အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
မေးမြန်းခန်း

“ ဘယ်လိုပြစ်မှုပဲရှိပါစေ..ကျွန်တော်တို့ဆီကိုရောက်ရင် ဒုတိယအခွင့်အရေးဆိုတာရှိတယ်” 

စစ်ဖြစ်နေချိန်တွင် တရားမျှတမှု မရှိနိုင်ပေ။ သို့သော်လည်း သုံ့ပန်းအများအပြားကို ထိန်းသိမ်းထားသည့် ကရင်နီပြည်နယ် တောတွင်းအကျဉ်းထောင်နှစ်ခုတွင် လူကိုလူလို ဆက်ဆံမှု၊ ဥပဒေစိုးမိုးမှုတို့ကို ဦးစားပေးထားသည်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) သည် ကရင်နီပြည်နယ် ကျေးလက်ဒေသအများစု တွင် အုပ်ချုပ်ရေးလုပ်ငန်းများလုပ်နေပြီး ဒေသတွင်း တရားဥပဒေစိုးမိုးရေး အထောက်အကူဖြစ်ရန် အကျဉ်းထောင် ၂ ခု ဖွင့်လှစ်ထားသည်။

၁ နှစ်ကျော်ကြာ သက်တမ်းရှိသော IEC တရားရေးဌာနအကြောင်းနှင့် သုံ့ပန်းများ အပါအဝင် အကျဉ်းသား ၂၀၀ ကျော်ကို မည်ကဲ့သို့ ထိန်းသိမ်းထားကြောင်း ပိုမိုသိနိုင်ရန် IEC တရားရေးဌာန ဒုတိယဌာနမှူး ခွန်းစာကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။

IEC တရားရေးဌာန ဒုတိယဌာနမှူး ခွန်းစာ (ဓာတ်ပုံ-ခွန်းစာ)

မေး ။ ။ IEC တရားရေးဌာန ဖြစ်ပေါ်လာပုံနဲ့ တရားရေးဌာနက ဘာတွေလုပ်ဆောင်နေတယ်ဆိုတာ ပြောပြပေးပါ။

ဖြေ။ ။ IEC တရားရေးဌာနကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှာ စတင်ပြီးတော့ ထူထောင် ဖွဲ့စည်းပါတယ်။ တရားရေးဌာနရဲ့ အဓိကမျှော်မှန်းချက်ကတော့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရား ဥပဒေစိုးမိုးရေးကို အထောက်အကူ ပြုဖို့အတွက်ပါ။ တရားဥပဒေစိုးမိုးရေးကို အကောင်အထည် ဖော်တဲ့ နေရာမှာ ပြည်သူလူထု လက်လှမ်းမီတဲ့၊ တရားမျှတတဲ့ တရားစီရင်ရေးစနစ် ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ အဲဒါက အဓိက ကျွန်တော်တို့ဌာနရဲ့ မျှော်မှန်းချက်ပါ။ 

မေး ။ ။ IEC တရားရေးဌာနက ဘာတွေလုပ်နေပါသလဲ။

ဖြေ ။ ။ ပထမတစ်ခုက ဥပဒေ ကြီးကြပ်မှုဌာနခွဲပါ။ ဒုတိယတစ်ခုကတော့ အကျင့်စာရိတ္တပြုပြင်ရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနခွဲပါ။ နောက်တစ်ခုက စီမံဘဏ္ဍာဌာနခွဲဆိုပြီးတော့ ဌာနခွဲ ၃ ခုရှိပါတယ်။ အဓိကအလုပ်ကတော့   ဥပဒေကြီးကြပ်မှုရယ်၊ အကျင့်စာရိတ္တပြုပြင်ရေးနဲ့ ပြန်လည်ထူထောင်ရေး ဆိုတဲ့ အကျဉ်းထောင်ကို ကိုင်တွယ်နေမှုအပိုင်းရယ် ၂ ပိုင်းရှိပါတယ်။

ဥပဒေကြီးကြပ်ရေးဌာနကတော့ ဥပဒေရုံးပေါ့။ ပြောရမယ်ဆိုရင် အစိုးရရှေ့နေရုံးပေါ့။ ရဲကနေ ဖမ်းမိတဲ့ တရားခံတွေ၊ စွပ်စွဲခံရသူတွေကို တရားရုံးစွဲမတင်မီမှာ အဓိက ဦးတည်အကြံပေးတယ်။ တရားရုံးမှာ လိုက်ပါဆောင်ရွက်နေစဉ်မှာလည်း အစိုးရရှေ့နေအနေနဲ့ တရားရုံးမှာ အမှုလိုက်ပါဆောင်ရွက်ပေးတယ်။ 

အကျင့်စာရိတ္တပြုပြင်ရေးနဲ့ ပြန်လည်ထူထောင်ရေးအပိုင်းမှာတော့ အကျဉ်းထောင်ပေါ့။ အကျဉ်းထောင်ကို စီမံခန့်ခွဲတယ်။ အကျဉ်းသားတွေကို လိမ္မာရေးခြားမှုရှိအောင် ပြုပြင်ထိန်းသိမ်းတယ်။ တစ်ဖက်မှာလည်း ပတ်ဝန်းကျင်မှာ၊ လူမှုအသိုင်းအဝိုင်းမှာ လူဝင်ဆံ့အောင် ပြန်လည်ပြုပြင်ထိန်းသိမ်းတယ်၊ ပျိုးထောင်ပေးတယ်။ အဲဒါမျိုးတွေလုပ်ပါတယ်။

မေး ။ ။ ဘယ်လို ပြစ်မှုနဲ့ အကျဉ်းသားတွေကို ထိန်းသိမ်းထားပါသလဲ။ အရေအတွက်ဘယ်လောက်ရှိပါသလဲ။

ဖြေ ။ ။  စစ်သုံ့ပန်း၊ စစ်ရာဇဝတ် မှု ကျူးလွန်တဲ့ စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေ အများဆုံးဖြစ်တယ်။ နောက်တစ်ခုက မူးယစ်ဆေးဝါးနဲ့ ဖမ်းမိတဲ့၊ တရားရုံးကနေ အမိန့်ချတဲ့အရပ်သားတွေပါတယ်၊ နောက်တစ်ခုကတော့ ခိုးမှုတွေ။ အဲဒါ တွေ အဓိက ထိန်းသိမ်းနေရပါတယ်။ အကျဉ်းထောင် ၂ ခုလုံး ပေါင်းရင်တော့ ၂၀၀ ကျော် ပါတယ်။ 

မေး။ ။ အကျဉ်းသားတွေကို ဘယ်လိုကျွေးမွေးပါသလဲ။ အကျဉ်းသားတွေရဲ့ တစ်နေ့တာ အကြောင်း သိခွင့်ရမလား။ 

ဖြေ ။ ။ အကျဉ်းထောင်မှာအဓိကတော့ မနက် ၆ နာရီဆိုရင် အိပ်ရာထပါတယ်။ ထရင် သက်ဆိုင်ရာ ဘာသာရေးအလိုက် မေတ္တာပို့တာရှိပါတယ်။  ၇ နာရီဆိုရင် မနက်စာစားပါတယ်။ ၈ နာရီဆိုရင်  လုပ်ငန်းခွင်ဝင်ပါတယ်။ လုပ်ငန်းခွင်က တစ်နေ့ကို အများဆုံး ၄ နာရီရှိပါတယ်။ နေ့လယ်ရောက်ရင် အဆာပြေကျွေးပါတယ်။ တစ်နေ့ကို ထမင်း ၂ နပ်ကျွေးပါတယ်။ ညနေ ၆ နာရီဆိုရင် သူတို့အခန်းထဲပြန်ဝင်ရပါတယ်။ ည ၈ နာရီ ကနေစပြီးတော့ တိတ်ဆိတ်ချိန်ပေါ့။ သူတို့ အိပ်စက်အနားယူချိန်ဖြစ်ပါတယ်။

မေး ။ ။ လုပ်ငန်းခွင်က ဘာအလုပ်တွေလုပ်ရပါသလဲ။

ဖြေ ။ ။ တော်တော်များများကတော့ အကျဉ်းထောင်ပရဝုဏ်သန့်ရှင်းရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လိုအပ်တဲ့ အဆောက်အဦ ပြုပြင်မွမ်းမံတာတို့ …အဓိကတော့ အကျဉ်းထောင်သာယာလှပရေး.. တော်တော်များများက အဲဒါပဲရှိပါတယ်။ ပုံမှန် စိုက်ပျိုးရေး၊ မွေးမြူရေးရှိပါတယ်။ တချို့ လက်သမား လုပ်တဲ့ အုပ်စုတွေဆိုရင် လက်သမားလုပ်ရတာ။ အဲဒါတွေတော့ရှိပါတယ်။ တချို့ကျတော့ လက်မှုပညာပေါ့။ ပလိုင်းယက်တာ…တောင်းယက်တာတို့ ရှိပါတယ်။ သူတို့အတွက် စာကြည့်တိုက်လည်း ထားပေး ထားပါတယ်။ ဆေးခန်းလည်းထားပေးပါတယ်။ ဈေးဝယ်ဖို့ ဈေးဆိုင်ငယ်လေးတွေလည်း လုပ်ပေးထား ပါတယ်။

မေး ။ ။ ကရင်နီက လေတပ်တိုက်ခိုက်မှု မကြာခဏကြုံရတယ်။ ထောင်တွေကို လေကြောင်းတိုက်ခိုက်မှု မကြုံရအောင် ဘယ်လောက်အထိ သတိထားနေရပါသလဲ။

ဖြေ ။ ။ အရပ်သားလူထုနဲ့ဝေးတဲ့နေရာတွေ အတတ်နိုင်ဆုံးရွေးချယ်ပြီးတော့ ထားပါတယ်။ လေကြောင်း ရန်ကတော့ လူထုကိုယ်တိုင်ကလည်း အကာအကွယ်လုပ်နိုင်မှုစွမ်းအား ရှောင်ရှားဖို့ရာခက်ခဲပါတယ်။ အကျဉ်းထောင်တွေအတွက် သီးခြားစီစဉ်ထားတာတော့မရှိပါဘူး။ လေကြောင်းရန်နဲ့ပတ်သက်တဲ့ သတိ၊ အကာအကွယ် အဲဒီလိုမျိုးတော့ စီစဉ်ထားပါတယ်။ လုံးဝအခိုင်အမာတော့ မလုပ်နိုင်သေးပါဘူး။ အဓိက တော့ ကျွန်တော်တို့ရတဲ့ ဘတ်ဂျက်အပေါ်မှာလည်း အများကြီးမူတည်ပါတယ်။

မေး ။ ။ အာဏာသိမ်းတပ်ရဲ့ အကျဉ်းထောင်တွေမှာဆိုရင် ညှဉ်းပန်းနှိပ်စက်လို့ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးပါတယ်။ IEC ရဲ့ အကျဉ်းထောင်တွေ မှာရော ဘယ်လိုအခြေအနေရှိပါသလဲ။ စစ်တပ်ထိန်းချုပ်ထားတဲ့ ထောင်တွေနဲ့ ကွာခြားမှု ရှိပါ သလား။

ဖြေ ။ ။ အများကြီးကွာခြားမယ်လို့တော့ ထင်ပါတယ်။ လူ့အခွင့်အရေးလည်း ကျွန်တော်တို့ ဦးထိပ်ထား ပြီး ထိန်းသိမ်းပါတယ်။   လူသားချင်းစာနာထောက်ထားမှုပေါ့။ ကျွန်တော်တို့ကတော့ လူကို လူလိုပဲ မြင်ပါတယ်။ သူတို့မှာ ဘယ်လိုပြစ်မှုပဲရှိပါစေ…ကျွန်တော်တို့ဆီကို ရောက်ရင် ဒုတိယအခွင့်အရေး ဆိုတာမျိုးရှိတယ်။ အကျဉ်းသားတွေကို ဆက်ဆံတဲ့ အခါမှာလည်း လုံးဝ ကိုယ့်ရန်သူဆိုတဲ့ဟာမျိုး ဆက်ဆံတာမရှိဘူး။ သူက စည်းကမ်းလိုက်နာတယ်၊ အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ စီမံခန့်ခွဲမှုကို လိုက်နာတယ်ဆိုရင်၊ ကျွန်တော်တို့ဝန်ထမ်းနဲ့ ဆက်ဆံရေးလည်း အဆင်ပြေတယ်ဆိုရင် လူလိုပဲဆက်ဆံတယ်။ နှိပ်စက် ညှဉ်းပန်းတာ လုံးဝ မလုပ်ပါဘူး။  

မေး ။ ။ ဇွန်လ ၂၁ ရက်ကဆိုရင် အကျဉ်းသား ၂၈ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး ၁၄၈ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ခွင့်ပေးတယ်လို့ သိရပါတယ်။ ဘယ်လို ပြစ်မှုနဲ့ သူတွေကို လွတ်ငြိမ်းခွင့်နဲ့ ပြစ်ဒဏ်လျှော့ပေါ့ခွင့်ပေးတာလဲ။ လျှော့ပေါ့ခွင့်ဆိုရင် ဘယ်လောက်လျှော့ပေးလိုက်တာလဲ သိပါရ စေ။

ဖြေ။ ။ ၁၅၀ ကြိမ်မြောက်ကရင်နီအမျိုးသားနေ့မှာ လွှတ်တာကတော့ ပြစ်ဒဏ်နည်းတဲ့သူပေါ့။ ၃ နှစ် အောက်၊ ၃ နှစ်လောက် အနည်းဆုံးကျတဲ့သူရယ်၊ နောက်တစ်ခုက အကျဉ်းထောင်ရဲ့ စည်းကမ်း လိုက်နာတယ်၊ လူမှုပတ်ဝန်းကျင်မှာ ပြန်လည်ဝင်ဆန့်နိုင်တဲ့သူတွေဆိုရင် လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ပါတယ်။ ချွင်းချက်အနေနဲ့ ကျန်းမာရေး လုံးဝမကောင်းဘူးဆိုတဲ့သူလည်း ပါပါတယ်။ အထူးသဖြင့်တော့ အရပ်သား ပြစ်ဒဏ်ကျတဲ့သူတွေများပါတယ်။ ကျန်တဲ့ သက်သာခွင့်ကတော့ စစ်သုံ့ပန်း၊ အကြမ်း ဖက်မှုနဲ့ ကျနေတဲ့အကျဉ်းသားတွေလည်းပါပါတယ်။   သတ်မှတ်ထားတဲ့စည်းကမ်းလိုက်နာတယ်၊ အကျဉ်းထောင်အတွင်း သွားလာလှုပ်ရှားမှု ပြောစရာမရှိဘူး၊ လိမ္မာရေးခြားရှိတယ်ဆိုရင် သက်သာခွင့် အဲဒီစာရင်းထဲမှာ ပါပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)၏ ပြစ်ဒဏ်လျှော့ပေါ့ခွင့်နှင့် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့်။

မေး။ ။ လျှော့ပေါ့ခွင့်အကြောင်းရှင်းပြပေးပါ။

ဖြေ ။ ။ လျှော့ပေါ့ခွင့်က အကျဉ်းထောင်လက်စွဲထဲမှာပါတဲ့အတိုင်းပဲပေါ့။ လေးဖို့ တစ်ဖို့ပါ။ ဥပမာ ၁၀ နှစ် ကျတဲ့သူတွေဆိုရင် ၂ နှစ်ခွဲ၊ အဲဒီလောက်လျှော့ပါတယ်။ သူ့ရဲ့ပြစ်ဒဏ်အပေါ်မှာ မူတည်ပါတယ်။ ခြုံပြော ရရင် ပြစ်ဒဏ် ၄ ပုံ ၁ ပုံလျှော့ပေးပါတယ်။

မေး ။ ။ စစ်သုံ့ပန်းဆိုရင် ဆရာတို့ဆီမှာ ဘယ်လောက်ထိန်းသိမ်းထားပါသလဲ။

ဖြေ ။ ။ စစ်သုံ့ပန်းက တရားရုံးကနေ အမိန့်ချပြီးသားဆိုရင် ၁၅၀ လောက်ရှိပါတယ်။ ကျန်တာကတော့ အရပ်သားပေါ့။ 

မေး ။ ။ ဒီလူ ၂၀၀ ကျော်ကို ကျွေးမွေးထိန်းသိမ်းရတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။

ဖြေ။ ။ ဒီကာလက စစ်ပူနေတဲ့ကာလလည်းဖြစ်တယ်၊ ကြားကာလလည်းဖြစ်တယ်ပေါ့။ အကျဉ်းသား တွေကို ကျွေးမွေးဖို့အတွက် ထိန်းသိမ်းဖို့အတွက် ဘဏ္ဍာငွေ သုံးစွဲရတယ်။ ကျွန်တော်တို့မှာ ပြင်ပ အလှူရှင်လည်း မရှိပါဘူး။ ပြင်ပအလှူရှင်တွေကလည်း ဒီကာလဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ကျွေးမွေးရကောင်းလားဆိုတဲ့ လူထုအမြင်တွေလည်း ရှိပါတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ပြည်နယ်ရဲ့ နိုင်ငံရေးအရရော ရပ်တည်ချက်အပေါ်မှာ အခြေခံပြီးတော့ မဖြစ်မနေတည် ဆောက်သွားရမယ့် Process (လုပ်ငန်းစဉ်) တစ်ခုဖြစ်တယ်။ အခုလောလောဆယ်တော့ IEC ရဲ့ ဘဏ္ဍာငွေနဲ့ပဲသွားတာရှိပါတယ်။

မေး ။ ။ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေကို ဖမ်းမိတဲ့အခါ ကျွေးမွေး စောင့်ရှောက်ထိန်းသိမ်းတယ်ဆိုပြီး ဝေဖန် ကြတာရှိတယ်။   သုံ့ပန်းတွေကို အခုလို ထောင်တွေနဲ့  စနစ်တကျထိန်းသိမ်း တာက အခုကာလမှာ လိုအပ်တယ်ထင်ပါသလား။

ဖြေ ။ ။ လိုအပ်ပါတယ်။ သွားနေတာက ကျွန်တော်တို့ပြည်နယ် တရားဥပဒေစိုးမိုးရေးရှိအောင်ပါ။ ကျွန်တော်တို့ ဒီလိုမျိုးမထိန်းသိမ်းဘူးဆိုရင် လူ့အသိုင်းအဝိုင်းမှာ လူ့အခွင့်အရေးဆိုတဲ့ကိစ္စကို ဘာနဲ့ သွားတိုင်းတာမလဲ။ စစ်ကောင်စီအကြမ်းဖက်အုပ်စုကို သူတို့ကျူးလွန်ထားတဲ့ပြစ်မှုတွေ ပေးဆပ်နိုင် အောင် အကျဉ်းထောင်တွေရှိသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ လူမှုဝန်းကျင်မှာ အကျဉ်းထောင်ရှိခြင်းအားဖြင့်လည်း တရားဥပဒေစိုးမိုးရေးအတွက် အများကြီးအထောက်အကူ ဖြစ်ပါ တယ်။ အကျဉ်းထောင်တွေသာ မရှိရင် မင်းမဲ့စရိုက်နဲ့ လုပ်ရပ်တွေအများကြီး ရှိလာနိုင်ပါတယ်။ အကျဉ်း ထောင်တွေက တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ရင် မပါမဖြစ် လိုအပ်တဲ့ ထောက်တိုင်တစ်ခုဖြစ်ပါတယ်။

မေး ။ ။ ထောင်ကနေ  ပြန်လွတ်လာတဲ့သူတွေကရော ကရင်နီလူမှုအသိုင်းအဝိုင်း မှာ ပြန်လည်ဝင်ရောက်ဖို့ အဆင်ပြေကြလား။  

ဖြေ ။ ။ တချို့ကတော့ ကျွန်တော်တို့နဲ့ အဆက်အသွယ်မရှိတော့ဘူး။ တချို့ကတော့ ရှိတယ်။ အဆက် အသွယ်ရှိတဲ့သူတွေကတော့ ပြန်ကြားရတာက ပိုပြီးတော့ လိမ္မာရေးခြားရှိလာတယ်၊ နောင်တရလာတယ်။ သို့သော် နောင်တစိတ်ကို ဘယ်အတိုင်းအတာအထိ ခံယူထားသလဲတော့ ကျွန်တော်တို့မသိပါဘူး။ လက်လှမ်းမီသလောက်တော့ လူမှုဝန်းကျင်မှာ သဟဇာတဖြစ်လာတယ်ဆိုတဲ့ ဟာမျိုးတော့  ကြားရပါတယ်။ 

မေး။ ။ IEC တရားရေးဌာနအနေနဲ့ ဘာတွေဆက်လုပ်သွားဖို့ရှိမလဲ။ 

ဖြေ ။ ။  ကျွန်တော်တို့ဌာနရဲ့ မျှော်မှန်းချက်ထဲမှာလည်း ပါပါတယ်၊ ပြည်သူလူထုလက်လှမ်းမီနိုင်တဲ့ တရားမျှတမှု၊ ဥပဒေပညာတွေ၊ အသိပညာဗဟုသုတရအောင်တော့ တောက်လျှောက် လုပ်သွားဖို့ရှိပါတယ်။ လူထုကြား ဥပဒေအသိပညာဖြန့်ဝေတဲ့ ကိစ္စတွေ၊ တရားစီရင်ရေး ဘယ်လိုလုပ်နေသလဲ၊ ဘယ်လိုသွားနေသလဲ ဆိုတဲ့ဟာတွေ လုပ်သွားဖို့ရှိပါတယ်။ နောက်တစ်ခုကတော့ အကျဉ်းထောင်တွေအပေါ် လူထုတွေ လက်ခံလာနိုင်အောင်၊ အကျဉ်းထောင်ရဲ့ ရည်ရွယ်ချက်တွေ၊ လုပ်ငန်းတွေ ဘယ်လိုရှိသလဲဆိုတာတွေကို ဖြန့်ဝေသွားဖို့ရှိပါတယ်။

Related Articles

Back to top button