နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ အခရာအကျဆုံးဘဏ်ကြီးနှစ်ခု ပိတ်ဆို့အရေးယူခံလိုက်ရပြီးနောက် နိုင်ငံတကာငွေပေးချေမှုများအတွက် စစ်ကောင်စီ အခက်တွေ့နေပြီး ယခုအခါ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်သော မြန်မာ့သစ်လုပ်ငန်း (MTE) သည်လည်း နိုင်ငံခြားငွေဘဏ်စာရင်းများ ပြောင်းရွှေ့နေသည်ဟု စုံစမ်းသိရှိရသည်။
စစ်ကောင်စီကို ဆက်လက်ဖိအားပေးရန်၊ ဖိနှိပ်ခံမြန်မာလူထုကို ထောက်ခံကြောင်းပြသရန် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) တို့ကို အမေရိကန်အစိုးရက ဇွန် ၂၁ တွင် ပိတ်ဆို့အရေးယူခဲ့သည်။
မြန်မာ့သစ်လုပ်ငန်းသည် သစ်ရောင်းရငွေ ဒေါ်လာများကို MFTB ဘဏ်မှတစ်ဆင့် လက်ခံနေရာမှ အမေရိကန်၏ ပိတ်ဆို့မှုကြောင့် မြန်မာ့စီးပွားရေးဘဏ်တွင် ဘဏ်စာရင်းပြောင်းလဲဖွင့်လှစ်နေသည်ဟု သစ်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။
“MFTB ဘဏ်မှာ MTE အကောင့်ရှိတယ်။ အဲဒီအကောင့်ကိုပဲ (သစ်ကုန်ကြမ်းဝင်ငွေ) သွင်းပေးရတယ်။ MFTB က (အရေးယူပိတ်ဆို့ခံရ) ထိသွားတော့ ငွေသွင်းမယ်ဆိုရင် MFTB က သွင်းလို့မရဘူး။ မြန်မာ့စီးပွားရေးဘဏ် (MEB) ကနေပြီး သွင်းလို့ရမယ်” ဟု ၎င်းက ဆိုသည်။
မြန်မာ့သစ်လုပ်ငန်းသည် မြန်မာ့စီးပွားရေးဘဏ်သို့ နိုင်ငံခြားငွေဘဏ်စာရင်း ပြောင်းရွှေ့လိုက်သည်သာမက သစ်လေလံတင်ရောင်းချရာတွင်လည်း ဒေါ်လာငွေသားဖြင့်ပါ လက်ခံရန် စီစဉ်နေသည်ဟု ၎င်းက ဆိုသည်။
ယခုလ ၁၃ ရက်က ပြုလုပ်သော ပြည်ပသို့ သစ်ရောင်းချရေးနှင့် ပတ်သက်သော အစည်းအဝေးတွင် မြန်မာ့သစ်လုပ်ငန်းတာဝန်ရှိသူများက သစ်ကုန်သည်များကို ထိုသို့ပြောဆိုခြင်းဖြစ်သည်ဟု အထက်ပါ နီးစပ်သူထံမှ သိရသည်။
သစ်ကုန်ကြမ်းများကို လေလံဆွဲရန် ပြည်ပကုမ္ပဏီအနေဖြင့် ဒေါ်လာ ၁၀,၀၀၀၊ ပြည်တွင်းကုမ္ပဏီများအနေဖြင့် ဒေါ်လာ ၅၀၀၀ ကို MFTB တွင် အာမခံကြေးပေးသွင်းရပြီး စင်ကာပူဘဏ်များဖြစ်သော UOB, OCBC, DBS နှင့် ထိုင်းရှိ Bangkok ဘဏ်တို့မှတစ်ဆင့် အဓိကပေးချေစေလိုကြောင်းလည်း စစ်ကောင်စီ၏ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
သစ်လေလံတင် ရောင်းချခြင်းများနှင့် ပတ်သက်၍ အမေးအများဆုံးမေးခွန်းအတွက် စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနက အွန်လိုင်းစာမျက်နှာတွင် ထိုသို့ ထုတ်ပြန်ဖော်ပြထားခြင်းဖြစ်သည်။
မြန်မာ့စီးပွားရေးဘဏ်၌ ပြောင်းရွှေ့ဖွင့်လှစ်သည့် ဘဏ်စာရင်းကို အသေးစိတ်မသိရသေးသော်လည်း ပြည်တွင်းဘဏ် ၃ ခု၊ ပြည်ပမှ စင်ကာပူဘဏ် ၄ ခု၊ ထိုင်းဘဏ် ၄ ခု၊ တရုတ်ဘဏ် ၁ ခု အပါအဝင် ဂျပန်၊ မလေးရှား၊ အိန္ဒိယနှင့် ဘင်္ဂလားဒေရှ်တို့ရှိ စုစုပေါင်းဘဏ် ၁၆ ခုဖြင့် လွှဲပြောင်းနိုင်မည်ဟု အထက်ပါသစ်လုပ်ငန်းနှင့် နီးစပ်သူက ဆက်ပြောသည်။
ပြည်တွင်းဘဏ် ၃ ခုမှာ စီဘီဘဏ်၊ ဧရာဝတီဘဏ်နှင့် A Bank တို့ ဖြစ်သည်။
“ဂယက်ရိုက်တာကတော့ ဒေါ်လာပေးချေမှုနှင့် ပတ်သက်လို့ ရာနှုန်းပြည့်ထိခိုက်မှုရှိသွားတယ်။ သူတို့က လွယ်လွယ်ကူကူပြောတာပေါ့၊ Cash (ငွေသား) သယ်လာလို့ ပြောတယ်။ ဒါပေမဲ့ နိုင်ငံတကာကနေပြီး သယ်ဖို့ ထင်သလောက် မလွယ်ဘူး။ သူတို့ဘက်က အထွက်ကို သယ်လာနိုင်တယ်ဆိုရင် အဝင်ကို Custom (အကောက်ခွန်) မှာ Declare လုပ်နိုင်ဖို့ ထောက်ခံစာလုပ်ပေးမယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။
အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့် နိုင်ငံခြားငွေ သုံးစွဲနိုင်ခြင်း မရှိသည့်အပြင် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ငွေပေးချေရာတွင်လည်း အခက်အခဲဖြစ်နေသည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံထားသည်။
၎င်းတို့ အာဏာသိမ်းလိုက်ချိန်တွင် နိုင်ငံတကာက ပိတ်ဆို့လာသည်၊ ရှိပြီးသားနိုင်ငံခြားသုံးငွေများ သုံးစွဲနိုင်ခြင်း မရှိစေရေးအပြင် ကုန်ပစ္စည်းရောင်းရငွေများ မပေးချေနိုင်စေရေးအတွက်ပါ မျိုးစုံပိတ်ဆို့လာသည်ဟု စစ်ခေါင်းဆောင်က ယခုလဆန်းပိုင်းက အစည်းအဝေးတစ်ခုတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
နှစ်စဉ် ဒေါ်လာဘီလျံချီ ဝင်ငွေရနေသည့် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူပြီးနောက်ပိုင်း ဒေါ်လာသန်း ၅၀၀ ကျော် ပြည်ပတွင် ပိတ်မိနေခြင်းမှာ အာဏာသိမ်းစစ်ဗိုလ်ချုပ်များအတွက် ခေါင်းခဲစရာတစ်ခု ဖြစ်သည်။
ပိတ်မိနေသောဒေါ်လာငွေများ ထုတ်ယူနိုင်ရေး စစ်ကောင်စီက နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ်တွင် “ကံ့ကော်” အမည်ဖြင့် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်၊ ထိုင်းဘတ်ငွေတို့ဖြင့် လျှို့ဝှက်ဘဏ်စာရင်းများ ဖွင့်လှစ်ခိုင်းထားသည်။
ပြည်ပနိုင်ငံများသို့ သစ်တင်ပို့နိုင်ရေး တစ်လတစ်ကြိမ် အမေရိကန်ဒေါ်လာဖြင့် ရောင်းချနေသည့် မြန်မာ့သစ်လုပ်ငန်းသည်လည်း ထိုင်းဘတ်ငွေနှင့် တရုတ်ယွမ်ငွေကြေးတို့ကို ပြောင်းလဲအသုံးပြုရန် စီစဉ်နေသည်ဟုလည်း သိရသည်။
ဘဏ်စာရင်းပြောင်းရွှေ့မှုအပါအဝင် ဘတ်နှင့် ယွမ် ပြောင်းလဲမည့်အခြေအနေကို Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီအတွက် နိုင်ငံခြားငွေရှာပေးနေသော နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်သည် မြန်မာ့သစ်လုပ်ငန်းမှာ အာဏာသိမ်းသည့် ၂၀၂၁ ကတည်းက အမေရိကန်နှင့် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခံထားရသည်။
စစ်ကောင်စီက ရောင်းချနေသော သစ်လေလံကို တရုတ်၊ အိန္ဒိယနှင့် အာရှနိုင်ငံများ အဓိကဝယ်ယူပြီး အရေးယူပိတ်ဆို့မှုကြောင့် ငွေလွှဲပြောင်းရာတွင် ပြည်ပဘဏ်များက တင်းကျပ်စွာစစ်ဆေးနေကြောင်း သစ်ကုန်သည်များထံမှ သိရသည်။
ယခင် နဝတ၊ နအဖအစိုးရလက်ထက်ကတည်းက အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ခံခဲ့ရဖူးသည့် စစ်အုပ်စုအနေဖြင့် အိမ်နီးချင်း တရုတ်၊ ထိုင်းနှင့် စင်ကာပူနိုင်ငံဘဏ်များကို အသုံးပြုကာ ရှောင်လွှဲခဲ့သလို လက်ရှိစစ်ခေါင်းဆောင်သည်လည်း ဂယ်ပေါက်မျိုးစုံသုံးမည်ဖြစ်ကြောင်း စီးပွားရေးလေ့လာသူ ဦးစိန်ဋ္ဌေးက Myanmar Now ကို ပြောသည်။
“ဘဏ္ဍာရေးအားဖြင့်ပိတ်ဆို့မှုက သူတို့အရှိုက်ကို ထိုးနေတယ်။ အဲ့ဒါကိုလည်း စကစက သူတို့ရဲ့ ဆရာကြီးများလမ်းစဉ်အတိုင်း အရှိန်အဟုန်ပြင်းပြင်းနဲ့ ပြင်ဆင်နေတယ်။ အခုဟာကတော့ သူတို့ ဟန်ကိုမဆောင်နိုင်တော့ဘူး။ ကျွန်တော်တို့ မထိပါဘူး၊ အမေရိကန်မှာ မပိတ်ဆို့ပါဘူးလို့ ဆိုပေမဲ့ လမ်းကြောင်းတွေ ရှိသမျှ ရိုက်ပိတ်တော့ သူတို့မှာ မျက်ဖြူဆိုက်နေပြီ” ဟု ၎င်းက ဆိုသည်။
နိုင်ငံပိုင်ဘဏ်နှစ်ခု ပိတ်ဆို့အရေးယူခံရပြီးနောက် မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံပိုင်လုပ်ငန်းများ၏ နိုင်ငံခြားဘဏ်စာရင်းလွှဲပြောင်းဖွင့်လှစ်ရာ ဘဏ်တစ်ခုဖြစ်လာသည်။
နိုင်ငံတကာက အရေးယူပိတ်ဆို့ထားသော်လည်း ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်မှစ၍ နှစ်နှစ်အတွင်း ပြည်ပကို ဒေါ်လာ သန်း ၅၀၀ ကျော်ဖိုး သစ်တင်ပို့ခဲ့ပြီး ၁၇ ရာခိုင်နှုန်းမှာ အရေးယူပိတ်ဆို့မှု သက်ရောက်မှုရှိသည့် နိုင်ငံများကို ပို့ခဲ့ကြောင်း၊ ၅၀ ရာခိုင်နှုန်းမှာ တရုတ်ကို ပို့ကြောင်း အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ရေးရာအဖွဲ့ Forest Trends ၏ ၂၀၂၃ ဧပြီ ၄ ထုတ်ပြန်ချက်တစ်စောင်တွင် တွေ့ရသည်။
စစ်တပ်အာဏာသိမ်းထားသည့် နှစ်နှစ်အတွင်း အမေရိကန်ကို ကျွန်းသစ်တန် ၂၅၀၀ တင်ပို့ခဲ့ကြောင်း ဗြိတိန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီ (EIA) ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)