အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တီးတိန်တွင် ထွက်ပြေးစစ်သုံ့ပန်းအချို့ ပြန်ဖမ်းမိ၊ အချို့ကို ဆက်ရှာဖွေနေ

ဗိုလ်မှူးအပါအဝင် ထွက်ပြေးသည့် စစ်သုံ့ပန်း ၈၂ ဦးအနက် အချို့မှာ ခလရ (၂၆၉) တပ်ထံ ပြန်ရောက်သွားပြီး အချို့ကို PDF Zoland က ပြန်ဖမ်းမိကြောင်း၊ အချို့မှာ လွတ်မြောက်နေဆဲဖြစ်သည့်အတွက် ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

ချင်းပြည်နယ် တီးတိန်မြို့အခြေစိုက် ချင်းတော်လှန်ရေးတပ် PDF Zoland  ထိန်းသိမ်းထားစဉ် ထွက်ပြေးသွားသည့် ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန်း ၈၂ ဦးကို လိုက်လံရှာဖွေနေပြီး စစ်တပ်ထံ ပြန်ရောက်သွားသူများလည်း ရှိကာ အချို့ကိုမူ ပြန်ဖမ်းမိခဲ့ကြောင်း အဆိုပါ အဖွဲ့ထံက သိရသည်။ 

ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သော PDF Zoland တပ်ဖွဲ့က တီးတိန်မြို့နယ်တွင် ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများမှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက် ညနေက ရေချိုးရန် အကြောင်းပြကာ အပြင်ထွက်ခွင့်ရစဉ် အစောင့်ရဲဘော်များကို ရိုက်နှက်ခဲ့သည်။ ထို့နောက် ရဲဘော်အချို့ကို ဓားစာခံအဖြစ် ခေါ်သွားပြီး သေနတ် သုံးလက်ထက်မနည်းယူ၍ စစ်သုံ့ပန်းအားလုံး ထွက်ပြေးသွား ခြင်းဖြစ်သည်။  

အဆိုပါ ထွက်ပြေးသွားသူများကို လိုက်လံရှာဖွေရာတွင် ပြန်လည်ဖမ်းဆီးမိသူအချို့ရှိသလို အချို့မှာ တီးတိန်မြို့အခြေစိုက် အမှတ် (၂၆၉) ခြေလျင်တပ်ရင်းထံ ထွက်ပြေးရောက်ရှိသွားပြီး အချို့မှာမူ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း PDF Zoland တပ်၏  ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

စစ်တပ်ထံ ရောက်ရှိသွားသည့် အရေအတွက်၊  PDF Zoland က ပြန်ဖမ်းဆီးရမိသည့်အရေအတွက်၊ ဖမ်းခေါ်သွားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အရေအတွက်တို့ကို ၎င်းက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

စက်တင်ဘာလ ၁၆ ရက်ညပိုင်းအထိ လိုက်လံရှာဖွေနေပြီး နှစ်ဖက် တိုက်ပွဲများ ရှိခဲ့ကြောင်း အထက်ပါ PDF Zoland တပ်၏  ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မနေ့ကထိ ပြန်ဖမ်းဆီးတဲ့နေရာမှာ၂၆၉ ကနေ စစ်ကြောင်းနဲ့လာပြီးတော့ လာကြိုတဲ့ပုံစံမျိုး ရှိပါတယ်။ အဲ့ဒါနဲ့ ထိတွေ့မှုတွေဖြစ်တော့ အခုထိ မဏိပူရ်မြစ်ကြောင်းတလျှောက် တီးတိန်မြို့ရဲ့ အနောက်ဘက်မှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတယ်။ မနေ့ည (စက်တင်ဘာလ ၁၆ ရက်) က အထိပေါ့။ ပစ်ခတ် ရှင်းလင်းတာတွေ လည်းရှိနိုင်သလို ဖမ်းဆီးတာတွေလည်းရှိတယ်လို့ ပြောတယ်။ လုပ်ငန်းပြီးစီးတဲ့ အချိန်မှပဲ ထုတ်ပြန်ဖို့ရှိပါ တယ်”ဟု ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာလ ၁၇ ရက်က ပြောသည်။ 

ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများသည် စက်တင်ဘာလ ၁၄ ရက်တွင် ခရစ်ယာန် ဘာသာရေးဆရာ တစ်ဦးကို ကပ်တဲလ်ကျေးရွာအနီး ပစ်သတ်ခဲ့ကြောင်း PDF Zoland ထံက သိရသည်။ 

စစ်ကြောင်းနှင့်တွေ့ပြီးသတ်ဖြတ်ခံခဲ့ရသည့် သိက္ခာတော်ရဆရာတော် Dal Thwang Tuang။ (ဓာတ်ပုံ- PDF Zoland) 

လန်ဇန်ကျေးရွာမှ သိက္ခာတော်ရ ဆရာတော် Dal Thwang Tuang နှင့် အစ်ကိုဖြစ်သူတို့သည် ခရီးမှ ပြန်လာစဉ် လမ်းခုလပ်၌ စစ်သုံ့ပန်းများနှင့်တိုးစဉ် ပစ်ခတ်ခံခဲ့ရကာ ဆရာတော် သေဆုံးခဲ့သလို ၎င်း၏အစ်ကိုဖြစ်သူမှာ လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါပြောရေးဆိုခွင့်ရှိသူက ဆိုသည်။  

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ထွက်ပြေးလာသည့် စစ်သုံ့ပန်းများမှာ စက်တင်ဘာလ ၁၅ ရက်တွင် တီးတိန်မြို့နယ်ရှိ စစ်တပ်စစ်ကြောင်းနှင့် ပေါင်းစည်းနိုင်ခဲ့ကြောင်း ဖော်ပြနေကြသည်။

ထိုအခြေအနေနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် ချင်းပြည်နယ်၊ စစ်ကောင်စီခန့် ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်ကို Myanmar Now က ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း မရခဲ့ပါ။ 

အထက်ပါအခြေအနေများကြောင့် အရပ်သားများအနေဖြင့် တီးတိန်မြိုအနောက်ဘက် မဏိပူရ်မြစ်တလျှောက် သွားလာမှုဆင်ခြင်ရန်နှင့် အတတ်နိုင်ဆုံး ခရီးမသွားကြရန် PDF Zoland က တိုက်တွန်း ထားသည်။ 

ထွက်ပြေးသွားသည့် စစ်သုံပန်းများသည် ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲအပါအဝင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများဖြစ်ပြီး စုစုပေါင်း ၈၂ ဦးရှိကာ အရပ်သားပြစ်ဒဏ်ချထားသူတစ်ဦးအပါအဝင် ၈၃ ဦးကို ထိန်းသိမ်းထားခြင်းဖြစ်သည်။ 

စစ်သုံ့ပန်းအချို့ကို ထိန်းသိမ်းထားသည်မှာ သုံးနှစ်ကျော်ခန့် ရှိပြီဖြစ်ရာ တော်လှန်ရေး ရဲဘော်များနှင့်ပါ ရင်းနှီးလာချိန် အခွင့်ကောင်းယူ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်ဟု PDF Zoland ဘက်က ဆိုသည်။

“သုံးနှစ်လောက်တူတူနေလာတာဆိုတော့ ရဲဘော်တွေကလည်း တချို့နဲ့ဆိုတော်တော်ရင်းနှီးပါတယ်။ ရင်းနှီးတော့ မိတ်ဆွေလိုပေါင်းတာတွေလည်းရှိတယ်။ ခင်မင်ပြီးကျွန်တော်တို့ဘက်ကလည်း ယုံကြည် လွန်ကဲသွားတာလည်း ဖြစ်နိုင်ပါတယ်”ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

စစ်သုံ့ပန်းအားလုံး ထွက်ပြေးကြစဉ် အရပ်သားတစ်ဦးသာ ကျန်ခဲ့သည်ဟု သိရသည်။  

“ယာဉ်တချို့ဖျက်ဆီးထားတာရှိတယ်။ အဲ့ဒီမှာကျန်နေတဲ့ တချို့ ရဲဘော်တွေကို သူတို့က နောက်ပြန်ကြိုး တုပ်ပြီးတော့ ဖမ်းဆီးထားတာရှိတယ် စခန်းမှာပဲ ထားတာပေါ့။ ရဲဘော်တချို့ကိုလည်း သူတို့ခေါ်ဆောင်သွား တာရှိပါတယ်။ သူတို့ခေါ်ဆောင်သွားတဲ့သူတွေရဲ့ သတင်းကိုဘာမှအများကြီးမကြားရသေးဘူး”ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး စားသောက်ရေးမှ အစ၊ ဆေးကုသမှုအပါအဝင် ယုံကြည်ရာ ဘာသာအလိုက် ဘာသာရေး ဆောင်ရွက်နိုင်ရန် လုပ်ဆောင်ခဲ့ကြောင်း ၎င်းကဆိုသည်။ 

“ကျွန်တော်တို့အတွက်တော့ စိန်ခေါ်မှုတွေတော့ရှိတာပေါ့။ ဒါပေမဲ့လည်း တပ်တွင်းကအစားအစာတိုင်း ကိုယ်စားတဲ့အစားအစာတိုင်းပဲကျွေးတယ်။ ကုန်ဈေးနှုန်းတွေတက်ပေမယ့်လည်း တောင်ပေါ်မှာ ဆိုတော့ တစ်ဖက်မှာ ကောက်ပဲသီးနှံရှိတော့ အဆင်ပြေအောင်တော့ကျွေးမွေးနိုင်တယ်ပြောရမှာပေါ့။ အခက်အခဲ တွေလည်း အတော်များပါတယ်။ ခရစ်ယာန်ဆိုရင်လည်း ခရစ်ယာန်ကအစ ဝိညာဉ်ရေးရာ ကအစ သူတို့ကို လုပ်ပေးတာရှိတယ်။ ဗုဒ္ဓဘာသာဆိုရင်လည်း သူတို့ဘုရားစာတွေ ထောင်ထဲမှာ ဖတ်လို့ရအောင် စီစဉ်ပေးတာ ရှိတယ်။ သူတို့ကလုပ်သွားတယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကတော့ လိပ်ပြာသန့်ပါတယ်” ဟု ဆက်ပြောသည်။ 

ယခုနှစ် ဇန်နဝါရီလကလည်း ကယား (ကရင်နီ)ပြည်နယ် မယ်စဲ့အကျဉ်းထောင်တွင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းအများစုအပါအဝင် အကျဉ်းသား ၈၀ ကျော် ထောင်ဖောက်ပြေးသည့်ဖြစ်စဉ်ရှိခဲ့သည်။

ဝန်ထမ်းလိုအပ်ချက်အရ ပြစ်ဒဏ်ကျခံပြီးသည့် ရဲတပ်ဖွဲ့ဝင်ဟောင်းနှစ်ဦးကို ထောင်စောင့်အဖြစ် ပြန်ခန့်အပ်ထားရာ ၎င်းတို့၏ အကူညီဖြင့် ထောင်ဖောက်ပြေးခဲ့ခြင်းဖြစ်ပြီး အနည်းငယ်ကိုသာ ပြန်လည်ဖမ်းမိခဲ့သည်။ ထိုင်းနိုင်ငံဘက် ရောက်ရှိသွားသည့် စစ်သုံ့ပန်း ၇၃ ဦးမှာ ထိုင်းစစ်တပ်ထံ လက်နက်ချခဲ့ပြီးနောက် စစ်တပ်ကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။ 

 ၂၀၂၅ ခုနှစ် နိုဝင်ဘာလက ချင်းပြည်နယ်တီးတိန်မြို့အဝင်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်မှုတွင် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ- PDF Zoland)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles