သတင်း

နိုင်ငံပိုင်လေကြောင်းလိုင်းအပါအဝင် နိုင်ငံခြားငွေလဲခွင့်လိုင်စင် အခု ၂၀ ရုပ်သိမ်းခံရ

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) အပါအဝင် ငွေလဲကောင်တာ ဖွင့်ထားသည့် ကုမ္ပဏီ ၂၀ ကို နိုင်ငံခြားငွေရောင်းဝယ်လဲလှယ်ခွင့်လိုင်စင် ရုပ်သိမ်းလိုက်ကြောင်း ယမန်နေ့ (မတ် ၁၆) တွင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်သည်။

ထိုလုပ်ငန်းများ မတ် ၁၄ ရက်မှစ၍ နိုင်ငံခြားငွေလဲခွင့် မရှိတော့ကြောင်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို မလိုက်နာ၍ ဖြစ်ကြောင်း ဗဟိုဘဏ်၏ ကြေညာချက်က ဆိုသော်လည်း အသေးစိတ် မသိရပေ။

အသေးစိတ်သိရှိရန် ဗဟိုဘဏ်ပြောခွင့်ရ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာ ဝက်ဘ်ဆိုက်မှတစ်ဆင့် မကြာမီ ထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။ 

“သက်ဆိုင်ရာဌာနကို မေးခိုင်းထားတယ်။ မေးပြီးသွားရင် ထပ်ထုတ်ပေးပါမယ်။ အားလုံး တစ်ပြေးညီ သိရအောင်ပါ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက တစ်ဒေါ်လာ ၂,၁၀၀ သတ်မှတ်ချိန်တွင် MNA လေကြောင်းလိုင်းက တစ်ဒေါ်လာ ၃,၀၀၀ နှင့်အထက် ဈေးသတ်မှတ်၍ လက်မှတ်ခကို ဖြတ်တောက်ရန် ပြီးခဲ့သည့်နှစ်အတွင်း လက်မှတ်အရောင်းကိုယ်စားလှယ်များကို အကြောင်းကြားစာ ဖြန့်ဝေခဲ့ဖူးသည်။ ယခု လိုင်စင်ရုပ်သိမ်းခံရသည့် ကိစ္စနှင့် ပတ်သက်၍ MNA ထံ မေးမြန်းနိုင်ခြင်း မရှိပေ။ 

ရန်ကုန်မြို့မှ အမည်မဖော်လိုသော လိုင်စင်ရုပ်သိမ်းခံရသည့် ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကမူ လွန်ခဲ့သော နှစ်ရက် (မတ် ၁၅) တွင် စစ်ကောင်စီက စာပို့ အသိပေးခဲ့သည်၊ သို့သော် မည်သည့်အချက်ကြောင့် ရုပ်သိမ်းသည်ကို မသိရဟု ပြောသည်။

“အရင်တုန်းက ရန်ကုန်က မြို့နယ်တစ်ခုမှာ ငွေလဲကောင်တာ ဖွင့်ထားတာ။ ဖွင့်ထားရင်းနဲ့မှ တစ်နေရာကို ပြောင်းတယ်။ ပြောင်းဖွင့်တာက အဆင်မပြေသေးဘူး ဖြစ်နေတာပေါ့။ အဲဒီနေရာမှာ လုပ်ငန်းက ဆက်ပြီး ပုံမှန်မလုပ်နိုင်သေးဘူးဖြစ်နေတယ်။ ဒါကို သက်ဆိုင်ရာကို ပြောထားတယ်။ အခုလို ရုပ်သိမ်းသွားတာက ဘယ်စည်းကမ်းနဲ့ ဘယ်လိုငြိတယ်ဆိုတာ ကောင်းကောင်းမသိဘူးပေါ့” ဟု ၎င်းက ဆိုသည်။

၂၀၂၃ မတ် ၁၆ ရက် စစ်ကောင်စီသတင်းစာပါ ကြေညာချက်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားရေး ကမောက်ကမဖြစ်ကာ မြန်မာကျပ်ငွေတန်ဖိုး တလိမ့်ခေါက်ကွေးကျဆင်းလာရာ စစ်ကောင်စီက နိုင်ငံခြားငွေလဲနှုန်းကို​ အကြီးအကျယ်ကန့်သတ်ခဲ့သည်။

ဝယ်လိုအားနှင့် ရောင်းလိုအားအပေါ်တွင် ဈေးနှုန်းသတ်မှတ်သည့်စနစ်ကို လွန်ခဲ့သည့် နှစ်နှစ် အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ်ဖြင့် ပုံသေသတ်မှတ်ခဲ့သည်။ သို့သော် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၃,၀၀၀ ကျပ်အထက် ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေသည်။

ထိုအခြေအနေတွင် စစ်ကောင်စီသတ်မှတ်ဈေးဖြင့် မည်သူမျှ အရောင်းအဝယ်မလုပ်ကြပေ။ ဘဏ်နှင့် ငွေလဲကောင်တာများ၊ အခြားစီးပွားရေးလုပ်ငန်းကြီးများသည်ပင်လျှင် ဗဟိုဘဏ်၏ ဒေါ်လာသတ်မှတ်နှုန်းထားကို ဟန်ပြသက်သက်သာ ထား၍ ပြင်ပပေါက်ဈေးအတိုင်းသာ ရောင်းဝယ်နေကြသည်။ 

ထို့ပြင် စစ်ကောင်စီသည် နိုင်ငံခြားငွေ ရပေါက်ရလမ်းဖြစ်သည့် ပို့ကုန်ရဒေါ်လာများကို ဈေးကွက်ပေါက်ဈေးထက် နည်းပါးသည့် ၂,၁၀၀ ကျပ်ဖြင့် မဖြစ်မနေ လဲယူနေခြင်းကြောင့် ပြည်ပဈေးကွက်တွင် ဒေါ်လာရှားပါးလာပြီး ငွေလဲကောင်တာများ ရပ်တည်ရန် ခက်ခဲလာသည်။

နိုင်ငံခြားက ဒေါ်လာတိုက်ရိုက်ကိုင်သယ်ဆောင်သူများသာ ကျပ်ငွေဖြင့် တရားဝင်လဲလှယ်နိုင်မည့် အခြေအနေရှိလာကြောင်း ငွေလဲကောင်တာ နှစ်ခုဖွင့်လှစ်ထားသလို ဟိုတယ်လုပ်ငန်းပါ ပူးတွဲလုပ်ကိုင်နေသည့် အမည်မဖော်လိုသော လုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောဆိုဖူးသည်။

စစ်ကောင်စီ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဈေးကွက်ကို အမိန့်ညွှန်ကြားချက်များသုံး၍ ထိန်းချုပ်နေသည်။ ၁၉၉၀ နောက်ပိုင်း အာဏာရှင်ဟောင်း ဦးသန်းရွှေ ကျင့်သုံးခဲ့သည့် လမ်းဟောင်းကြီးအတိုင်း ဒေါ်လာကို ထိန်းချုပ်နေရာ တိုင်းပြည်အတွင်း မှောင်ခိုဈေးကွက် ပြန်လည်ကြီးထွားလာသည်။

ဦးသန်းရွှေခေတ်တွင် မြန်မာနိုင်ငံသားများကို ဒေါ်လာတရားဝင်ကိုင်ခွင့် မပြုခဲ့ပေ။ နိုင်ငံခြားငွေထိန်းချုပ်ရန် ၁၉၉၃ တွင် ဒေါ်လာအစားထိုး နိုင်ငံခြားငွေလဲလက်မှတ် (FEC) ထုတ်ဝေဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button