သတင်း

ပို့ကုန်ရငွေ၏ ထက်ဝက်ကို စစ်ကောင်စီနှုန်းထားနှင့် လဲရမည်ဟု ပြင်ဆင်သတ်မှတ်

နိုင်ငံခြားငွေ လိုအပ်နေသည့် အာဏာသိမ်းစစ်ကောင်စီက ပို့ကုန်တင်ပို့မှုမှ ရရှိလာသော နိုင်ငံခြားငွေ၏ ၅၀ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးထက် နည်းသော ငွေလဲနှုန်းဖြင့် ကျပ်ငွေသို့ မဖြစ်မနေလဲရန် ထပ်မံလျှော့ပေါ့ပေးလိုက်သော်လည်း ထူးထွေသည့် အကျိုးအမြတ်မရနိုင်ဟု ကုန်သည်များက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေရပေါက်ရလမ်းအားလုံးကို မီးကုန်ယမ်းကုန်ထိန်းချုပ်နေသည့် စစ်ကောင်စီက ပို့ကုန်တင်ပို့ခြင်းမှ ရသည့် ငွေအားလုံးကို တစ်ရက်အတွင်း ကျပ်ဖြင့် လဲလှယ်သည့် အစီအစဉ်ကို ၂၀၂၂ ဧပြီတွင် စတင်ခဲ့သည်။

ကနဦးတွင် ပို့ကုန်ရငွေ၏ ၁၀၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေး တစ်ဒေါ်လာ ၁၈၅၀ ကျပ်ဖြင့် လဲရန် သတ်မှတ်ခဲ့သည်။ ၂၀၂၂ ဩဂုတ်လတွင် ၆၅ ရာခိုင်နှုန်းကို ၂၁၀၀ ကျပ်ဖြင့် လဲလှယ်ရန် ပြင်ဆင်လိုက်ပြန်သည်။ ယခု နောက်ဆုံးပြင်ဆင်ချက်အရ ၅၀ ရာခိုင်နှုန်းကိုသာ လဲရတော့မည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ယနေ့ (ဇူလိုင် ၁၄) တွင် သတင်းထုတ်ပြန်သည်။

ရငွေအားလုံးကို လွတ်လပ်စွာ အသုံးပြုခွင့်မရဘဲ အာဏာသိမ်းစစ်ကောင်စီကို သတ်မှတ်ငွေလဲနှုန်းဖြင့် ခွဲဝေ လဲပေးရခြင်းကြောင့် သိသာစွာ အမြတ်မကျန်ဟု မူဆယ်နယ်စပ်မှ တရုတ်ကို ဆန်တင်ပို့နေသည့် အမည်မဖော်လိုသူ ဆန်ကုန်သည်တစ်ဦးက ဆိုသည်။

“နယ်စပ်ဆန်သမားတွေအတွက်တော့ ထူးခြားမှုမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ နဂိုတုန်းက တစ်တန်ကို ကျပ် ၂၆၀,၀၀၀ နစ်နာတယ်။ အခုက တစ်တန်ကို ကျပ် ၁၉၅၀၀၀ လောက် နစ်နာတယ်။ သိပ်မထူးဘူး။ မကိုက်တာက မကိုက်တာပဲ” ဟု ၎င်းက ဆိုသည်။

၅၀ ရာခိုင်နှုန်းကို သတ်မှတ် ငွေလဲနှုန်းဖြင့် လဲရပြီးနောက် ကျန်ရငွေကို လွတ်လပ်စွာ သုံးခွင့်ရှိသော်လည်း စစ်ကောင်စီ သတ်မှတ်သည့် ငွေလဲနှုန်းမှာ ပေါက်ဈေးထက် အလွန်နည်းပါးသဖြင့် အကျိုးအမြတ်နည်းခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ သတ်မှတ်သည့် ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၂,၁၀၀ ၊ တရုတ်တစ်ယွမ် ၂၉၃ ကျပ် ဖြစ်သော်လည်း ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃,၀၀၀ ၊ တရုတ်တစ်ယွမ်ကို ကျပ် ၄၃၀ အထိ ဈေးပေါက်နေသည်။ စစ်ကောင်စီကို မပေးရဘဲ ပို့ကုန်ရငွေများအားလုံးကို ပြင်ပပေါက်ဈေးဖြင့် လွတ်လပ်စွာ လဲလှယ်သုံးစွဲခွင့်ရမည်ဆိုပါက ဈေးပိုရမည်ဖြစ်သည်။

ပို့ကုန်သမားများသည် ဒေါ်လာ ၁၀၀ ဝင်လျှင် ၅၀ ကို တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဖြင့် စစ်ကောင်စီကို လဲပေးရပြီး ကျန် ၅၀ ကိုသာ ဈေးကွက်ပေါက်ဈေး ကျပ် ၃၀၀၀ ဖြင့် လဲလှယ်သုံးစွဲနိုင်သည်ဖြစ်ရာ တွက်ခြေကိုက်မှုအားနည်း၍ ပို့ကုန်တင်ပို့မှုအားနည်းဆဲဖြစ်သည်ဟု ဆန်ကုန်သည်များက ဆိုသည်။

နိုင်ငံခြားငွေအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် နိုင်ငံခြားဝင်ငွေလမ်းကြောင်းကို ထိန်းချုပ်နေသလို ထိုဝင်ငွေများ ပြန်ထွက်မသွားရန် သွင်းကုန်တင်သွင်းမှုကိုလည်း အကြီးအကျယ် ကန့်သတ်ပိတ်ပင်ထားသည်။ ထိုလုပ်ရပ်ကြောင့် လုပ်ရကိုင်ရ ခက်ခဲသွားသည်ဟု မန္တလေးမှ အမည်မဖော်လိုသည့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ 

“နိုင်ငံခြားငွေ အရမ်းလိုတဲ့အခါမှာ နိုင်ငံခြားငွေ ယိုစိမ့်နိုင်တဲ့ ထွက်ပေါက်မှန်သမျှကို ပိတ်ဆို့တာလေ။ ပိတ်ဆို့တော့ လက်တွေ့မကျတဲ့ ပိတ်ဆို့မှုတွေပါ ဖြစ်လာတယ်။ စီပွားရေးစံချိန်စံညွှန်းတွေအရဆိုရင် ဘယ်လိုမှ လက်ခံလို့မရတော့ဘူး” ဟု ၎င်းက ဆိုသည်။

တစ်ချိန်တည်းတွင် ငွေလဲနှုန်းကို ထိန်းချုပ်ရာတွင် ဝယ်လိုအားနှင့် ရောင်းလိုအားကို အခြေမခံဘဲ အမိန့်ဖြင့် ထိန်းချုပ်နေသည်၊ ထိုအမိန့်ညွှန်ကြားချက် မလိုက်နာသူများကိုလည်း အရေးယူလျက်ရှိသည်။

ဇူလိုင် ၁၂ ကလည်း ထုတ်ပြန်ထားသော အမိန့်ကြေညာချက်များကို မလိုက်နာဟုဆိုကာ နိုင်ငံခြားငွေ လဲလှယ်သည့် ကုမ္ပဏီ ၁၀ ခုကို လိုင်စင်ပိတ်သိမ်းကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

အခြားတစ်ဖက်တွင် အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများက ပစ်မှတ်ထားပိတ်ဆို့ခြင်းကြောင့် ငွေပေးချေမှုဆိုင်ရာအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။

နိုင်ငံငွေကြေးနှင့် ပတ်သက်၍ အခရာအကျဆုံးဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ဇွန် ၁၂ တွင် အမေရိကန်အစိုးရက အရေးယူ ပိတ်ဆို့ကြောင်း ကြေညာခဲ့သည်။

အမေရိကန်၏ အရေးယူပိတ်ဆို့မှုကြောင့် ၂၀၂၁ မှ စတင်ကာ ကုန်သွယ်ရာတွင် ဒေါ်လာဖြင့် ပေးချေရန် ခက်ခဲလာသည်ဟု စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးက ဇွန် ၁၂ ကာလကတ္တားမြို့တွင် ပြုလုပ်သည့် ပို့ကုန်မြှင့်တင်ရေးဆွေးနွေးပွဲတွင် ပြောဆိုကြောင်း The Economic Times သတင်းဌာနက ဖော်ပြသည်။

စစ်ကောင်စီက အကြီးဆုံးကုန်သွယ်ဖက်များဖြစ်သည့် တရုတ်၊ ထိုင်းနှင့် နယ်စပ်မှ ကုန်သွယ်ရာတွင် ဒေါ်လာအစား သက်ဆိုင်ရာနိုင်ငံများ၏ ငွေကြေး ယွမ်၊ ဘတ်နှင့် ကျပ်တို့ဖြင့် ပေးချေသည့် စနစ်ကို ၂၀၂၁ ဒီဇင်ဘာတွင် အစပြုခဲ့သည်။  အိန္ဒိယနှင့်လည်း အလားတူပေးချေနိုင်ရန် ကြိုးပမ်းနေသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button