သတင်း

စစ်ကောင်စီက ရည်ညွှန်းဈေး မြှင့်လိုက်ပြီးနောက် စက်သုံးဆီဈေး ခုန်တက်

စက်သုံးဆီဖြန့်ဖြူးရေးနှင့် ပတ်သက်၍ အာဏာသိမ်းစစ်တပ်က ရည်ညွှန်းလက်လီနှင့် လက္ကားဈေးနှုန်းများ မြှင့်တင်လိုက်ပြီးနောက် ယနေ့ (ဒီဇင်ဘာ ၁) တွင် စက်သုံးဆီဈေးနှုန်း အဆမတန်ခုန်တက်သွားသည်။

စက်သုံးဆီဖြန့်ဖြူးရေးနှင့်ပတ်သက်၍ အာဏာသိမ်းစစ်တပ်က ရည်ညွှန်းလက်လီနှင့် လက်ကားဈေးနှုန်းများ မြှင့်တင်လိုက်ပြီးနောက် ယနေ့ (ဒီဇင်ဘာ ၁) တွင် စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ကျပ် ၃၀၀ ကျော်အထိ ခုန်တက်သွားသည်။

စက်သုံးဆီ လက်လီဖြန့်ဖြူးရောင်းချရေးအတွက် အနိမ့်ဆုံးစက်သုံးဆီ အမျိုးအစားဖြစ်သော 92 Ron တစ်လီတာလျှင် ကျပ် ၂၁၇၀ အဖြစ် ယမန်နေ့တွင် သတ်မှတ်ခဲ့သော်လည်း ယနေ့တွင် ကျပ် ၂၅၁၀ အထိ တိုးမြှင့်ခဲ့သည်။ လက်ကားဈေးနှုန်းအနေဖြင့် ကျပ် ၂၀၆၄ မှ ၂၃၉၄ အထိ ပြင်ဆင်သတ်မှတ်ခဲ့သည်ကို တွေ့ရသည်။

စစ်ကောင်စီ၏ ထိုရည်ညွှန်းဈေးနှုန်း သတ်မှတ်ချက်မှာ ရန်ကုန်မြို့ဧရိယာအတွက်ဖြစ်ကာ တိုင်းနှင့် ပြည်နယ်အလိုက် ကျန်ဒေသအတွက် ရည်ညွှန်းဈေးမှာ ရန်ကုန်နှင့် အနည်းငယ်စီ ကွာခြားချက်ရှိသည်။

စက်သုံးဆီဖြန့်ဖြူးရေးအတွက် စစ်ကောင်စီက စိစစ်ပြီး ထုတ်ပေးနေသည်မှာ ကြာပြီဖြစ်ကာ နည်းနည်းချင်းစီသာ ထုတ်ပေးနေပြီး ကြိုတင်မှာယူမှု (Pre-Order) ကိုလည်း လျှော့ချထားသည်ဟု ဆီလုပ်ငန်းရှင်တစ်ဦးက ယနေ့ ပြောသည်။

“အပြင်မှာကိုက အစိုးရပေါက်ဈေးထက်ကို ၆၀၀/၇၀၀ ဆောင်းပေးပြီး ဝယ်နေရတယ်။ အစိုးရသတ်မှတ်ဈေးတက်သွားတာလေ။ ဆိုတော့ အပြင်လက်ကားအရောင်းတောင် ပိတ်ကြမှာ။​ ဆီဆိုင်တွေလည်း ဆီပြတ်နေတယ်ဆိုတဲ့ လက္ခဏာတွေလာတော့မှာ” ဟု ထိုလုပ်ငန်းရှင်က ဆိုသည်။

စက်သုံးဆီတင်သွင်းရာတွင် လိုအပ်သည့် အမေရိကန်ဒေါ်လာတစ်ဝက်ကို စစ်ကောင်စီက တစ်ဒေါ်လာ ၂,၁၀၀ ကျပ်ဖြင့် ရောင်းချပေးကာ သတ်မှတ်ဈေးဖြင့် ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ဖြူးစေခြင်းဖြစ်သည်။

လက်ရှိတွင် ဒီဇယ်ဆီအတွက်သာ ဒေါ်လာရောင်ပေးမည်ဖြစ်ပြီး ဓာတ်ဆီတင်သွင်းရန် ရောင်းပေးတော့မည်မဟုတ်ကြောင်း သတင်းများနှင့်အတူ စက်သုံးဆီဈေးမြင့်တက်လာသည်။

စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်မှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ကမူ ထိုအချက် မမှန်ကန်ဘဲ စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းရန် ဒေါ်လာဆက်ရောင်းပေးမည်ဖြစ်ကြောင်း၊ ဆီနှစ်ဆီဦးစားပေးအစီအစဉ် ပြောင်းလဲမည်မဟုတ်ကြောင်း ပြောသည်။

စစ်ကောင်စီထံမှ ခွဲတမ်းအပြည့်အဝမရသဖြင့် စက်သုံးဆီဈေးမှာ ကျပ် ၅၀၀၀ အထိ ရောက်သွားနိုင်သည်ဟု နေပြည်တော်ရှိ ဆီအရောင်းဆိုင်တစ်ခုမှ မန်နေဂျာက ပြောသည်။

“စက်သုံးဆီလုပ်ငန်းရှင်တွေက ခွဲတမ်းတစ်ဝက်ပဲ ရတယ်။ သူတို့က (စစ်ကောင်စီ) သင်္ဘောရောက်တယ်သာ ပြောတာ ဆီခွဲတမ်းက လုံလုံလောက်လောက်မရဘူး။ အဲတော့ ဆီစျေးက စတက်တာပဲ။ ခုတစ်ခေါက်ဆီစျေးက ၅၀၀၀ ထိ ရောက်သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ ဆီကပြတ်ပြီဆို စျေးက တအားတက်မှာပဲ”

နေပြည်တော်တွင် ပုဂ္ဂလိကဆီဆိုင်များသာမက ပျဉ်းမနား-တောင်ညိုလမ်းမပေါ်ရှိ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၏ ဆိုင်သည်ပင်လျှင် ဆီမရှိဟူသော အကြောင်းပြချက်ဖြင့် ပိတ်ထားသည်မှာ လနှင့်ချီရှိပြီဟု ခရီးသွားလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။​

နိုင်ငံ့အနှံ့တွင် တိုက်ပွဲများပြင်းထန်နေချိန် ဆီပြတ်ဆိုသော သတင်းများနှင့်အတူ စက်သုံးဆီအရောင်းဆိုင်များ၌ တန်းစီဝယ်ယူနေရချိန် စစ်ကောင်စီက ဆီတင်သင်္ဘောများ အဆက်မပြတ်ရောက်ရှိနေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၁၁ နှင့် ၁၂ တွင် ဆီသင်္ဘောလေးစီး ဆိုက်ကပ်ခဲ့ကာ ၁၅ စီး ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း၊ စက်သုံးဆီလုံလောက်မှုရှိအောင် စီမံဆောင်ရွက်ထားကြောင်း စစ်ကောင်စီက ပြီးခဲ့သည့်လလယ်ပိုင်းတွင် ကြေညာခဲ့သည်။

စက်သုံးဆီနှင့်ပတ်သက်၍ မတန်တဆ အမြတ်ယူရောင်းချခဲ့သည့် ကုမ္ပဏီ ၈ ခုနှင့် ထိုက်သင့်သည့်နှုန်းထက် အမြတ်တင်ရောင်းချသည့် ကုမ္ပဏီများကို အရေးယူခဲ့သည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၂၉ ရက်နေ့က အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုသည်။

မည်သည့်ကုမ္ပဏီများဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း စက်သုံးဆီ၊ စားသုံးဆီတို့နှင့် ပတ်သက်၍ ဥပဒေနှင့်မညီသော ဆောင်ရွက်မှုများတွင် တာဝန်ရှိသည့် ပုဂ္ဂိုလ်များကို အရေးယူခဲ့သည့်အပြင် စစ်ကောင်စီအဖွဲ့ဝင်နှစ်ဦးကိုလည်း ပြင်းပြင်းထန်ထန် အရေးယူခဲ့သည်ဟု ဆိုသည်။

ကုန်သွယ်ရေးလုပ်ငန်းများတွင် နိုင်ငံခြားသုံးငွေနှင့်ပတ်သက်၍ အလွဲသုံးစားပြုသည်ဆိုကာ စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ကို စစ်ကောင်စီက ထောင်ဒဏ်အနှစ် ၂၀ နှင့် ၅ နှစ်စီ ချမှတ်ခဲ့သည်။

Show More

Related Articles

Back to top button