သတင်း

ပိတ်ဆို့အရေးယူမှုကြားမှ မြန်မာ့ကျွန်းသစ်များ အမေရိကန်သို့ အဆက်မပြတ်ရောက်နေ 

စစ်ကောင်စီအတွက် ဘဏ္ဍာငွေအရင်းအမြစ်တစ်ခုဖြစ်သော နိုင်ငံပိုင်မြန်မာ့သစ်လုပ်ငန်း (MTE) ကို ပိတ်ဆို့အရေးယူထားသော်လည်း အာဏာသိမ်းပြီးကတည်းက မြန်မာ့ကျွန်းသစ်များ အမေရိကန်သို့ အဆက်မပြတ်ရောက်နေကြောင်း အစီရင်ခံစာထွက်လာသည်။

စစ်တပ်က အာဏာသိမ်းထားသည့် နှစ်နှစ်တာအတွင်း မြန်မာနိုင်ငံမှ ကျွန်းသစ်တန်ချိန် ၂၅၀၀ ကျော်ကို အမေရိကန်သို့ တင်ပို့ခဲ့ကြောင်း ယခုလ ၃ ရက်က ထုတ်ပြန်သည့် ဗြိတိန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီ (EIA) ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ပြီးခဲ့သည့် အောက်တိုဘာ တစ်လအတွင်း၌ပင် ကျွန်းသစ်တန်ချိန် ၂၆၃ ဒသမ ၇ တန် တင်ပို့ခဲ့ပြီး အမေရိကန်က ပိတ်ဆို့အရေးယူထားသည့် စစ်ကောင်စီလက်အောက်ခံ မြန်မာ့သစ်လုပ်ငန်းသည် သစ်လေလံပွဲများ လစဉ်ပြုနေသည်ဟု ဆိုသည်။

အာဏာသိမ်းပြီး နှစ်လအကြာ ၂၀၂၁ ဧပြီလတွင် မြန်မာ့သစ်လုပ်ငန်း (MTE) ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့ပြီး ဥရောပသမဂ္ဂကလည်း အလားတူ ဒဏ်ခတ်အရေးယူကြောင်း ဇွန်လတွင် ထုတ်ပြန်သည်။

စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်သည် သစ်ရောင်းချငွေအဖြစ် စင်ကာပူရှိ UOB၊ OCBC၊ DBS ဘဏ်တို့နှင့် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဘဏ်များမှတစ်ဆင့် အမေရိကန်ဒေါ်လာများ လက်ခံရရှိနေသည်ဟုလည်း EIA က ဆိုသည်။

ပိတ်ဆို့အရေးယူမှုကြားမှ မြန်မာ့ကျွန်းသစ်များ အမေရိကန်ဈေးကွက်ထဲ ဝင်ရောက်နေကြောင်း အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ရေးရာအဖွဲ့ Forest Trends ကလည်း ပြီးခဲ့သည့်မတ်လအတွင်း ထုတ်ပြန်ခဲ့ဖူးသည်။

အမေရိကန်ဈေးကွက်ထဲသို့ ဝင်ရောက်သည့်သစ်များကို ဇိမ်ခံရွက်လှေတည်ဆောက်ရာတွင် အသုံးပြုပြီး အာဏာသိမ်းပြီးနောက် သစ်တင်သွင်းသည့် ကုမ္ပဏီအရေအတွက် ကျဆင်းသွားသော်လည်း တင်သွင်းသည့်ပမာဏ တိုးလာသည်ဟု ဆိုသည်။

အာဏာသိမ်းမှုဖြစ်စဉ်အပြီး ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ကွင်းကာ အမေရိကန်ကုမ္ပဏီများက မြန်မာ့ကျွန်းသစ်တန်ချိန် ၁၅၆၅ တန် တင်သွင်းခဲ့ကြောင်း စစ်တပ်၏ အကျိုးစီးပွားနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar က ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ဖူးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် လက်နက်ကိုင်တော်လှန်မှု ပေါ်ပေါက်လာပြီး ဒေသန္တရအုပ်ချုပ်ရေးပျက်ယွင်းသွားကာ အကျင့်ပျက်ခြစားမှုများနှင့်အတူ သစ်ခိုးထုတ်ခြင်းများလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်။

လက်နက်ကိုင် ခုခံတော်လှန်မှု အပြင်းထန်ဆုံးဖြစ်နေသည့် စစ်ကိုင်းတိုင်းအနောက်တောင်ပိုင်းရှိ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်တွင် သစ်ခိုးထုတ်မှု အလွန်မြင့်တက်နေသည်ဟု ဒေသခံတို့က ဆိုသည်။

“လူတိုင်းလို လွတ်လွတ်ကြီးဖြစ်သွားတော့ သစ်ရောင်းချင်တဲ့သူတွေကလည်း ခုတ်၊ တခြားသူတွေကလည်း ခုတ်။ ဒီနားဝန်းကျင် ၁၀ ရွာလောက်က တက်ပြီးတော့ ခုတ်ကြတာ” ဟု အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းအဝင်ရှိ ကပိုင်ရွာမှ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။​

“လမ်းဘေးဝဲယာကတော့ မရှိသလောက်နီးပါးပေါ့။ ကျွန်းတို့၊ တမလန်းတို့၊ ပိတောက်တို့ ကုန်သလောက်နီးပါး ဖြစ်သွားတာ။ တောင်ပေါ်တက်တဲ့ လမ်းဘေးဝဲယာက တော်တော် အခြေအနေဆိုးသွားတာ”

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင်လည်း သစ်ခိုးထုတ်မှု မြင့်တက်နေသည်ဟု သိရသည်။ စစ်ကောင်စီလက်ထက်တွင် အကျင့်ပျက်ခြစားမှုနှင့်အတူ တရားမဝင်သစ်ခိုးထုတ်မှု မြင့်တက်နေရာ သစ်တောပြုန်းတီးမှုအန္တရာယ်မှာ စိုးရိမ်ဖွယ်ရာဖြစ်နေသည်။ 

အမေရိကန်သစ်ကုန်သည်များသည် စစ်ကောင်စီ၏ သစ်တောဝန်ကြီးထံမှ ထောက်ခံချက်ပင် ယူနေကြောင်း EIA အစီရင်ခံစာတွင် ဖော်ပြသည်။ မြန်မာ့ကျွန်းသစ်များ ဆက်လက်ဝယ်ယူနေခြင်းသည် အမေရိကန်အစိုးရက ပြဋ္ဌာန်းထားသည့် လေစီဥပဒေ (The Lacey Act) ကို ချိုးဖောက်ရာရောက်သည်ဟုလည်း ဆိုသည်။​

သစ်လေလံအောင်မြင်သည့် ကုမ္ပဏီများကို မြန်မာ့သစ်လုပ်ငန်းက ယခင်က ထုတ်ပြန်ကြေညာလေ့ရှိသော်လည်း အာဏာသိမ်းပြီးနောက် မည်သည့်ကုမ္ပဏီက လေလံအောင်မြင်ကြောင်း မသိရတော့ပေ။ သို့သော် လာမည့်နှစ်တွင်လည်း သစ်လေလံပွဲများ ဆက်ကျင်းပသွားမည်ဟု ကြေညာထားသည်။​

စစ်ကောင်စီထိန်းချုပ် မြန်မာ့သစ်လုပ်ငန်း၏ သစ်လေလံအောင်သူများသည် စစ်တပ်အဆက်အနွှယ်များသာ ဖြစ်မည်ဟု Justice For Myanmar က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button