ကရင်နီ (ကယား) ပြည်နယ်၊ မယ်စဲ့မြို့နယ်အကျဉ်းထောင်မှ စစ်သုံ့ပန်းအများစုပါဝင်သော အကျဉ်းသား ၈၀ ကျော် ထောင်ဖောက်ပြေးမှုတွင် ရှစ်ဦး အသေ၊ နှစ်ဦး အရှင် ပြန်ဖမ်းမိပြီး ကျန်အကျဉ်းသားများသည် ထိုင်းနိုင်ငံမှတဆင့် စစ်ကော်မရှင်ထံ ပြန်ရောက်သွားသည့်အပေါ် တောင်းပန်ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ပြောသည်။
ထိုကဲ့သို့ စံချိန်တင် အကျဉ်းသားများထွက်ပြေးမှု ဖြစ်ပွားခဲ့သည့်အပေါ် IEC က ကရင်နီပြည်သူလူထုကို တောင်းပန်ကြောင်း ယနေ့ (ဇန်နဝါရီလ ၂၉ ရက်နေ့) တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
IEC ၏ အကျဉ်းထောင် နှစ်ခုအနက် မယ်စဲ့မြို့နယ်ရှိ အမှတ် (၂) ထောင်မှ အကျဉ်းသား ၈၁ ဦးသည် ထောင်ဝန်ထမ်း နှစ်ဦး၏ အကူအညီဖြင့် ဇန်နဝါရီလ ၁၈ ရက် နံနက် ၁ နာရီတွင် လက်နက်ငယ် ကိုးလက် နှင့်အတူ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့သည်။
ထွက်ပြေးသူများအနက် ၇၆ ဦးသည် စစ်သုံ့ပန်းများဖြစ်ပြီး ဗိုလ်မှူးအဆင့် ၊ ဗိုလ်ကြီးအဆင့် ၊ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအဆင့် ငါးဦးနှင့် တပ်ကြပ်ကြီး ၁၅ ဦး အပါအဝင် တပ်သားအဆင့်များ ဖြစ်ကြပြီး မူးယစ် ဆေးဝါးအမှုဖြင့် အရပ်သားငါးဦးသာ ပါဝင်ကြောင်း IEC ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထောင်ဖောက်ပြေးသော စစ်သုံ့ပန်းများတွင် ဘော်လခဲနှင့် ဖားဆောင်းမြို့နယ် စစ်ပွဲများတွင် ဖမ်းမိသူ အများဆုံးပါဝင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းအချို့ ပါဝင်သည်။
IEC နှင့် ကရင်နီတပ်များက ထောင်ဖောက်ပြေးသူများကို လိုက်လံရှာဖွေရာတွင် အကျဉ်းသား ရှစ်ဦးသည် ပြန်ခုခံပစ်ခတ်သဖြင့် အသေ ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း၊ နှစ်ဦးကိုမူ အရှင်ဖမ်းထားနိုင်ကြောင်း သိရသည်။ ဖမ်းမိသူ နှစ်ဦးကိုလည်း တရားစွဲတင်မည်ဟု ဆိုသော်လည်း ထိုသူများ၏အခြေအနေနှင့်ပတ်သက်၍ IEC က ထုတ်ဖော်မပြောပေ။
ကရင်နီတော်လှန်ရေးတပ်များ၏ အရပ်ဘက်အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်သော IEC အနေဖြင့် ထိုဖြစ်ရပ်အပေါ် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်း၍ စုံစမ်း အရေးယူသွားမည်၊ဖြစ်ကြောင်း ယနေ့ကြေညာသည်။

စစ်သုံ့ပန်းများ ဘယ်လိုထောင်ဖောက်ပြေးသလဲ
ထိုသို့ စံချိန်တင် အစုလိုက်အပြုံလိုက် ထောင်ဖောက်ထွက်ပြေးနိုင်ကြခြင်းသည် ထောင်လုံခြုံရေးဝန်ထမ်းအဖြစ် တာဝန်ယူထားသူ နှစ်ဦး၏ အကူအညီကြောင့် ဖြစ်သည်ဟု IEC ဘက်က ဆိုသည်။
ထောင်လုံခြုံရေးဝန်ထမ်းဆိုသူ ထိုနှစ်ဦးသည်လည်း အရပ်သားနှင့်တော်လှန်ရေးသမား မဟုတ်ပေ။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ “ တစ်လေးလုံးစစ်ဆင်ရေး” အတွင်း လွိုင်ကော်မြို့နယ်၊ လောပိတရဲစခန်းမှ ဖမ်းမိသည့် ရဲ နှစ်ဦးကို ထောင်ဝန်ထမ်းအဖြစ် ခန့်ထားခြင်းဖြစ်သည်။
ထိုရဲနှစ်ဦးကို ထောင်လုံခြုံရေးထားခြင်းသည် ဖမ်းမိစဉ်က ထောင်ချခဲ့ပြီး ပြန်လွတ်သည့်အခါ ထောင်ဝန်ထမ်းလိုအပ်ချက်အရ ပြန်ခန့်ထားခြင်းဖြစ်သည်ဟု IEC ဘက်က အကြောင်းပြသည်။
ပြီးခဲ့သည့် စနေနေ့ (ဇန်နဝါရီ ၁၇ ရက်နေ့) ၊ ည ၁၁ နာရီတွင် စစ်သုံ့ပန်း လေးဦးသည် ဖျားနာနေသည်ဟု ဆိုကာ ထောင်လုံခြုံရေးဝန်ထမ်းအဖြစ် ပြန်ခန့်ထားသည့် သုံ့ပန်း ရဲတစ်ဦးနှင့်အတူ ထောင်ဆေးခန်းတွင် ဆေးခန်းလာပြသည်။ လူနာကြည့်ပေးသူသည် စစ်သုံ့ပန်း ဆေးတပ်သားတစ်ဦးဖြစ်သည်။
ထို စစ်သုံ့ပန်း လေးဦးအား ကြည့်ရှုပြီးနောက် ထောင်ထဲသို့ ပြန်မသွင်းမီ ထောင်လုံခြုံရေးဝန်ထမ်းအဖြစ် တာဝန်ယူနေသည့် သုံ့ပန်း ရဲတပ်သား နောက်တစ်ဦးက ရောက်လာသည်ဟု သိရသည်။ ထိုသူများ အတူရှိနေကြစဉ် အချုပ်ခန်းများ၏သော့ကိုင်သည့် အရပ်သားထောင်ဝန်ထမ်းက လုံခြုရေးစစ်ဆေးရန် ရောက်ရှိလာသည်။
ထိုအရပ်သားသော့ကိုင်သူကို လူနာလာပြသည်ဆိုသည့် စစ်သုံ့ပန်းလေးဦး၊ ထောင်လုံခြုံရေးဝန်ထမ်းအဖြစ် ပြန်ခန့်ထားသည့် ရဲနှစ်ဦး၊ ထောင်ဆေးခန်းရှိ ဆေးတပ်သားစစ်သုံ့ပန်းတို့က ဝိုင်းဝန်းတိုက်ခိုက်ပြီး အချုပ်ခန်းသော့များ ယူဆောင်သွားခြင်းဖြစ်ကြောင်း IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ပြောသည်။
“ထောင်တွေကို သော့ဖွင့်လိုက်တယ်။ သော့ဖွင့်ပြီးနောက် ထွက်လာသူအားလုံးက သေနတ်တွေ သွားထုတ် ကြတယ်။ ထောင်ဝန်ထမ်း နှစ်ယောက် (ရဲသုံ့ပန်းနှစ်ဦး) နဲ့အတူ သေနတ်တွေ သွားထုတ်တယ်။ ထောင်ကင်းတွေကို ခြောက်ယောက်တစ်ဖွဲ့ ၊ ရှစ်ယောက်တစ်ဖွဲ့ခွဲပြီးတော့မှ ဝန်ထမ်းတွေကို ဝိုင်းဖမ်းကြတယ်။ အဲဒီလိုပုံစံနဲ့ ထောင်ကို စနစ်တကျဖောက်ထွင်းပြီးတော့မှ ထွက်လာခြင်းဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထွက်ပြေးရာတွင် IEC ၏ အကျဉ်းထောင်ဝန်ထမ်းများကိုမူ သတ်ဖြတ်သွားခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။
“ကနဦးကတော့ တစ်ယောက်ကို အရင်ဆုံးဖမ်းချုပ်ပြီးတော့ သော့တွေယူလိုက်တယ်။ ပြီးတော့ တာဝန်ချိန် မဟုတ်ဘဲ အိပ်နေတဲ့ ဝန်ထမ်းတွေကို ခြောက်ယောက် ၊ ရှစ်ယောက် ဝင်လုံးပြီး ဝင်ဖမ်းတယ်။ ပြီးတော့ ထောင်ဝန်ထမ်းတွေကို သေနတ်ဒင်နဲ့ ထုထောင်းတာတွေ ၊ ထိုးကြိတ်တာတွေရှိတယ်။ ပြီးတော့မှ ခြောက်ပေါက် (ထိပ်တုံး)ပေါ့။ ခြေကျင်းခတ်ထားပြီး တချို့ကိုလည်း ကြိုးတုပ်ပြီး (ထောင်) အပြင်ကနေ သော့ခတ်ထားသွား တယ်။ သတ်ဖြတ်တာတော့မရှိပါဘူး” ဟု ဦးဗညားခွန်အောင်က ဆိုသည်။
IEC ၏ အကျဉ်းထောင်တွင် တာဝန်ကျသည့် ထောင်ဝန်ထမ်း တစ်ဦးသာ သေနတ်တစ်လက် ကိုင်ဆောင်ခွင့်ရှိပြီး တာဝန်ကျချိန် မဟုတ်ပါက အခြားထောင်ဝန်ထမ်းများ၏ သေနတ်များကို အကျဉ်းထောင်ရှိ သတ်မှတ်သည့် နေရာတွင် သိမ်းထားကြောင်း သိရသည်။
နောက်တစ်နေ့ နံနက်တွင် ထောင်ဖောက်ပြေးသည်ကို သိရှိသွားကြပြီးနောက် နယ်မြေခံတော်လှန်ရေး တပ်ဖွဲ့ဝင်များက ထိုသူများအား တောနင်းလိုက်လံရှာဖွေရာ ပြန်လည်ခုခံပစ်ခတ်သဖြင့် ရှစ်ဦး အသေ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း၊ နှစ်ဦး အရှင်မိကြောင်း ကျန်ရှိသည့် စစ်သုံ့ပန်းများအပါအဝင် ၇၃ ဦးသည် မယ်စဲ့မြို့နယ်နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ထိုင်းစစ်တပ်ထံ လက်နက်ချခဲ့ကြောင်း IEC ထံက သိရသည်။
စစ်တပ်ကို ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် မယ်စဲ့ထောင်မှ ထွက်ပြေးလာသည့် အကျဉ်းသားများကို ထိုင်းအာဏာပိုင်များက စစ်တပ်ထံ ပြန်လွှဲပေးလိုက်ကြောင်း ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဓာတ်ပုံများနှင့်တကွ ရေးသားဖော်ပြခဲ့ကြသည်။

ကရင်နီစစ်ပွဲများအတွင်း လက်ရဖမ်းမိပြီး ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများသည် ထောင်ဖောက်ပြေးနိုင်ရန် သုံးလခန့်အချိန်ယူပြင်ဆင်ခဲ့ပြီး ရှစ်ဦးမှ ၁၀ ဦးအထိ အုပ်စုငယ်များခွဲ၍ ထိုင်းနိုင်ငံဘက်ရောက်ပါက ပြန်ဆုံတွေ့ရန် စုရပ်များသတ်မှတ်ပြင်ဆင်ထားကြခြင်းဖြစ်သည်။
ဖုန်းဆင်းကတ်များ ကြိုတင်စီမံထားသလို ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ ထောင်ဖောက်ပြေးရာလမ်းတွင် ပြန်လည်ခုခံရန် အစီအမံများချထားသည့်အပြင် စားနပ်ရိက္ခာများ ယူဆောင်သွားကြသည်ဟု သိရသည်။
လက်ရှိတွင် စစ်သုံ့ပန်းများအပါအဝင် အကျဉ်းသားများဆိုင်ရာ လုံခြုံရေးအစီအမံကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကျဉ်းထောင် အဆင့်မြှင့်ရေး၊ လုံခြုံရေးအစီအမံသစ်များ ချမှတ်လုပ်ဆောင်သွားမည်ဟု IEC က ဆိုသော်လည်း အသေးစိတ်မသိရပေ။
သုံးလခန့် ကြိုတင်ပြင်ဆင်ကာ လွတ်မြောက်သွားသည့်အပေါ် IEC ၏ ပေါ့ဆမှုများကြောင့်သာ ဖြစ်ကြောင်း ကရင်နီအခြေစိုက် အရပ်ဘက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။
“ တောင်းပန်တာက ကောင်းတယ်။ အဲဒီလိုအုပ်လိုက်ကြီး သုံးလလောက် ကြို (စီစဉ်)လွတ်သွားတာကြီးက ပထမ တစ်ခါလည်း လွတ်ပြီးပြီလေ (အောက်တိုဘာဖြစ်စဉ်) အဲဒီလိုမျိုးဆက်ဖြစ်တာကြီးက တော်တော် ပေါ့လျော့မှုလို့ ပြောရမယ်။ လုံခြုံရေးက အကြီးအကျယ်တွေဖြစ်တာ။ လွှတ်ပေးတာမဟုတ်ဘဲ လွတ်တာက တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်တာပေါ့” ဟု ဆိုသည်။
ကြားကာလ အစိုးရတရပ်အဖြစ် အုပ်ချုပ်ရေး၊ ထူထောင်ရေးနှင့် တရားစီရင်ရေးများ ဆောင်ရွက်ရန် ဖွဲ့စည်းထားသော EC က ဒေသတွင်း တရားဥပဒေစိုးမိုးရေးအတွက် ၂၀၂၃ ခုနှစ် အတွင်း အကျဉ်းထောင် နှစ်ခု ဖွင့်လှစ်ပြီး စစ်သုံ့ပန်း ၁၅၀ ခန့် အပါအဝင် အကျဉ်းသား ၂၀၀ ကျော်ကို ချုပ်နှောင်ထားခဲ့ခြင်း ဖြစ်သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် IEC တရားရေးဌာနကို ထူထောင်ကာ တရားစွဲတင်ခြင်း၊ ဒဏ် ရိုက်ခြင်း၊ ထောင်ချခြင်း စသော တရားဥပဒေစီရင်ရေးကိစ္စများကို ဆောင်ရွက်နေသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် IEC အကျဉ်းထောင်၌ စစ်သုံ့ပန်း ခြောက်ဦးသည် အပြင် လုပ်ငန်းခွင် သွားနေစဉ် ထွက်ပြေးသွားခဲ့ကြပြီး ပြန်လည်မဖမ်းမိခဲ့ပေ။
ကရင်နီပြည်နယ်တွင် တော်လှန်ရေးအင်အားစုများက မယ်စဲ့ ၊ ရှားတောမြို့နယ်တို့ကို အပြည့်အဝ ထိန်းချုပ်ထားသည်။ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ်ရှိ မြို့များကို စစ်တပ်က နယ်မြေပြန်လည်စိုးမိုးထားသည်။



