင်စီ ဗဟိုဘဏ် သတ်မှတ်ဈေး တစ်ဒေါ်လာ ၂,၁၀၀ ကျပ်နှုန်းဖြင့် ဒီဇင်ဘာလမတိုင်ခင်အထိ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ဓာတ်ဆီတင်သွင်းပါက စုစုပေါင်းတန်ဖိုး၏ ၄၀ ရာခိုင်နှုန်း၊ ဒီဇယ်တင်သွင်းပါက စုစုပေါင်းတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို ဒေါ်လာအထူးနှုန်းဖြင့် ဝယ်ယူခွင့်ရရှိခဲ့သည်။ ကျန်ပမာဏကို ပြင်ပေါက်စျေးဖြင့် ဝယ်ယူရသည်။

ပြည်ပငွေကြေးဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ကျပ်ငွေ ၃၅၀၀ ဝန်းကျင်အထိ ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်တွင် မည်သည့်စက်သုံးဆီ အမျိုးအစားမဆို ပြည်တွင်း၌ တစ်လစာ အရန်ရှိအောင် အမြဲတမ်းဆောင်ရွက်ထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ဖူးသည်။ ထိုသို့ ပြောပြီး သတင်းသုံးပတ်ခန့်အကြာတွင် စက်သုံးဆီ ပြတ်လပ်ခဲ့သည်။

မကြာခဏ ပြတ်တောက်မှုဖြစ်နေသည့်အပြင် စက်သုံးဆီဈေးနှုန်းမှာလည်း မြင့်တက်နေသည်။ ယခုလ ၁ ရက်နေ့တွင် စစ်ကောင်စီက စက်သုံးဆီဖြန့်ဖြူးရေးနှင့် ပတ်သက်၍ လက်လီနှင့် လက်ကားရည်ညွှန်းဈေးနှုန်း မြှင့်တင်လိုက်ပြီးနောက် တစ်လီတာ ကျပ် ၃၀၀ ကျော်အထိ ခုန်တက်ခဲ့သည်။

Show More

Related Articles

Back to top button