သတင်း

စစ်ကောင်စီက စက်မှုဇုန်ဆီခွဲတမ်းနှင့် ဓာတ်ဆီအတွက် ဒေါ်လာအရောင်းရပ်ဆိုင်း

အာဏာသိမ်းစစ်ကောင်စီက စက်မှုဇုန်များအတွက် လောင်စာဆီခွဲတမ်းနှင့် ဓာတ်ဆီတင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာရောင်းချပေးနေခြင်းကို ယခုလဆန်းတွင် စတင်ရပ်ဆိုင်းလိုက်သည်ဟု သိရှိရသည်။

ပြည်ပမှ စက်သုံးဆီတင်သွင်းရာ ဓာတ်ဆီတင်သွင်းမှုတန်ဖိုး၏ ၄၀ ရာခိုင်နှုန်း၊ ဒီဇယ်တင်သွင်းမှု၏ ၅၀ ရာခိုင်နှုန်းကို စစ်ကောင်စီက ဗဟိုဘဏ်သတ်မှတ်ဈေး တစ်ဒေါ်လာ ၂,၁၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေရာမှ ယတိပြတ်ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

လုပ်ငန်းရှင်များအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် စစ်ကောင်စီခွင့်ပြုပမာဏကိုသာ ဝယ်ယူခွင့်ရခဲ့သော်လည်း ကျန်ဒေါ်လာလိုအပ်ချက်အတွက် ပြင်ပပေါက်ဈေး အနည်းဆုံး တစ်ဒေါ်လာ ကျပ် ၂၉၀၀ ဖြင့် ဝယ်ယူဖြည့်သွင်းနေရသည်။

ပြည်ပငွေကြေးဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ကျပ်ငွေ ၃၅၀၀ ဝန်းကျင်အထိ ပေါက်စျေးရှိနေပြီး စစ်ကောင်စီက ဒေါ်လာရောင်းမပေးတော့သဖြင့် စက်သုံးဆီတင်သွင်းသူများ အခက်တွေ့လာတော့မည်ဖြစ်ကာ ဆီဈေးနှုန်းလည်း မြင့်တက်လာမည်ဖြစ်သည်။

ဒီဇင်ဘာလဆန်းမှစတင်ပြီး စစ်ကောင်စီက ဓာတ်ဆီအတွက် ဒေါ်လာခွဲတမ်းကို ဖြတ်တောက်ခဲ့ပြီး ဒီဇယ်ဆီ တင်သွင်းရန်အတွက်သာ အမေရိကန် ၁ ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးသည်ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ယနေ့ (ဒီဇင်ဘာ ၅) ပြောသည်။

မန္တလေးတိုင်းအတွင်း မြို့ငယ်တစ်ခုရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခုကို ၂၀၂၂ ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

တစ်ချိန်တည်းတွင် စစ်ကောင်စီလက်ထက် မီးမှန်အောင် မပေးနိုင်၍ မီးစက်အားထားအသုံးပြုနေရသည့် စက်မှုဇုန်များအတွက် လောင်စာဆီခွဲတမ်းကို ဒေါ်လာနည်းတူ ရပ်ဆိုင်းလိုက်ပြီဖြစ်ကာ လုပ်ငန်းရှင်များအနေဖြင့် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ဝယ်ယူအသုံးပြုရတော့မည်ဖြစ်သည်ဟု အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။

“ကျွန်တော်ထင်ပါတယ်။ အဲ့ဒါ (ဒေါ်လာအကျပ်အတည်း) ကြောင့် ဖြစ်ဖို့များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေက ကျပ်လာတဲ့အခါကျတော့၊ Export (ပို့ကုန်) ဝင်ငွေက နည်းလာတယ်။ ဒီဘက်မှာလည်း Import လုပ်ရတဲ့ကိစ္စတွေက များလာတယ်ဆိုတော့ အားလုံးတာဝန်ယူဖို့ သိပ်မလွယ်တော့ဘူးပေါ့” ဟု ၎င်းက ဆိုသည်။

လျှပ်စစ်မီးလာသည့် အခြေအနေအပေါ် မူတည်၍ စက်မှုဇုန်များတွင် လစဉ် စက်သုံးဆီလိုအပ်ချက်သည် တန်ချိန် ၂၅,၀၀၀ ဝန်းကျင်ရှိသည်ဟု ခန့်မှန်းရပြီး ဒေါ်လာရောင်းချပေးခြင်းမရှိတော့၍ တစ်လီတာလျှင် ၄၅၀ နှင့် ၅၀၀ ကျပ် ပိုပေး၍ အသုံးပြုရမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

စက်မှုဇုန်များ၏ ဆီခွဲတမ်းအတွက် ဒေါ်လာကို ဆီတင်သွင်းသူများထံ စစ်ကောင်စီက ရောင်းချပေးပြီး ပြည်တွင်းသို့ ဆီများရောက်ရှိလာချိန်တွင် စက်မှုဇုန်လုပ်ငန်းရှင်များက သတ်မှတ်ဈေးဖြင့် ဆီခွဲတမ်းကို ပြန်လည်ဝယ်ယူအသုံးပြုရခြင်းဖြစ်သည်။

စက်သုံးဆီတင်သွင်းရာတွင် ဒီဇယ်ဆီသည် စီးပွားရေးလုပ်ငန်းသုံးဖြစ်ပြီး ဓာတ်ဆီသည် အိမ်သုံးဖြစ်ကာ ဓာတ်ဆီအတွက် ဒေါ်လာရောင်းပေးခြင်းကို အာဏာသိမ်းစစ်တပ်က ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်ဟုလည်း ထိုစီးပွားရေးလုပ်ငန်းရှင်ကပင် ဆက်ပြောသည်။

“ဓာတ်ဆီဆိုတာ Commercial Use မဟုတ်ဘူးလေ။ အိမ်သုံးကားတွေ သုံးတာဖြစ်တဲ့အတွက် ဓာတ်ဆီကို ဒေါ်လာမရောင်းပေးတော့ဘူး။ အဲ့ဒီလိုသဘောမျိုး လုပ်လိုက်တာပေါ့။ ဓာတ်ဆီကျတော့ အိမ်သုံးကားတွေ Subsidize လုပ်ပေးသလိုဖြစ်နေတာပေါ့။ တကယ် ဒီဇယ်ဆီက Commercial သုံးတာကိုး။ Transport တွေမှာ သုံးတာကိုး” ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာလကုန်တွင် ဓာတ်ဆီအတွက် ဒေါ်လာရောင်းချပေးမှု ရပ်ဆိုင်းလိုက်ပြီးနောက် ချက်ချင်းဆိုသလို စစ်ကောင်စီက ရည်ညွှန်းဓာတ်ဆီဈေးနှုန်းကို မြှင့်ပေးခဲ့ရာ ဈေးကွက်ပေါက်ဈေးလည်း တက်သွားကြောင်း သိရသည်။

နိုဝင်ဘာ ၃၀ က စစ်ကောင်စီ ရည်ညွှန်းဓာတ်ဆီဈေးမှာ 92 တစ်လီတာ၂,၀၆၄ ကျပ်၊ ၉၅ တစ်လီတာကို ၂,၁၈၄ ကျပ်သတ်မှတ်ခဲ့ရာမှ ဒီဇင်ဘာ ၁ တွင် ၂,၃၉၄ ကျပ်နှင့် ၂,၅၁၈ ကျပ်အထိ တိုးမြှင့်လိုက်သည်။ ထိုဈေးမှာ ရန်ကုန်အထိုင်ဈေးဖြစ်ပြီး အခြားမြို့များနှင့် ကွာခြားမှုရှိသည်။

Denko စက်သုံးဆီဆိုင်၏ ဈေးနှုန်းများတွင် နိုဝင်ဘာ ၁ က 92 တစ်လီတာကို ၂၁၇၀ ကျပ်ရှိရာမှ ဒီဇင်ဘာ ၁ တွင် ၂,၅၁၀ ကျပ်အထိ တစ်လီတာ ၃၄၀ ကျပ်အထိ တိုးမြှင့်ခဲ့ကြောင်း တွေ့ရသည်။ ယနေ့အထိ ဓာတ်ဆီ 92 တစ်လီတာကို ၂,၅၁၀ ကျပ်ဖြင့် ရောင်းချနေသည်။

ဓာတ်ဆီနှင့် စက်မှုဇုန်ဆီခွဲတမ်းအတွက် ဒေါ်လာမရောင်းပေးတော့သည့် အခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်ပြောခွင့်ရ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ကို Myanmar Now က ယနေ့နေ့လယ်တွင် ဆက်သွယ်မေးမြန်းသော်လည်း အသေးစိတ်ဖြေဆိုခြင်းမရှိပေ။

စက်သုံးဆီနှင့် စားသုံးဆီနှစ်မျိုးအတွက် ဦးစားပေးအစီအစဉ် မပြောင်းလဲကြောင်း နိုဝင်ဘာ ၂၈ တွင် ၎င်းက ပြောဆိုသည်။

အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် နိုင်ငံခြားငွေရပေါက်ရလမ်းဖြစ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပို့ကုန်တင်ပို့မှုနှင့် အခြားနိုင်ငံတကာအကူအညီများ ကျဆင်းသွားရာ ဒေါ်လာလိုအပ်ချက် ကြီးမားနေသည်။

ဒေါ်လာချွေတာနေရသဖြင့် သွင်းကုန်အများအပြားကို ပိတ်ပင်ခဲ့ပြီး ပြည်တွင်းအတွက် မရှိမဖြစ်လိုအပ်သည့် စက်သုံးဆီနှင့် စားသုံးဆီနှစ်မျိုးကိုပင် လောက်ငအောင် တင်သွင်းနိုင်ခြင်းမရှိတော့ကြောင်း၊ ဆီတစ်လီတာ၊ စားသုံးဆီတစ်ဘူးအတွက် ပြည်သူလူထုက နေ့စဉ်နှင့်အမျှ တန်းစီဝယ်ယူရသည့် အခြေအနေဖြစ်သည်။

လုပ်ရကိုင်ရကျပ်လာခြင်းကြောင့် စီးပွားရေးကို စိတ်ကုန်သွားကြပြီး ယခု ဒေါ်လာအကျပ်အတည်းကြောင့် နာမည်ကြီးစက်သုံးဆီသမားများသည်ပင် လုပ်ငန်းရပ်ဆိုင်းမည်ဟု သတင်းထွက်နေကြောင်း ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းများ စောင့်ကြည့်လေ့လာသူ အမျိုးသားတစ်ဦးက ဆိုသည်။

ဒေါ်လာအကျပ်အတည်းတွေ့နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စီးပွားရေးကိုဆက်လက်ကိုင်တွယ်ရန် အကျပ်အတည်းတွေ့နေကြောင်း၊ ထိုအချိန်တွင် လုပ်ငန်းရှင်များကို အပြစ်ဖို့လာကြောင်း ၎င်းက ဆိုသည်။

“စီးပွားရေးကတော့ တည်းတည်းလေးပဲ ကျန်တော့တယ်။ လူတွေက စိတ်မဝင်စားတော့ဘူး။ ဒီလူတွေ မကြာခင် ပြုတ်ကျတော့မယ်လို့ပဲ ထင်နေကြတယ်” ဟု သူက ဆိုသည်။

နိုင်ငံ့အနှံ့တွင် တိုက်ပွဲများပြင်းထန်နေချိန် ဆီပြတ်ဆိုသော သတင်းများနှင့်အတူ စက်သုံးဆီအရောင်းဆိုင်များ၌ တန်းစီဝယ်ယူနေရချိန် စစ်ကောင်စီက ဆီတင်သင်္ဘောများ အဆက်မပြတ်ရောက်ရှိနေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၁၁ နှင့် ၁၂ တွင် ဆီသင်္ဘောလေးစီး ဆိုက်ကပ်ခဲ့ကာ ၁၅ စီး ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း၊ စက်သုံးဆီလုံလောက်မှုရှိအောင် စီမံဆောင်ရွက်ထားကြောင်း စစ်ကောင်စီက ပြီးခဲ့သည့်လလယ်ပိုင်းတွင် ကြေညာခဲ့သည်။

စက်သုံးဆီနှင့် ပတ်သက်၍ မတန်တဆ အမြတ်ယူရောင်းချခဲ့သည့် ကုမ္ပဏီ ၈ ခုနှင့် ထိုက်သင့်သည့်နှုန်းထက် အမြတ်တင်ရောင်းချသည့် ကုမ္ပဏီများကို အရေးယူခဲ့သည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၂၉ ရက်နေ့က အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုသည်။

မည်သည့်ကုမ္ပဏီများဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း စက်သုံးဆီ၊ စားသုံးဆီတို့နှင့် ပတ်သက်၍ ဥပဒေနှင့်မညီသော ဆောင်ရွက်မှုများတွင် တာဝန်ရှိသည့် ပုဂ္ဂိုလ်များကို အရေးယူခဲ့သည့်အပြင် စစ်ကောင်စီအဖွဲ့ဝင်နှစ်ဦးကိုလည်း ပြင်းပြင်းထန်ထန် အရေးယူခဲ့သည်ဟု ဆိုသည်။

ကုန်သွယ်ရေးလုပ်ငန်းများတွင် နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ အလွဲသုံးစားပြုသည်ဆိုကာ စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ကို စစ်ကောင်စီက ထောင်ဒဏ်အနှစ် ၂၀ နှင့် ၅ နှစ်စီ ချမှတ်ခဲ့သည်။

ပို့ကုန်သမားများက အနစ်နာခံဆောင်ရွက်သော်လည်း သွင်းကုန်သမားများ အကျိုးမြတ်ရနေကြောင်း တင်ပြချက်များရှိသဖြင့် ပို့ကုန်နှင့် ပတ်သက်၍ ဖြေလျှော့သွားမည်ဖြစ်ကြောင်း ယမန်နေ့က အစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်လောင်းပြောဆိုသည်။

Show More

Related Articles

Back to top button