သတင်း

စစ်ကောင်စီက ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူများကို ပစ်မှတ်ထားဖမ်းဆီး

နိုင်ငံခြားငွေရှားပါးနေသည့် စစ်ကောင်စီက ငွေကြေးလဲလှယ်လွှဲပြောင်းပေးသည့် လိုင်စင်မဲ့ဟွန်ဒီသမားများကို အမှုဖွင့် တရားစွဲနေသည်။

ဟွန်ဒီငွေလွှဲလုပ်ငန်းများပပျောက်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စသုံးလုံးနှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့က စုံစမ်းဖော်ထုတ်ပြီး သံသယဖြစ်ခံရသူ ၄၀ ကို အရေးယူထားသည်ဟု စစ်ကောင်စီ၏ဗဟိုဘဏ်က ဇန်နဝါရီ ၈ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

ထိုသို့စုံံစမ်းဖော်ထုတ်ရာတွင် သံသယဖြစ်ဖွယ်ငွေလဲလှယ်လွှဲပြောင်းသူ ၉၉ ဦးကို စိစစ်ခဲ့ပြီး အမှုဖွင့်ခံရသူ ဦးရေ ၂၀၊  သက်ဆိုင်ရာမြို့နယ်တရားရုံးများ၌ တရားစွဲခံထားရသူ ၂၀ ရှိကြောင်း ထိုထုတ်ပြန်ချက်တွင် တွေ့ရသည်။

မည်သူဖြစ်ကြောင်း အသေးစိတ်မထုတ်ပြန်သော်လည်း တရားရုံး၌ တရားစွဲအရေးယူထားသူတို့အနက် ထိုင်း၊ တရုတ်နှင့် မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားလစာငွေကို လွှဲပြောင်းထုတ်ပေးသူ ၉ ဦး၊ ကုန်ပစ္စည်းဝယ်ယူခြင်းအတွက် ငွေလွှဲပြောင်းပေးသူ ၃ ဦး၊ နိုင်ငံခြားငွေမှ ကျပ်ငွေလဲထုတ်ပေးသူ ၈ ဦး ပါဝင်ကာ ငွေဒဏ်နှင့် ထောင်ဒဏ်များချမှတ်နေသည်ဟု ဆိုသည်။

ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုတွင် တွေ့ရသည့် အမေရိကန်ဒေါ်လာများ (ဓာတ်ပုံ – EPA)

ဟွန်ဒီလုပ်ငန်းများကို ဆက်လက်ဖော်ထုတ်ပြီး ထိရောက်စွာပြစ်ဒဏ်ချမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင် တရားဝင်ငွေလွှဲလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်ဟုဆိုကာ ကုမ္ပဏီ ၁၄ ခုကို လိုင်စင်ထုတ်ပေးထားကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံပိတ်ဆို့ခံထားရသဖြင့် နိုင်ငံခြားငွေလိုအပ်ချက်ကြီးလာချိန် စစ်တပ်ထိန်းချုပ် ဘဏ္ဍာရေးစနစ်အတွင်းမရှိသည့် ဟွန်ဒီငွေလဲလုပ်ငန်းကို ဖြိုခွင်းနေခြင်းဖြစ်ကြောင်း ပြည်တွင်းပြည်ပ ဟွန်ဒီလုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

“ငွေလွှဲလောကထဲမှာဆိုရင် အိမ်ထုတ်ဆိုပြီးခေါ်တယ်။ ဥပမာ ပဲခူးကို လွှဲမယ်ဆိုရင် ကျွန်တော်တို့နဲ့ ချိတ်ဆက်ထားတဲ့ နောက်ထပ်ငွေလွှဲတဲ့သူတစ်ဦးရှိတယ်။ သူတို့ကို ဘယ်သူဘယ်ဝါကို လွှဲလိုက်ပါလို့ ပြောရင် အိမ်မှာသွားထုတ်လို့ရတယ်။ အခုဟာက အဲ့လိုလုပ်တဲ့သူတွေသိပ်မရှိတော့ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုသတင်းရင်းမြစ်က ပြောသည်။

သွင်းထားသည့်ငွေများကို ATM တွင်လည်းကောင်း၊ ဘဏ်တွင်လည်းကောင်း ထုတ်ယူခွင့် ပိတ်ပင်ခဲ့ခြင်းမှာ နိုင်ငံအနှံ့ ရင်ဆိုင်ခဲ့ရသည့် အဆိုးဝါးဆုံးဖြစ်ရပ်တစ်ခု ဖြစ်သည်။ ဒေါ်လာအပ်ငွေကို စစ်ကောင်စီသတ်မှတ်ငွေလဲနှုန်းထားအတိုင်း ကျပ်ငွေဖြင့် ပြောင်းလဲ စာရင်းသွင်းခြင်းမှာလည်း ဘဏ်တွင် နိုင်ငံခြားငွေစာရင်းဖွင့်ထားသူတို့ နစ်နာခဲ့ရသည်။

နိုင်ငံခြားငွေနှင့်ပတ်သက်၍ တစ်နေ့တစ်မျိုးမရိုးနိုင်သည့် မူဝါဒများချနေခြင်းကြောင့် စစ်တပ်ထိန်းချုပ် ဘဏ်နှင့် တရားဝင်ငွေလဲလုပ်ငန်းများကို အယုံအကြည်နည်းပါးကြောင်း၊ စစ်ကောင်စီ ငွေလဲနှုန်းထားမှာ ဈေးကွက်ပေါက်ဈေးထက် နည်းပါးခြင်းကြောင့် ဟွန်ဒီကို သုံးကြကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

“သူတို့စီမံခန့်ခွဲမှုအမှားကြောင့်ဖြစ်သွားတာ။ ဘာနဲ့အလားသဏ္ဌာန်တူလဲဆိုတော့ အပ်ထားတဲ့ပိုက်ဆံကို ပြန်မပေးနိုင်ဘူး၊ လုပ်ချင်ရာလုပ်ဆိုပြီး မိုက်ကြေးခွဲပြီးပြောလိုက်တဲ့စကားတစ်ခွန်းရဲ့ နောက်ဆက်တွဲမှာ အယုံအကြည်မဲ့သွားပြီး ပိုက်ဆံမအပ်တော့သလို ဖြစ်သွားတာ” ဟု သူက ဆက်ပြောသည်။

စစ်ကောင်စီသည် ကုမ္ပဏီများ၏ နိုင်ငံခြားဘဏ်စာရင်းမှ နိုင်ငံခြားငွေများကို ဈေးကွက်ပေါက်ဈေးထက် နည်းသည့် ငွေလဲနှုန်းဖြင့် ကျပ်ငွေအဖြစ်လဲယူသည့်နည်းတူ ပို့ကုန်ရငွေကိုလည်း အလားတူလဲယူခဲ့သဖြင့် ဘဏ်နှင့် ငွေလဲလုပ်ငန်းများ၏ အသုံးပြုရန် လက်တွန့်သွားသည်။

ထိုစဉ်က နိုင်ငံတကာသံရုံးများ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ နိုင်ငံခြားဘဏ်စာရင်းမှ နိုင်ငံခြားငွေများသည်ပင် ကျပ်ငွေဖြင့် အလဲခံရမည့်အခြေအနေဖြစ်ခဲ့ပြီး နောက်ပိုင်းမှသာ ၎င်းတို့ကို ကင်းလွှတ်ခွင့်ပြုခဲ့သည်။

စည်းကမ်းတင်းကျပ်သည့် စင်ကာပူတွင် မြန်မာနိုင်ငံသို့ ငွေလွဲဝန်ဆောင်မှုပေးသည့် ဟွန်ဒီလုပ်ငန်းများအပြားရှိပြီး အဆက်အသွယ်များထူထောင်ကာ လည်ပတ်နေသည်။ ထိုလုပ်ငန်းများကို စင်ကာပူအာဏာပိုင်များက အရေးယူသည့်ဖြစ်စဉ်များလည်းရှိနေသည်ဟု စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦးက ပြောသည်။

“ပေါ်တင်တော့မလုပ်ရဲကြဘူး။ စလုံးမှာရော မြန်မာမှာရော။ (ဘဏ်နှင့် ဟွန်ဒီ) နှစ်ခုလုံးသုံးလို့ရပေမဲ့ ဘဏ်ကိုတော့ တတ်နိုင်သလောက် ရှောင်ပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် လုပ်ခလစာ ၂၅ ရာခိုင်နှုန်း ဘဏ်မှတစ်ဆင့် လွှဲရန် သတ်မှတ်ထားပြီး ပြန်မလွှဲသူများကို ပတ်စ်ပို့သက်တမ်းတိုးမပေးခြင်းဖြင့် ထိန်းချုပ်ထားသည်။ တစ်ပြိုင်တည်းတွင် ဝင်ငွေခွန်များကောက်ခံနေသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားသန်းနှင့်ချီရှိသည့် ထိုင်းနိုင်ငံမှ မြန်မာကို ငွေလွှဲဝန်ဆောင်မှုပေးရန် ထိုင်းနိုင်ငံရှိ အထင်ကရဘဏ်ကြီးတစ်ခုဖြစ်သော Kasikorn နှင့် မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်တို့ ပူးပေါင်းလုပ်ဆောင်နေသည်။

အာဏာသိမ်းစစ်ကောင်စီကို ကန့်သတ်ပိတ်ဆို့မှုများ ပေါ်ပေါက်လာရာ ဟွန်ဒီငွေလဲလုပ်ငန်းများသည် အလုပ်သမားလစာလွှဲပြောင်းမှုအပြင် နယ်စပ်ကုန်သွယ်မှုတွင်ပါ အသုံးတွင်ကျယ်ကြောင်း ကုန်သည်များက ဆိုသည်။

Show More

Related Articles

Back to top button