စီးပွားရေးသတင်း

ဒေါ်လာစျေးအမြင့်ဆုံးသို့ရောက်နေပြီး စျေးကွက်အတွင်းဝယ်မရသည်အထိပြတ်လပ်လာ

သမိုင်းတလျှောက်အမြင့်ဆုံးအဖြစ် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄,၁၀၀ ကျော်အထိ မြင့်တက်လာပြီးနောက် ပြည်တွင်းစျေးကွက်အတွင်း ဒေါ်လာဝယ်မရသည်အထိ ပြတ်လပ်နေသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားငွေ အထူးသဖြင့် အမေရိကန်ဒေါ်လာ စီးဝင်မှု လျော့ကျ လာရာမှ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၏ ဒေါ်လာအဝင်အထွက်ကိုလည်း  ထပ်မံ ကန့်သတ် ထိန်းချုပ် လိုက်ရာ နောက်ဆက်တွဲအဖြစ် ဒေါ်လာအကျပ်အတည်းကို မကြုံစဖူး  ရင်ဆိုင်နေရသည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။ 

ဗဟိုဘဏ်က နိုင်ငံတွင်း ဝင်လာသမျှ ဒေါ်လာငွေကို ရည်ညွှန်း သတ်မှတ်စျေးနှုန်းဖြင့် ဖြတ်ယူသလို လုပ်ငန်းရှင်များကလည်း သက်ဆိုင်ရာဘဏ်အကောင့် အချင်းချင်းဖြင့်သာ ဒေါ်လာအရောင်းအဝယ် လုပ်ဆောင်နေရသည်။  

စစ်ကောင်စီ၊ ဗဟိုဘဏ်သည် လုပ်ငန်းရှင်များထံမှ ပို့ကုန်ရငွေများ၏ ၃၅ ရာခိုင်နှုန်းကို ၁ ဒေါ်လာ ၂,၁၀၀ ကျပ် နှုန်းဖြင့် ဖြတ်ယူပြီး ကျန် ၆၅ ရာခိုင်နှုန်းကိုမူ စျေးကွက်ပေါက်စျေးဖြင့် ပြန်လည်ရောင်းချခွင့်ပေးထားသည်။ ယခင်က ၁ ဒေါ်လာ ၂,၁၀၀ ကျပ် ဖြင့် ၅၀ ရာခိုင်နှုန်းအထိ ဖြတ်တောက်ခဲ့သည်။ 

ထို့အပြင် နိုင်ငံခြားငွေ တရားဝင်ရောင်းဝယ်ခွင့်ရှိသော လိုင်စင်ရဘဏ်များ၊ ငွေလဲကောင်တာများ၌သာ ရောင်းဝယ်ရမည်ဟု ဆိုထားသော်လည်း အမှန်တကယ်မှာမူ ဗဟိုဘဏ်က စျေးနှုန်း နှင့် လွတ်လပ်စွာ ရောင်းဝယ်ခွင့်ကို ကန့်သတ်ထိန်းချုပ်ထားသည်။ 

ရန်ကုန်အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက စျေးကွက်အတွင်း ဒေါ်လာငွေသား ပျောက်နေသည်ဟု Myanmar Now ကို ပြောသည်။  

“အခုနောက်ပိုင်းက Transfer ပဲ သွားကြတာ (ဘဏ်ကနေပဲ လွှဲကြတာ) ဆိုတော့ အရွက်ပျောက်နေ တာပေါ့” ဟု သူက ပြောသည်။

ထို့အပြင် စစ်ကောင်စီ သတ်မှတ်စျေးနှုန်းများအတိုင်း မရောင်းချပါက ဖမ်းဆီးခြင်း၊ လုပ်ငန်း လိုင်စင်ပိတ်သိမ်းခြင်းများကြောင့်လည်း ပြင်ပစျေးကွက်အတွင်း နိုင်ငံခြားငွေရောင်းဝယ်ခြင်း တန့်သွားသည့် သဘောဖြစ်ကြောင်း သူက ဆိုသည်။   

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်သည် ပြင်ပငွေကြေးစျေးကွက်အတွင်း ဒေါ်လာစျေးမြင့်တက်နေ မှုကို လျော့ကျစေရန် ရည်ရွည်ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ဗဟိုဘဏ်က ကြီးကြပ်သော Online Trading အစီအစဉ်ဖြင့် နိုင်ငံခြားငွေရောင်းဝယ်ခြင်းကို စတင်ခွင့်ပြုခဲ့သည်။  

ထို့နောက် ယင်းအစီအစဉ်တွင် နိုင်ငံခြားငွေရောင်းဝယ်ခြင်းလုပ်ကိုင်ခွင့်ရှိသော ဘဏ်နှင့် Customer များအကြား အရောင်းအဝယ် ပြုလုပ်ရာတွင် လည်းကောင်း၊ Customer အချင်းချင်း အရောင်း အဝယ်ပြုလုပ်ရာတွင်လည်းကောင်း ငွေလဲလှယ်နှုန်းအပေါ် မူတည်၍ Market rate အတိုင်း လွတ်လပ်စွာဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့တွင် ထပ်မံ ထုတ်ပြန်ခဲ့သည်။ 

စစ်ကောင်စီလက်ထက်တွင် ၁ ဒေါ်လာ ကျပ် ၂,၁၀၀ ပုံသေဈေး၊ အွန်လိုင်းဈေးနှင့် ပြင်ပဈေးဟူ၍ သုံးမျိုးရှိပြီး ထိုဖြေလျှော့လိုက်သော ငွေလဲနှုန်းမူဝါဒသည် အွန်လိုင်းဈေးကွက်အတွက်သာဖြစ်သည်။ 

ယခုတွင် ဗဟိုဘဏ်က ကြီးကြပ်သော အွန်လိုင်းစျေးကွက်အတွင်းပင် ၁ ဒေါ်လာ ပေါက်စျေးသည် ပြင်ပစျေးကွက်အတွင်းရှိနေသော ပေါက်စျေးများ နည်းတူ ဖြစ်လာသည်။  

ပြည်တွင်းဘဏ်များက ပို့ကုန်လုပ်ငန်းရှင်များထံမှ ပို့ကုန်ရငွေအပေါ် ပြန်လည်ဝယ်ယူသော အွန်လိုင်း စျေးကွက်အတွင်း စျေးနှုန်းမှာပင် ပြင်ပပေါက်စျေးထက် အနည်းငယ်သာလျှော့ပြီး ကျပ် ၃,၈၀၀ မှ ၃,၉၀၀ ကျော်အထိ ပေးဝယ်နေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ 

ပြင်ပစျေးကွက်အတွင်း၌ ၁ ဒေါ်လာ ပေါက်စျေးသည် ကျပ် ၄၁၀၀ ဝန်းကျင်အထိရှိနေပြီး။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကမ္ဘာ့စျေးကွက်၌ ရွှေစျေး နှင့် ဒေါ်လာစျေးနှုန်းများ မြင့်တက်လာရာ ဒေါ်လာစျေးသည်လည်း တရှိန်ထိုးမြင့်တက်လာခြင်းဖြစ်သည်။ ပြည်တွင်း ရွှေစျေးနှုန်းမှာ ၁ ကျပ်သားကို ကျပ် ၅၀ သိန်းကျော်အထိဖြစ်နေသည်။ 

ဧပြီလအတွင်း၌ ပြင်ပစျေးကွက်တွင် ၁ ဒေါ်လာတန်ဖိုးသည် ကျပ် ၃,၈၀၀ မှ ၃,၉၀၀ ဝန်းကျင်သာ ရှိခဲ့ပြီး ရွှေ ၁ ကျပ် သားသည်လည်း ကျပ် ၄၅ သိန်းဝန်းကျင်သာ ရှိခဲ့သည်။

ထိုသို့ စျေးကွက်အတွင်း ဒေါ်လာ စျေးနှုန်းမြင့်တက်လာမှုကို ထိန်းချုပ်ရန် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ကြိုးစားနေသည်၊ အွန်လိုင်း တရားမဝင်စျေးကွက်တွင် ရောင်းချနေ မှုများကို အရေးယူသွားမည်ဟု ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မေလ ၁၈ ရက်နေ့တွင် ပြောဆိုလိုက်သည်ဟု မေ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ 

ထို့နောက်  မေလ ၂၀ ရက်နေ့ တွင်  ရွှေ နှင့် ဒေါ်လာ စျေးကွက်မဖွင့်နိုင်သလို အရောင်းအဝယ်လည်း နည်းပါးသွားခဲ့သည်ဟု ရန်ကုန်မှ စီးပွားရေးလုပ်ငန်း ရှင်များက ပြောသည်။   

အရောင်းအဝယ်လုပ်ရန် ပိုမို ဆင်ခြင်လာကြသည်ဟု  ခရီးသွားလုပ်ငန်းရှင်တစ်ဦးက   Myanmar Now ကို ပြောသည်။ 

“အခုက မရောင်းကြဘူးဆိုတာက နှစ်ပိုင်းပေါ့လေ၊ တချို့ကလည်း အဖမ်းအဆီးကြောက်လို့လည်း ဖြစ်တယ်။ ဒီထက် စျေးက ထပ်တက်ဦးမယ်ဆိုတာလည်း ကြားနေတော့ ရောင်းမှားဝယ်မှားဖြစ်မှာ ကြောက်ကြတာပေါ့” ဟု သူက ပြောသည်။

ထို့အပြင် ဗဟိုဘဏ်သည် ၎င်းတို့ သတ်မှတ်နှုန်းထား ၁ ဒေါ်လာ ကျပ် ၂၁၀၀ ထက် ပြင်ပ ပေါက်စျေးနှုန်း သည် နှစ်ဆဖြစ်သော ကျပ် ၄၀၀၀ ကျော်အထိဖြစ်လာ​သည့်တိုင် အလုပ်မဖြစ်သော ထိုကန့်သတ်ချက်ကို မပြင်ဆင်သေးသလို စျေးကွက်အတွင်း ဒေါ်လာရောင်းချ ပေးနိုင်မှုသည်လည်း အလွန်နည်းပါးနေသေးကြောင်း သူက ဆိုသည်။

အမေရိကန်ဒေါ်လာ နှင့် မြန်မာကျပ်ငွေ (ဓာတ်ပုံ-EPA)

Myanmar Now က ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတချို့ကို ဆက်သွယ်မေးမြန်းရာတွင် ဒေါ်လာ အရောင်းအတွက် ဒေါ်လာလက်ကျန်မရှိတော့သလို စျေးကွက်ပေါက်စျေးလည်း မဖွင့်ကြောင်း ဆိုကြသည်။ တချို့သော ငွေလဲကောင်တာများမှာမူ ဆိုင်ပိတ်ထားလျက်ရှိသည်။ 

“အခုက စီးပွားရေးတစ်ရပ်အနေနဲ့ လုပ်နေကြတော့ လူတိုင်းကို ပေးပြီးတော့ အများကြီး ထုတ်မ ရောင်းတော့ဘူး။ သဘောက လူတိုင်းကို ဒီစီးပွားရေးအခွင့်အရေးမပေးတော့တာ၊ နီးစပ်ရာ လူ အချင်းချင်းပဲ ပေးရောင်းပြီး ကိုင်ထားနေကြတာ” ဟု စက်သုံးဆီလုပ်ငန်းလုပ်ကိုင်နေသော စီးပွားရေး သမားတစ်ဦးက ပြောသည်။ 

လတ်တလောတွင် ဒေါ်လာစျေးမြင့်တက်နေမှုကြောင့် လက်ဝယ်ကိုင်ဆောင်ထားသူများပြား နေပြီး ပြန်လည်ရောင်းချသူမရှိ၍ စျေးကွက်အတွင်း ဒေါ်လာ ဝယ်ယူရရှိနိုင်ရန် အခက်အခဲ ရှိသည်ဟု သူက ဆိုသည်။ 

တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာနေပြီဖြစ်ကြောင်း မကြာသေးမီရက်ပိုင်းအတွင်း စစ်ခေါင်းဆောင်က ရုရှားသတင်းဌာနတစ်ခုကို ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် စျေးကွက်အတွင်း ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းသွားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းပြည်စီးပွား ရေးကျဆင်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် စီးပွားရေး စီမံခန့်ခွဲမှုအားနည်းချက် များပြားကြောင်း အပြစ်ပုံချသော်လည်း ၎င်းတို့လက်ထက်တွင် ကျပ်ငွေ တန်ဖိုးသည် စံချိန်တင် ဆက်တိုက်ကျဆင်းနေသည်။ 

ကျပ်ငွေကို လက်ထဲထားရန် စိုးရွံ့လာသူ များပြားနေသည်ဟု စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။

“အဓိကအားဖြင့်တော့ မြန်မာငွေကြေးကို မယုံကြည်ကြတော့တာ လူလတ်တန်းစားတွေက ဒေါ်လာကို စုဆောင်းလာကြတယ်၊ ပြန်ထုတ်မရောင်းကြတော့ဘူး။ မြန်မာငွေကိုလည်း ဘယ်သူကမှ မကိုင်ထားချင်ကြတော့ဘူးလေ” ဟု သူက ပြောသည်။ 

နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မှု၊ စီးပွားရေးပြိုကျမှုကြောင့် ကုန်ထုတ်လုပ်မှု ထိခိုက်ကာ ပို့ကုန်ရငွေများ ကျဆင်းနေသည်၊ ဤအခြေအနေတွင်  စစ်ကောင်စီ၏ ပိတ်ပင်ကန့်သတ်မှုများကြောင့် ပြည်သူ အများအပြားက ပြည်ပသို့ နည်းလမ်းပေါင်းစုံဖြင့် ထွက်ခွာရန် ကြိုးစားနေကြသောကြောင့် နိုင်ငံခြားငွေ လိုအပ်လာပြီး စျေးကွက်အတွင်း ဒေါ်လာ စျေးနှုန်းကို မြင့်တက်စေကြောင်း သူက ဆိုသည်။ 

ပြည်ပနိုင်ငံများသို့ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များ အပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ခရီးထွက်မည့်သူများသည် သံရုံးများတွင် ငွေသွင်းရန်၊ ပြည်ပတွင် သုံးစွဲနိုင်ရန်အတွက် နိုင်ငံခြားငွေ အထူးသဖြင့် အမေရိကန် ဒေါ်လာကို ဝယ်ယူကြသည်။

Show More

Related Articles

Back to top button