အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

စစ်တပ်ရဲ့ လေကြောင်းအသာစီးရမှုနဲ့  တော်လှန်ရေးအင်အားစုရဲ့ တန်ပြန်ရင်ဆိုင်မှု

တံတားဦးလေတပ်စခန်းကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဝင်တိုက်လိုက်တာဟာ စစ်တပ်ရဲ့ အရေးအပါဆုံး လေကြောင်းအသာစီးရမှုကို အပြင်းအထန် ခြိမ်းခြောက်လိုက်တာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကာလတလျှောက်လုံး မြန်မာစစ်တပ်ဟာ ဝေဟင်တခွင်ကို သူတို့အတွက် အလုံခြုံဆုံး စစ်မြေပြင်တခုအဖြစ် သတ်မှတ်ထားခဲ့တာပါ။ မြေပြင်တပ်တွေက စခန်းတွေ၊ မြို့ရွာတွေနဲ့ ဗျူဟာကျတဲ့ လမ်းကြောင်းတွေကို တော်လှန်ရေးအင်အားစုတွေလက်ထဲ ဆုံးရှုံးခဲ့ရပေမယ့်၊ သူတို့ရဲ့ လေယာဉ်တွေကတော့ အဲဒီဆုံးရှုံးနယ်မြေပေါ်ကနေ ပျံသန်းနိုင်သလို ရန်သူကို ဗုံးကြဲပြီး လုံခြုံရေးအထပ်ထပ်ချထားတဲ့ လေတပ်စခန်းတွေဆီ အေးအေးဆေးဆေး ပြန်လှည့်နိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီလို လုံခြုံတယ်လို့ ခံစားနေရတဲ့ စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်မှာတော့ အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားခဲ့ရပါတယ်။ အဲဒီနေ့က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ တွဲလျက်ရှိနေတဲ့ တံတားဦးလေတပ်စခန်းကို FPV လို့ခေါ်တဲ့ အသေခံတိုက်ခိုက်ရေးဒရုန်း ခြောက်စီးနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံလိုက်ရလို့ပါ။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ စင်ပြိုင် အရပ်သားအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ သူတို့တပ်ဖွဲ့တွေဟာ စစ်တပ်ရဲ့ ဗုံးကြဲစစ်ဆင်ရေးတွေမှာ သုံးတဲ့ လေယာဉ်တွေရပ်နားထားရာ စစ်ဘက်ဆိုင်ရာသီးသန့်ဇုန်ကိုသာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

ထွက်ပေါ်လာတဲ့ ရုပ်သံတွေအရ ဒရုန်းတွေဟာ အမိုးအကာတွေအောက်မှာ ရပ်ထားတဲ့ တိုက်လေယာဉ်တွေဆီ တည့်တည့်မတ်မတ် ဝင်သွားတာကို တွေ့ရတယ်။ ဘယ်လောက်အထိ ပျက်စီးသွားတယ်ဆိုတာကိုတော့ အငြင်းပွားနေကြဆဲဖြစ်ပေမယ့်၊ အဲဒီတိုက်ခိုက်မှုကြောင့် အရပ်ဘက်လေဆိပ်ပါ ပိတ်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့တယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေက ဒရုန်း ခြောက်စီးလုံးကို တားဆီးနိုင်ခဲ့ပြီး “အပျက်အစီးနဲ့ လူထိခိုက်သေဆုံးမှု မရှိဘူး” လို့ တုံ့ပြန်ပါတယ်။ ဒါပေမဲ့ လေဆိပ်ကိုတော့ နောက်ထပ် နှစ်ရက်ကြာတဲ့အထိ ပိတ်ထားခဲ့ပါတယ်။

စစ်ရာဇဝတ်မှုလို့ ပြန်စွပ်စွဲလာခြင်း

စစ်တပ်အာဏာပိုင်တွေက တော်လှန်ရေးအဖွဲ့တွေဟာ အရပ်ဘက် အဆောက်အဦတွေကို ပစ်မှတ်ထားနေပါတယ်ဆိုပြီး စွပ်စွဲလာသလို၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကိုပါ ကိုးကားပြောဆိုလာပါတယ်။ မြန်မာ့လေတပ်ကိုယ်တိုင်က သူတို့ရဲ့ ဗုံးကြဲစစ်ဆင်ရေးတွေနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ စောင့်ကြည့်စစ်ဆေးမှုတွေ၊ ဝေဖန်မှုတွေ ပိုပြီးရင်ဆိုင်နေရချိန်မှာ အခုလို ပြောလာတာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာပဲ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) က သူတို့ရဲ့ စုံစမ်းတွေ့ရှိချက်တွေအရ “စစ်တပ်ဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ပုံစံမျိုးကို တွေ့နေရတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။ နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ တပ်ဖွဲ့တွေနဲ့ အထက်က အမိန့်ပေး ကွပ်ကဲမှုယန္တရားတွေကို ဖော်ထုတ်နေတယ်လို့လည်း ဆိုပါတယ်။

Myanmar Witness အဖွဲ့ရဲ့ စုံစမ်းလေ့လာမှုအသစ်တခုမှာလည်း ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၈ ကနေ ဒီနှစ် ဧပြီလ ၂၅ ရက်နေ့အထိ ကလေးသူငယ်တွေ ထိခိုက်ခဲ့ရတဲ့ ဖြစ်စဉ်ပေါင်း ၉၆ ခု ရှိခဲ့ပြီး၊ ကလေး ၈၅ ဦး သေဆုံးကာ ၁၂၉ ဦး ဒဏ်ရာရခဲ့တဲ့အတွက် စုစုပေါင်း ၂၁၄ ဦးအထိ ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထဲက ထိခိုက်သေဆုံးသူ ၄၈ ဦးကိုတော့ ရရှိထားတဲ့ ရုပ်သံအထောက်အထားတွေနဲ့ သီးခြားအတည်ပြုနိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေထဲမှာ မြန်မာ့လေတပ်ကို အဓိက ကျူးလွန်သူအဖြစ် အများဆုံး ဖော်ပြထားပြီး၊ အဲဒီလို ဖော်ပြထားမှု ၆၁ ကြိမ်ရှိပါတယ်။ အများစုက လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။

နေအိမ်နဲ့ စာသင်ကျောင်းတွေထဲက ကလေးငယ်တွေကိုပါ ဗုံးကြဲဖို့ ဝန်မလေးခဲ့တဲ့ စစ်တပ်ဟာ တံတားဦး လေဆိပ်က စစ်လေယာဉ်တွေ တိုက်ခိုက်ခံရချိန်မှာတော့ ဂျီနီဗာကွန်ဗင်းရှင်း (Geneva Conventions) ကို ကိုးကားပြီး စစ်ရာဇဝတ်မှုတွေအကြောင်း ပါးစပ်ကနေ ပြန်ပြောလာပါတယ်။ ဒီအချက်တခုတည်းနဲ့တင် ဒီဖြစ်စဥ်ဟာ မှတ်တမ်းတင်ထိုက်ပါတယ်။

မညီမျှတဲ့ လေကြောင်းစစ်ပွဲ

တံတားဦးတိုက်ခိုက်ခံရမှုက အရေးပါနေတဲ့ နောက်ထပ်အကြောင်းရင်းတခုလည်း ရှိပါသေးတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပွဲကာလတလျှောက်လုံး စစ်တပ်ရင်ဆိုင်နေရတဲ့ “မြေပြင်တပ်တွေ လုံလုံခြုံခြုံ မထိန်းချုပ်ထားနိုင်တော့တဲ့ နေရာတွေမှာ ဘယ်လိုဆက်တိုက်မလဲ” ဆိုတဲ့ ပြဿနာအတွက် လေတပ်ဟာ အဓိကအဖြေတခု ဖြစ်လာခဲ့တာပါ။ 

မြေပြင်စစ်ကြောင်းတွေ ရှေ့ဆက်တိုးမရဘဲ ရပ်တန့်သွားတဲ့အခါ လေယာဉ်တွေက သူတို့ရှေ့ကနေ ကြိုပြီး ဗုံးကြဲရှင်းလင်းပေးရပါတယ်။ အဆက်အသွယ်ပြတ်နေတဲ့ စခန်းတွေဆီ လက်နက်ခဲယမ်း ဒါမှမဟုတ် စစ်ကူပို့ဖို့လိုလာရင်လည်း ရဟတ်ယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေကပဲ ပို့ပေးနေရပါတယ်။

စစ်တပ်ဟာ မြို့တမြို့ကို လက်လွှတ်လိုက်ရရင်တောင် လေယာဉ်တွေကတော့ အဲဒီမြို့ကို ဆက်ပြီး ဗုံးကြဲနေနိုင်သေးတယ်။ ကမ္ဘာတဝန်းက ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာနေတဲ့ လွတ်လပ်တဲ့အဖွဲ့အစည်း ACLED ရဲ့ တွေ့ရှိချက်တွေအရလည်း စစ်တပ်ရဲ့ လေကြောင်းအင်အားဟာ တော်လှန်ရေးအဖွဲ့တွေအပေါ်ကို အထင်ရှားဆုံး အသာစီးရမှုဖြစ်ပြီး၊ မြေပြင်တပ်တွေ ရှေ့မတိုးခင် ကြိုတင်ရှင်းလင်းတဲ့နေရာမှာ လေကြောင်း ပိုသုံးလာနေတယ်လို့ ဆိုပါတယ်။

မြန်မာ့တော်လှန်ရေးအင်အားစုတွေဘက်မှာတော့ ကိုယ်ပိုင် လေယာဉ်တွေ မရှိသေးသလို လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကလည်း အကန့်အသတ်နဲ့ပဲ ရှိနေပါသေးတယ်။ အဖွဲ့တချို့ဆိုရင် လေယာဉ်ပစ်ဖို့အတွက် စက်သေနတ်ကြီးတွေ၊ အကြီးစား ရိုင်ဖယ်သေနတ် အမျိုးအစားတွေကိုပဲ အားပြုနေရတုန်းပါ။

ဒါပေမဲ့ အရေးပါတဲ့ အပြောင်းအလဲကတော့ လက်လုပ်ဒရုန်းတွေကို သုံးလာတာပဲ ဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဈေးကွက်ထဲမှာ အလွယ်တကူဝယ်လို့ရတဲ့ (အများအားဖြင့် တရုတ်နိုင်ငံထုတ်) အပိုပစ္စည်းတွေနဲ့ အရပ်ဘက်သုံးနည်းပညာ ပေါင်းစပ်ပြီး စစ်ရေးသုံး အဝေးထိန်း ဒရုန်းတွေ ထုတ်လုပ်နိုင်ခဲ့ကြပါတယ်။

စစ်တပ်ဘက်ကတော့ လေကြောင်းနဲ့ ဒရုန်း ကာကွယ်ရေး စနစ်တွေ ရှိပြီးသားပါ။ သူတို့ဆီမှာ ရုရှားထုတ် Pechora-2M လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ရှိသလို၊ ၂၀၂၁ ခုနှစ်တုန်းကလည်း Pantsir-S1 စနစ်တွေ ထောက်ပံ့ပေးဖို့ သဘောတူညီချက်ရခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ဖူးပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)  ရဲ့ မှတ်တမ်း တခုမှာ ဆိုရင် စစ်တပ်ဟာ တရုတ်ထုတ် Skyfend ဒရုန်းဖျက် စနစ်တွေကို တပ်ဆင်အသုံးပြုနေတယ်လို့ အစီရင်ခံထားပါတယ်။

ဒရုန်းတွေဟာ ဧရာဝတီမြစ်ကြောင်းတလျှောက်က တိုက်ပွဲတွေရဲ့ ပုံစံကိုလည်း ပြောင်းလဲပစ်နေပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းလောက်ကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်ဘက်ကို စစ်သားတွေ၊ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေ တင်ဆောင်လာတဲ့ စစ်ရေယာဉ်စုကြီးကို အကြိမ်ကြိမ် ဝင်တိုက်ခဲ့ကြလို့ ရေယာဉ်အများစု ပျက်စီးသွားခဲ့တယ်လို့ သတင်းတွေ ထုတ်ပြန်ပါတယ်။

အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ တော်လှန်ရေးအဖွဲ့တွေဘက်က ထုတ်ပြန်ထားတဲ့ ဗီဒီယိုတွေထဲမှာလည်း ဒီမြစ်ကြောင်းတိုက်ပွဲတွေအတွင်းမှာ စစ်ရေယာဉ်တွေကို ဒရုန်းတွေနဲ့ ဝင်တိုက်နေတာကို မြင်တွေ့ရပါတယ်။

ကုန်ကျစရိတ်သက်သာတဲ့ ဒီတိုက်ခိုက်ရေးဒရုန်းလေးတွေက စစ်တပ်ရဲ့ သမားရိုးကျစစ်ရေးအသာစီးရမှုကြီး တခုလုံးကို အပြီးတိုင် ဖျက်ဆီးပစ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရင်က ဘယ်လိုမှ သွားထိလို့မရနိုင်ဘူးလို့ ထင်ထားခဲ့တဲ့ တန်ဖိုးကြီးပစ်မှတ်တွေကို လက်လှမ်းမီ တိုက်ခိုက်နိုင်မယ့် နည်းလမ်းသစ်တွေကို တော်လှန်ရေးအဖွဲ့တွေလက်ထဲမှာ ထိထိရောက်ရောက်နဲ့ အသုံးချလာနိုင်ပါပြီ။

ဒီအခြေအနေမှာ စစ်တပ်ရဲ့ လေယာဉ်တွေ ဆုံးရှုံးရမှုကလည်း ပိုပြီးများလာနေပါတယ်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလက MDSI ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ အာဏာသိမ်းပြီးကတည်းကဆိုရင် မြန်မာ့လေတပ်ဟာ လေယာဉ်နဲ့ ရဟတ်ယာဉ် အစီး ၂၀  ဆုံးရှုံးခဲ့ရပြီး ဒါဟာ လေတပ်သမိုင်းတလျှောက် အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ် လို့ ဆိုပါတယ်။ ဒီစာရင်းထဲမှာတော့ စက်ချို့ယွင်းလို့ ပျက်ကျတာတွေ၊ တော်လှန်ရေးအဖွဲ့တွေ ပစ်ချလို့ ပျက်ကျတာတွေ၊ အကြောင်းရင်းအမျိုးမျိုးကြောင့် ဆုံးရှုံးရမှုတွေ အားလုံးပါဝင်ပါတယ်။

လေကြောင်းအသာစီးရမှုရဲ့ ကန့်သတ်ချက်များ

ဒီအခြေအနေကို သမိုင်းထဲက ဆိုဗီယက်- အာဖဂန်စစ်ပွဲနဲ့ အတိုင်းအတာတခုအထိ နှိုင်းယှဉ်သုံးသပ်လို့ ရပါတယ်။

အမေရိကန်က ထောက်ပံ့ပေးခဲ့တဲ့ Stinger ဒုံးကျည်တွေ မူဂျာဟီဒင်တွေလက်ထဲ ရောက်မလာခင် ၁၉၈၆ ခုနှစ် လောက် အထိ အာဖဂန်နစ္စတန်ကို ကျူးကျော်ထားတဲ့ ဆိုဗီယက် ရုရှားတပ်တွေဟာ လေကြောင်းမှာ အပြတ်အသတ် အသာစီးရခဲ့တာပါ။ အဲဒီဒုံးကျည်တွေ ရလာမှသာ ဆိုဗီယက်လေယာဉ်တွေကို အာဖဂန် တော်လှန်ရေးတပ်တွေ ခြိမ်းခြောက်လာနိုင်ပါတယ်။ အဲဒီအခါကျမှ ဆိုဗီယက်လေယာဉ်မှူးတွေဟာ  အရင်လို လွတ်လွတ်လပ်လပ် မပျံသန်းနိုင်တော့ဘဲ ဘယ်အမြင့်မှာ၊ ဘယ်လိုပျံသန်းမလဲဆိုတာ ပြန်ပြောင်းစဉ်းစား လာရပါတယ်။

ဒါပေမဲ့ မြန်မာ့တော်လှန်ရေးအင်အားစုတွေမှာ အာဖဂန် မူဂျာဟီဒင်တွေ ရခဲ့သလို အနောက်နိုင်ငံတွေက လက်နက်ထောက်ပံ့ပေးတဲ့ လမ်းကြောင်းမျိုး မရှိခဲ့ပါဘူး။

ဆီးရီးယားပြည်တွင်းစစ်ကို ပြန်ကြည့်ရင်လည်း ရုရှားရဲ့ လေကြောင်းအင်အားက အာဏာရှင် ဘာရှာအယ်လ်အာဆတ်ကို နှစ်ပေါင်းများစွာ ရပ်တည်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၄ ခုနှစ် နှောင်းပိုင်းမှာ မြေပြင်တပ်တွေ ပြိုလဲသွားပြီး အဓိက နိုင်ငံခြားအထောက်အပံ့တွေ အားနည်းသွားတဲ့ အချိန်မှာတော့ သူ့အစိုးရကို လေကြောင်းအင်အားက မကယ်တင်နိုင်ခဲ့ပါဘူး။

ဗီယက်နမ်စစ်ပွဲကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ဒီလို လေကြောင်းအင်အား သာလွန်မှုရဲ့ အကန့်အသတ်ရှိပုံကို ထုတ်ဖော်ပြသခဲ့ပြီးပါပြီ။ လေကြောင်းကနေ ဗုံးကြဲတာဟာ ရန်သူကို ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေနိုင်ပေမယ့်၊ လေယာဉ်ပျံတွေနဲ့ပဲ မြေပြင်က နယ်မြေတွေကို သိမ်းပိုက်ပြီး ထိန်းချုပ်ထားနိုင်တာမျိုးတော့ မဟုတ်ပါဘူး။

မြန်မာ့မျက်မှောက် အခြေအနေဟာ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ ဗီယက်နမ် စစ်ပွဲတွေနဲ့ လုံးဝ တူညီနေတာမျိုးတော့ မဟုတ်ပါဘူး။ မြန်မာပြည်စစ်ပွဲက ပြောက်ကျားစစ်ဆင်ရေးတွေအပြင် သမားရိုးကျစစ်ပွဲပုံစံတွေ၊ နယ်မြေစိုးမိုးရေး ထိုးစစ်တွေပါ ပေါင်းစပ်လာနေတဲ့ စစ်ပွဲမျိုးပါ။ ဒါပေမဲ့လည်း လေယာဉ်တွေက မြို့တမြို့ကို ဝင်သိမ်းတာ၊ လမ်းတွေကို ထိန်းချုပ်တာ ဒါမှမဟုတ် နယ်မြေတခုလုံးကို အုပ်ချုပ်တာမျိုး လုပ်လို့မရပါဘူး။ ဒါတွေကို စစ်သားတွေက မြေပြင်ကနေ လုပ်ရတာပါ။

ဒါကြောင့်လည်း မြန်မာစစ်တပ်ဟာ ၂၀၂၄ ခုနှစ်ကစပြီး စစ်မှုမထမ်းမနေရ ဥပဒေနဲ့ လူသစ်စုဆောင်းလာခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိဆိုရင် စစ်သင်တန်းအပတ်စဉ် ၂၈ အထိ ရောက်နေပြီလို့ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေက ဆိုပါတယ်။ ဒါပေမဲ့ စုစုပေါင်း လူသစ်အင်အား ဘယ်လောက် စုဆောင်းထားနိုင်လဲ ဆိုတာတော့ စစ်တပ်က ထုတ်ပြန်တာမျိုး မရှိပါဘူး။

နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအင်စတီကျု (IISS) ရဲ့ ခန့်မှန်းချက်အရဆိုရင် ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ ပထမ ၁၆ ပတ်စဉ်မှာတင် လူအင်အား ၆၀,၀၀၀ ကနေ ၈၀,၀၀၀ စုဆောင်းနိုင်ခဲ့ပါတယ်။  ဒါဟာ အင်အားပြုန်းတီးနေတဲ့ တပ်မတွေကို တစိတ်တပိုင်း ပြန်လည်ဖြည့်တင်းနိုင်ပြီး တန်ပြန်ထိုးစစ်တွေကိုလည်း  အတိုင်းအတာ တခုအထိ ပြန်လုပ်လာနိုင်ဖို့ လုံလောက်တဲ့အနေအထား ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မကြာသေးခင်က စစ်တပ်ဘက်က ပြန်ရခဲ့တဲ့ စစ်ရေးအသာစီးရမှုတွေမှာ လေတပ်ရော၊ ခြေလျင်တပ်ပါ နှစ်ခုလုံးကို အသုံးပြုခဲ့ရတာ တွေ့ရတယ်။ ဗုံးကြဲတာက လမ်းကြောင်းရှင်းပေးဖို့ ကူညီနိုင်ပေမယ့်၊ အဲဒီနေရာကို ဝင်ရောက်နေရာယူပြီး ဆက်ထိန်းထားဖို့ကတော့ စစ်သားတွေ ရှိမှသာ ရမှာပါ။

ဒီလို နောက်ခံ အခြေအနေကြောင့် တံတားဦးကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဝင်တိုက်လိုက်တဲ့ကိစ္စက တော်တော်လေးကို ဂယက်ရိုက်သွားစေခဲ့တာပါ။ စစ်တပ်အတွက် နောက်ဆုံး လက်ကျန် စစ်ရေးအသာစီးရမှုက သူတို့ကိုယ်တိုင် နေ့မအား ညမနား ပြန်ပြီးကာကွယ်ရမယ့် အရာတခု ဖြစ်လာနေလို့ပါ။ 

တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ဝေဟင်ထက်မှာတော့ စစ်အုပ်စုလေတပ်ကို ယှဉ်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုကနေတဆင့် အားနည်းချက် မျက်နှာစာတခုကို ဖော်ထုတ်ပြသလိုက်နိုင်ပါတယ်။ အဲဒါကတော့ လေယာဉ်တွေဆိုတာ မြေပြင်ပေါ် ပြန်ဆင်းလာချိန်မှာ လုံးဝကို ကွဲပြားခြားနားတဲ့ ပစ်မှတ်တွေဖြစ်သွားတယ် ဆိုတာပါပဲ။

လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကာလတလျှောက်လုံး မြန်မာစစ်ဗိုလ်ချုပ်တွေဟာ သူတို့ရဲ့ စစ်သားတွေ မြေပြင်မှာ မစွမ်းဆောင်နိုင်တော့တာတွေကို အစားထိုးဖို့ လေကြောင်းအင်အားကိုပဲ အပြည့်အဝ မှီခိုနေခဲ့ရတာပါ။ လက်ရှိမှာလည်း နိုင်ငံရဲ့ လေပိုင်နက် အများစုကို သူတို့ စိုးမိုးထားနိုင်ဆဲဆိုတာ မှန်ပါတယ်။ 

ဒါပေမဲ့ စစ်တပ်အနေနဲ့ အရင်လို စိတ်ချလက်ချနေလို့ရတဲ့ အနေအထားမျိုး သေချာပေါက် မယူဆနိုင်တော့တဲ့ အချက်က ရှိလာခဲ့ပါပြီ။ အဲ့ဒါကတော့ သူတို့ရဲ့ လေကြောင်းအသာစီးရမှုကို ဖန်တီးပေးစွမ်းတဲ့ လေယာဉ်တွေ၊ လေတပ်စခန်းတွေနဲ့ ထောက်ပို့ယန္တရားတွေဟာ စစ်ပွဲရဲ့ လက်လှမ်းမမီရာမှာ အမြဲတမ်း ရှိနေတော့မှာ မဟုတ်ဘူးဆိုတာပါပဲ။

(Asia Times တွင်  ဖော်ပြခဲ့သည့် Myanmar’s resistance finally takes the fight to junta’s air power ဆောင်းပါးကို စာရေးသူ ကိုယ်တိုင် မြန်မာလို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ဆောင်းပါးရှင် ငြိမ်းချမ်းအေးသည် ဝါရှင်တန်ဒီစီ အခြေစိုက် သတင်းစာဆရာ တဦးဖြစ်ပြီး မြန်မာနှင့် ဒေသတွင်းရေးရာများကို ရေးသားနေသူ ဖြစ်သည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။