
အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူခြင်းအပါအဝင် ဘက်ပေါင်းစုံမှ ပိတ်ဆို့ခံထားရသည့် အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံခြားသုံးငွေလိုအပ်ချက်အတွက် အမေရိကန်ဒေါ်လာ ရပေါက်ရလမ်းအားလုံးကို မီးကုန်ယမ်းကုန် ထိန်းချုပ်လာသည်။
ပြည်ပမှ စီးဝင်သော ဒေါ်လာများကို တစ်ဒေါ်လာလျှင် ၁,၈၅၀ ကျပ်နှုန်းဖြင့် တစ်ရက်အတွင်း မဖြစ်မနေလဲလှယ်ရန် စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်က ယခုလ ၃ ရက်တွင် အမိန့်ထုတ်ပြန်သည်။ ဆက်စပ်ညွှန်ကြားချက်များလည်း ထုတ်ပြန်သည်။
ကင်းလွတ်ခွင့်ပြုသော ကိစ္စရပ်များမှလွဲ၍ နိုင်ငံခြားငွေအသီးသီးကို ကျပ်ငွေဖြင့် နေ့ချင်းပြီး လဲလှယ်ရမည်၊ ပြည်ပသို့ လွှဲပြောင်းပေးချေခြင်းတွင်လည်း ခွင့်ပြုချက်ယူရမည်ဟု စစ်ကောင်စီက တင်းကျပ်သည်။
လက်တလောတွင် ဝန်ကြီးဌာနများ၏ နိုင်ငံခြားဝင်ငွေစာရင်းများ ကင်းလွတ်ခွင့်ရထားသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုထိပ်ဆုံးနိုင်ငံများဖြစ်သည့် စင်ကာပူနှင့် ဂျပန်သံရုံးများက ကင်းလွတ်ကင်းခွင့်ရရန် တောင်းဆိုထားသည်။
စစ်ကောင်စီထုတ်ပြန်ပြီး နောက်တစ်ရက် ဂျပန်သံရုံးက တောင်းဆိုရာတွင် မြန်မာနိုင်ငံရှိ ၎င်းတို့ကုမ္ပဏီများအနေဖြင့် အလွန်တရာ အခက်အခဲကြုံတွေ့မည်ဖြစ်ကြောင်း ဖော်ပြထားသလို နှစ်ရက်အကြာတွင် စင်ကာပူသံရုံးကလည်း အလားတူ ထုတ်ပြန်သည်။
နိုင်ငံခြားသုံးငွေကန့်သတ်ခြင်းနှင့် ပတ်သက်၍ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၇ မျိုးကို ကင်းလွတ်ခွင့်ပြုကြောင်း သီတင်းသုံးပတ်နီးပါးအကြာ ဧပြီ ၂၀ တွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်သည်။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ အထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများ၊ သံရုံးအသိုင်းအဝိုင်း၊ ကုလသမဂ္ဂလက်အောက်ခံ ဝန်ထမ်းများ၊ နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံခြားသားများနှင့် ပြည်တွင်းလေကြောင်းလိုင်းများကို ကင်းလွတ်ခွင့်ပြုမည်ဟု ဆိုသည်။
သို့သော်လည်း ကင်းလွတ်ခွင့်မရသည့် ပို့ကုန်လုပ်ငန်းရှင်များ၊ သင်္ဘောသားနှင့် အခြားနိုင်ငံခြားဝင်ငွေရ လုပ်ငန်းများအနေဖြင့် တစ်ရက်အတွင်း မဖြစ်မနေ ကျပ်ငွေပြောင်းရမည်ဖြစ်သည်။
နိုင်ငံခြားငွေမရှိတော့သည့် စစ်ကောင်စီသည် ပြည်သူများ၏ ဒေါ်လာကို အတင်းအကျပ်လဲယူခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် အေးဓားပြတိုက်ခြင်းဖြစ်သည်ဟု နှစ်ပေါင်း ၃၀ ကျော် ပြည်ပကို ရေထွက်ကုန်တင်ပို့နေသည့် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက Myanmar Now ကိုပြောသည်။
“မလုပ်သင့်တဲ့ကိစ္စကြီး။ သူတို့ ဝယ်ချင်လို့ရှိရင် အပြင်ပေါက်ဈေးနဲ့ လိုက်ပြီးတော့ ဝယ်ပေါ့။ ယှဉ်ပြီးတော့ ဝယ်ပေါ့” ဟု အမည်မဖော်လိုသည့် ထိုကုန်သည်က ဆိုသည်။
ဈေးကွက်စီးပွားရေးနှင့် ဖီလာဆန့်ကျင်သည့် ယခုကဲ့သို့ ဒေါ်လာထိန်းချုပ်မှုသည် ၁၉၉၀ နောက်ပိုင်း စစ်အစိုးရခေတ်ကို နောက်ကြောင်းပြန်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီက ဘာကြောင့် ဒေါ်လာထိန်းချုပ်သလဲ
စစ်အာဏာသိမ်းပြီးနောက် ပို့ကုန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းအပြင် နိုင်ငံခြားဝင်ငွေ ရပေါက်ရလမ်းများ ပိတ်ဆို့ခံရခြင်းက စစ်ကောင်စီကို ဒေါ်လာဝင်ငွေ အကြီးအကျယ်ကျဆင်းစေသည်။
အာဏာမသိမ်းမီ ၂၀၁၉-၂၀ ဘဏ္ဍာနှစ် (အောက်တိုဘာမှ စက်တင်ဘာ) တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ် လာ ၄ ဒသမ ၈ ဘီလျံကျော် ရှိသော်လည်း အာဏာသိမ်းပြီးနောက် ၂၀၂၀-၂၁ တွင် ၃ ဒသမ ၇ ဘီလျံကျော်သာရှိရာ ၁ ဘီလျံကျသွားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ စာရင်းများအရ သိရသည်။
စစ်ကောင်စီက ဘဏ္ဍာနှစ်ပြောင်းလဲသတ်မှတ်ခဲ့သော်လည်း မီနီဘတ်ဂျက်ခေါ် ကြားကာလ ၆ လ (၂၀၂၁ အောင်တိုဘာမှ မတ်လကုန်အထိ) တွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၆၄၇ သန်းသာရှိခဲ့သည်။
စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများအရ ပို့ကုန်တင်ပို့မှုတွင်လည်း ဒေါ်လာ ၂ ဘီလျံကျော် ကျဆင်းခဲ့သည်။ အာဏာမသိမ်းမီက ပို့ကုန် ဒေါ်လာ ၁၇ ဘီလျံအထိ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ၁၅ ဘီလျံသာရှိသည်။
ထို့ပြင် စစ်တပ်၏ အဓိကစီးပွားရေးထောက်တိုင်နှစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်(MEHL)နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) တို့သည်လည်း ဥရောပသမဂ္ဂကအပါအဝင် အမေရိကန်နှင့် ဗြိတိန်တို့၏ ပိတ်ဆို့အရေးယူခြင်း ခံရသည်။
နိုင်ငံခြားဝင်ငွေ အဓိကရှာပေးသည့် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူလိုက်ခြင်းနှင့်အတူ ဓာတ်ငွေ့ရောင်းရငွေများ စစ်ကောင်စီထံ မရောက်စေရန် ဖိအားပေးမှုများ ရှိလာသည်။ နောက်ဆက်တွဲအနေဖြင့် အထင်ကရ နိုင်ငံတကာရေနံကုမ္ပဏီကြီးများ နိုင်ငံတွင်းမှ ထွက်ခွာရန် ဆုံးဖြတ်သည်။
မြန်မာနိုင်ငံတွင် ၂၅ နှစ်ကျော် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လာသည့် ပြင်သစ်နိုင်ငံမှ Total ရေနံကုမ္ပဏီ၊ ၎င်းနှင့် တွဲဖက်လုပ်ကိုင်နေသည့် အမေရိကန်ရေနံကုမ္ပဏီ Chevron တို့က ၎င်းတို့ရင်းနှီးမြှုပ်နှံလုပ်ငန်းများကို စွန့်လွှတ်ကာ ထွက်ခွာတော့မည်ဖြစ်သည်။
စစ်လက်နက်များဝယ်ယူခြင်းကြောင့် ဒေါ်လာလိုအပ်ချက်ရှိနေကြောင်း မန္တလေးမြို့မှ စားသောက်ကုန်လုပ်ငန်းရှင်တစ်ဦးက ထောက်ပြသည်။

“စစ်လက်နက်ပစ္စည်းဆိုတာက ဒေါ်လာနဲ့ ဝယ်ရတာပဲ။ ဒေါ်လာလိုအပ်တယ်။ ပြည်သူတစ်ယောက်ရဲ့ အမြင်ပါ။ ဒေါ်လာလိုအပ်တဲ့အတွက် အေးဓားပြတိုက်တော့တာပဲ။ ပြောကြကြေးဆိုရင် တရားဝင်ဓားပြတိုက်ခြင်းပဲ။ ပြည်သူလူထုရဲ့ငွေကို”
ထို့ပြင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကျပ်ငွေအပေါ် ယုံကြည်မှုကျဆင်းပြီး ဒေါ်လာစုဆောင်းခြင်း၊ ပြည်တွင်း၌ မရှိမဖြစ်လိုအပ်သော စက်သုံးဆီ၊ ဆေးဝါးနှင့် စားသုံးဆီများကို ဒေါ်လာနှင့် တင်သွင်းရခြင်းတို့ကြောင့် ဒေါ်လာလိုအပ်ချက် နေ့စဉ်ရက်ဆက် မြင့်မားနေဆဲဖြစ်သည်။
အာဏာမသိမ်းမီ တစ်ဒေါ်လာ ၁,၃၃၇ ကျပ်သာရှိသည့် ဒေါ်လာဈေးမှာ အာဏာသိမ်းပြီးနောက် ကျပ် ၂,၀၀၀ ကျော်လာကာ ကျပ်ငွေတန်ဖိုးသည် တစ်နှစ်ကျော်ကာလတွင်း ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်။
အကျပ်အတည်းဆိုက်မည့် ကုန်သွယ်ရေး
စစ်ကောင်စီအလိုအရ ပေါက်ဈေးထက် ကျပ် ၂၀၀ လျော့ကာ တစ်ဒေါ်လာ ၁,၈၅၀ ကျပ်ဖြင့် မဖြစ်မနေလဲလှယ်မည်ဖြစ်သောကြောင့် အမြတ် ၁၀ ရာခိုင်နှုန်းဝန်းကျင် လျော့နည်းသွားနိုင်ကြောင်း ကုန်သည်များက ဆိုသည်။
ဆိုလိုသည်မှာ တစ်ဒေါ်လာတန်သည့် ပစ္စည်းကို ဈေးကွက်ပေါက်ဈေးနှင့် တွက်ပါက ၂,၀၅၀ ကျပ် ရနိုင်သော်လည်း စစ်ကောင်စီက ၁,၈၅၀ နှင့် လဲယူလိုက်၍ ကျပ် ၂၀၀ နစ်နာသွားခြင်းဖြစ်သည်။
တရုတ်နှင့် ထိုင်းနယ်စပ်တွင် ယွမ်နှင့် ဘတ်တို့ဖြင့် ပေးချေလာပြီဖြစ်သောကြောင့် မသိသာနိုင်သော်လည်း ပင်လယ်ရေကြောင်းမှ ကုန်တင်ပို့ပြီး ဒေါ်လာဖြင့် ရောင်းဝယ်သည့် ပို့ကုန်သမားများထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးမင်းခိုင်က Myanmar Now ကို ပြောသည်။
“Currency rate (ငွေလဲနှုန်း) တွေ မသတ်မှတ်ခင် ၁၈၀၀ ပဲရှိရှိ ၂၀၀၀ ပဲရှိရှိ ကြိုက်တဲ့ဈေးရှိ ကိုယ့်အကောင့်ထဲက ကိုယ် ဒေါ်လာထားတယ်။ ကျွန်တော်ရောင်းချင်တဲ့အချိန် လဲချင်တဲ့အချိန် လဲမယ်။ သတ်မှတ်ထားတဲ့ကာလ မကျော်ခင် အဲ့လိုအနေအထားရှိတာပေါ့။ အခုဟာကတော့ ဝင်လာရင် ကိုယ်ဆုံးဖြတ်ခွင့် မရှိဘူး။ ဘယ်နေ့ဝင်ဝင် မြန်မာငွေ ချက်ချင်းပြောင်းသွားမယ်” ဟု ၎င်းက ဆိုသည်။
ကုန်သည်က ကျပ်ငွေနှင့် လဲလှယ်ရာတွင် ဘဏ်ဝန်ဆောင်ခ တစ်ဒေါ်လာလျှင် ၃ ကျပ် ပေးရမည်ဖြစ်သည်။
ငွေသားထုတ်ယူခွင့် အကန့်အသတ်များရှိခြင်းကြောင့် လဲလှယ်ပြီးသည့် ကျပ်ငွေများကို အပြည့်အဝထုတ်ယူခွင့်မရပါက ဝန်ထမ်းလစာ၊ စက်ရုံစရိတ်၊ ကုန်ကြမ်းဝယ်ယူစရိတ် ခက်ခဲကြောင်း နှစ်ပေါင်း ၃၀ ကျော် ရေထွက်ကုန်တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ထည့်သမျှငွေ အကုန်ပြန်ထုတ်နိုင်သည့် Special Account အတွင်း ထည့်ပေးပါက အဆင်ပြေပြီး တစ်ပတ်လျှင် သိန်း ၂၀၀ သာထုတ်ခွင့်ရသည့် ဘဏ်စာရင်းကို ထည့်ပေးပါက အဆင်မပြေကြောင်း ၎င်းက ဆိုသည်။
ဒေါ်လာဈေးကို ၁,၈၅၀ အသေသတ်မှတ်ထားခြင်းကြောင့် ကုန်သည်များအနေဖြင့် တောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များထံမှ ကုန်ကြမ်းများဝယ်ယူရာတွင် ထိုဈေးဖြင့် ချိန်ဆဝယ်ယူမည်ဖြစ်၍ ကောက်ပဲသီးနှံဈေး၊ ငါးပုစွန်ဈေးနှုန်းကျဆင်းနိုင်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ဒေါ်လာရငွေများကို ထိန်းချုပ်ထားသည့်ပြင် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းရန် လိုအပ်သည့် နိုင်ငံခြားငွေလည်း ၎င်းတို့ထံတင်ပြပြီးမှ ခွင့်ပြုမည်ဖြစ်သည်။
ကုန်ပစ္စည်းများတင်သွင်းရန် လိုအပ်သည့် ဒေါ်လာငွေကို ယခင်လို လွယ်ကူစွာဝယ်ခွင့်မရတော့ဘဲ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးကိုယ်တိုင် စီးပွားကူးသန်းဝန်ကြီးဌာနတွင် လျှောက်ထားရမည်ဖြစ်သည်ဟု ကုန်သွယ်ရေးဦးစီးဌာနက ကြေညာထားသည်။
“Export (ပို့ကုန်) သမားထက် Import (သွင်းကုန်) သမားလည်း ထိမှာပဲ။ Import သမားကလည်း သွင်းဖို့ကို ပိုက်ဆံ (ဒေါ်လာ) ဝယ်ဖို့ ကျပ်နဲ့ လျှောက်ရမယ်။ ကုန်သွယ်ရေးမှာ Board of Director ကြီးတစ်ယောက် မျက်နှာကြီးပြရဦးမယ်။ အဲဒါတွေဖြစ်လာတော့ Import တွေမှာ ထိခိုက်မယ်ထင်တာပဲ။ ပစ္စည်းတွေက သွင်းမလာတော့ဘူး” ဟု အထက်ပါ ရေထွက်ကုန်သည်က ဆိုသည်။
စစ်ကောင်စီလက်ထက်တွင် ဒေါ်လာအသုံးပြုမှုလျှော့ချရန် ကားတင်သွင်းမှုကို ပိတ်ပင်ထားပြီး လိုင်စင်မလိုဘဲ တင်သွင်းနိုင်သည့် ကုန်ပစ္စည်းအများစုကို လိုင်စင်ပြန်လည်လျှောက်ထားရမည်ဟု စီးပွားကူးသန်းဝန်ကြီးဌာနက ပြောင်းလဲသတ်မှတ်ထားသည်။
ဒေါ်လာအသုံးထိန်းချုပ်သည့်ပြင် နိုင်ငံခြားသွင်းကုန်များကို လိုင်စင်ဖြင့် ပိတ်ပင်ထားသောကြောင့် ကုန်ပစ္စည်းများရှားပါးလာပြီး ဈေးနှုန်း ပိုမိုကြီးမြင့်နိုင်ကြောင်း အထက်ပါ ရေထွက်ကုန်တင်ပို့သည့် လုပ်ငန်းရှင်က ခန့်မှန်းသည်။
စိုက်ပျိုးရေးနိုင်ငံဟုဆိုသော်လည်း မြန်မာနိုင်ငံအနေဖြင့် မျိုးစေ့၊ ဓာတ်မြေဩဇာမှအစ လူသုံးကုန်၊ စားသောက်ကုန်၊ ကုန်ကြမ်းပစ္စည်းများကို ပြည်ပနိုင်ငံများကို မှီခိုနေရခြင်းဖြစ်သည်။
“လွယ်လွယ်နဲ့မှ သွင်းလို့မရတဲ့ကိစ္စမှာ Red Tape (ကြိုးနီစနစ်) တွေ ဖြစ်လာပြီ ကုန်ကျစရိတ်တွေ ပိုများလာပြီ ဒီလိုအချိန်ကြီးမှာ ဘယ်လိုလုပ်ပြီး ကုန်ဈေးနှုန်းကျသွားနိုင်တယ်လို့ ပြောလို့ရမလဲ” ဟု အထက်ပါ ကုန်သည်က မှတ်ချက်ချသည်။
ကန့်သတ်ချက်တစ်ခုတိုးလာတိုင်း အခက်အခဲတစ်ခုပိုတိုးလာခြင်းဖြစ်ပြီး အချိန်ကြာလာသည်နှင့် ဈေးနှုန်းကြီးမြင့်မှု၊ လိုချင်သည့်ပစ္စည်းများ မရရှိမှု ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်က ပြောသည်။
“ကန့်သတ်တာ မကြာသေးလို့ မသိသာသေးပေမဲ့ တစ်လနှစ်လလောက်အတွင်း ဒီသက်ရောက်မှုက ဘယ်လိုဖြစ်လာမယ်ဆိုတာက အင်မတန်သိသာလာမယ်လို့ ယူဆတယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံခြားမှတင်သွင်းသည့် ပစ္စည်းများ ဈေးနှုန်းကြီးမြင့်လာလေ ကုန်ဈေးနှုန်းကြီးမြင့်လာလေဖြစ်၍ ကျပ်ငွေတန်ဖိုးမှာလည်း ဇောက်ထိုးကျဆင်းမည့်လက္ခဏာဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ခန့်မှန်းကြသည်။
ဒေါ်လာထိန်းချုပ်မှုကြောင့် မလိုအပ်ဘဲ မြန်မာနိုင်ငံသားများ၏ လူနေမှုအဆင့်တန်း နိမ့်ကျနိုင်သလို နိုင်ငံခြားစီးပွားရေးလုပ်ငန်းနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်နိုင်ကြောင်း နိုင်ငံတကာကုန်သည်ကြီးများအသင်း ၁၂ ခုက ဧပြီ ၈ တွင် ပူးတွဲကြေညာချက်ထုတ်ပြန်သည်။
မြန်မာအနေဖြင့် ကမ္ဘာ့စီးပွားရေး၊ ဘဏ္ဍာရေးစနစ်တို့နှင့် အဆက်သွယ်ပြတ်တောက်သွားနိုင်သည့်နည်းတူ ထိုမူဝါဒကို လက်တွေ့အကောင်ထည်ဖော်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အခက်အခဲများစွာရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်နိုင်ငံသား ဝါရင့်သတင်းစာဆရာ Burtil Lintner က စစ်ကောင်စီ၏ ဒေါ်လာကင်းမဲ့ဇုန်ပြုရေးအစီအစဉ်မှာ ကိုယ့်သေတွင်းကိုယ်တူးသည့်နှယ်ဖြစ်နေကြောင်း Asia Times မဂ္ဂဇင်းတွင် ဧပြီ ၁၉ က ရေးသားသည်။
စစ်ကောင်စီကမူ ၎င်းတို့သတ်မှတ်သည့် တစ်ဒေါ်လာ ၁,၈၅၀ ကျပ်ဖြင့် စက်သုံးဆီဈေးတွက်ချက်ကာ ပြည်တွင်းဈေးကွက်တွင် ပြန်ဖြန့်ဖြူးရန် စက်သုံးဆီရောင်းချသူများကို ဖိအားပေးနေသည်။
ခေါင်းထောင်လာမည့် ဒေါ်လာမှောင်ခိုဈေးကွက်
ဘဏ်အကောင့်ထဲ ဝင်လာသည့် ဒေါ်လာကို ကျပ်ငွေလဲလိုက်ခြင်းကြောင့် ပြည်တွင်းဈေးကွက်ထဲတွင် အရွက်ဟုခေါ်သည့် ဒေါ်လာငွေသားလည်း ရှားပါးလာမည်ဖြစ်သည်။
နိုင်ငံခြားမှ တိုက်ရိုက်ဒေါ်လာကိုင်ဆောင်ပြီး ဝင်ရောက်လာမှသာ ပြန်ရလာနိုင်ကြောင်း ငွေလဲကောင်တာ နှစ်ခုဖွင့်လှစ်ထားသလို ဟိုတယ်လုပ်ငန်းပါ လုပ်ကိုင်နေသည့် အမည်မဖော်လိုသော လုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့လုပ်ငန်းတွေ အကုန်ရပ်ဆိုင်းသွားတာပေါ့။ ငွေဝယ်လို့မရတော့ဘူး။ မူဝါဒပြောင်းလဲသွားတာ တစ်ချက်။ နိုင်ငံခြားငွေရတဲ့သူတွေက ဘဏ်နဲ့ပဲ ရကြတာလေ။ cash (ငွေသား) က ရတာမှ မရှိတာ၊ အရမ်းနည်းတယ်လေ။ ဘဏ်နဲ့ရတဲ့လူတွေ အားလုံးနီးပါးသည် ဘဏ်က အရွက်က မပေးတော့ဘူးလေ” ဟု ၎င်းက ဆိုသည်။
ထိုအမိန့်ကြေညာစာထွက်လာပြီးနောက် ဈေးကွက်ထဲတွင် ဒေါ်လာအဝယ်သာရှိပြီး အရောင်းမရှိသဖြင့် ငွေလဲကောင်တာအားလုံး ပိတ်ထားရကာ ယခုမူဝါဒအတိုင်း ဆက်သွားပါက လာမည့် ခြောက်လအတွင်း ငွေလဲလုပ်ငန်းများ ဒေဝါလီခံသွားနိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။
တစ်ပြိုင်တည်းတွင် နိုင်ငံခြားသို့ သွားရောက်မည့်သူများ လိုအပ်သည့် ဒေါ်လာဝယ်ယူရန် ခက်ခဲနိုင်သလို မှောင်ခိုဈေးကွက် ပြန်ခေါင်းထောင်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
“အဓိက money changer မှာ ဝယ်လို့မရရင် လိုအပ်တဲ့သူတွေက ရတဲ့နေရာမှာ သွားဝယ်မှာပဲ။ သွားဝယ်တော့ အဲဒီမှာ လိမ်လည်မှုတွေ ဖြစ်လာမယ်။ ပြဿနာတွေ ဒုစရိုက်မှုတွေ ဖြစ်လာမယ်။ ဒါတွေကတော့ နည်းနည်းလေးစဉ်းစားရမှာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
လမ်းဟောင်းကြီးဖြစ်သည့် ယခုကဲ့သို့ ဒေါ်လာထိန်းချုပ်မှုကို ၁၉၉၀ နောက်ပိုင်း နဝတနှင့် နအဖ စစ်အစိုးရလက်ထက် ဆောင်ရွက်ခဲ့သော်လည်း မှောင်ခိုဈေးကွက်သာ ကြီးလာကြောင်း မန္တလေးမှ စားသောက်ကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“သူတို့က ထိန်းချုပ်လို့ ရမယ်ထင်တာပေါ့။ ဘယ်လိုထိန်းထိန်း ထိန်းလို့မရဘူး။ ထိန်းရင် ဘာဖြစ်မလဲ မှောင်ခိုဈေးကွက်ဖြစ်လာမှာပဲ။ မှောင်ခိုထဲမှာ အရောင်းအဝယ်တွေ ဖြစ်မယ်။ ဈေးတွေ ပိုကြီးမယ်။ မှောင်ခိုဈေးကွက်ဖြစ်သွားတဲ့အတွက် ကြိုက်ရောင်းကြိုက်ဝယ်တွေ ဖြစ်လာမယ်” ဟု ၎င်းက ဆိုသည်။
နဝတနှင့် နအဖ စစ်အစိုးရလက်ထက်များက မြန်မာနိုင်ငံသားများကို ဒေါ်လာတရားဝင်ကိုင်ခွင့်မပြုခဲ့ပေ။ နိုင်ငံခြားငွေထိန်းချုပ်ရန် ၁၉၉၃ တွင် ဒေါ်လာအစားထိုး နိုင်ငံခြားငွေလဲလက်မှတ် (FEC) ထုတ်ဝေသည်။
FEC ဆိုသည်မှာ ဒေါ်လာနှင့် တန်ဖိုးသင့်ထုတ်ဝေခဲ့သည့် လက်မှတ်ဖြစ်ပြီး နိုင်ငံခြားသားများအနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာပါက ၎င်းတို့ပါလာသည့် ဒေါ်လာများကို FEC နှင့် လဲလှယ်ကာ စစ်အစိုးရက ၎င်းတို့လက်ထဲတွင် ဒေါ်လာရှိနေစေရန် မောင်ပိုင်စီးခြင်းဖြစ်သည်။
ဒေါ်လာလိုသည့် မြန်မာနိုင်ငံသားများသည် မှောင်ခိုဈေးကွက်ကို အားကိုးခဲ့ရပြီး သမ္မတ ဦးသိန်းစိန်အစိုးရတက်လာသည့် အစောပိုင်းနှစ်များအထိ ရန်ကုန်မြို့ ဆူးလေဘုရားနှင့် ရွှေဘုံသာလမ်းတစ်ဝိုက်တွင် ဒေါ်လာမှောင်ခိုရောင်းချသူများစွာရှိခဲ့သည်။
“ပိုပြီးဆိုးရွားတဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ယူဆတယ်။ တို့နိုင်ငံထဲကို တရားဝင် ဒေါ်လာတွေ မစီးဆင်းတော့ဘူး။ မစီးဆင်းတော့ဘဲ ဘယ်မှာ သွားထိုင်မလဲဆိုတော့ ထိုင်းတို့ စင်ကာပူတို့ အခြားနိုင်ငံတွေမှာ သွားထိုင်နိုင်တယ်” ဟု မန္တလေးမှ အထက်ပါလုပ်ငန်းရှင်က ဆိုသည်။
ဆိုလိုသည်မှာ ပို့ကုန်ရငွေများအားလုံးကို ပြည်တွင်းဘဏ်စာရင်းကို မသွင်းတော့ဘဲ စင်ကာပူနှင့် ထိုင်းနိုင်ငံရှိ အကောင့်များထဲတွင် ထည့်သည့်အခြေအနေဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
ဒေါ်လာပိုရှားလာသည်နှင့် ဒေါ်လာအသုံးပြု၍ တင်သွင်းရသည့် ကုန်ပစ္စည်းကို ပိတ်ပင်လာမည်ဖြစ်ပြီး နိုင်ငံတော်လိုအပ်သည့် ကုန်ပစ္စည်းကိုပင် သွင်းကုန်သမားများက သွင်းပေးရသည့် ယခင်အခြေအနေမျိုး ကြုံလာဖွယ်ရှိကြောင်း ကုန်သည်များက ဆိုသည်။
နဝတနှင့် နအဖ စစ်အစိုးရလက်ထက်က နိုင်ငံခြားမှ နို့ဆီ ဒေါ်လာတစ်သိန်းဖိုးတင်သွင်းလိုလျှင် ရာနှုန်းပြည့်သွင်းခွင့်မရဘဲ ၂၀ ရာခိုင်နှုန်း (ဒေါ်လာ ၂၀,၀၀၀ ဖိုး) ကို နိုင်ငံတော်လိုအပ်ချက်ဖြစ်သည့် သွပ်ပြားများတင်သွင်းပေးခဲ့ရသည်။
“မကျပ်ကျပ်အောင် ကျပ်မယ်။ ကျပ်တဲ့အခါကြတော့ လူတွေက ဘယ်လိုသွင်းတော့မလဲ မှောင်ခိုက သွင်းတော့မှာပေါ့” ဟု နှစ်ပေါင်း ၃၀ ကျော် ပြည်ပကို ရေထွက်ကုန်တင်ပို့နေသည့် ပို့ကုန်လုပ်ငန်းရှင်က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)