နိုင်ငံတကာငွေပေးချေမှုများအတွက် အခရာကျသည့် နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခုကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့လိုက်ပြီးနောက် ပြည်တွင်းငွေကြေးဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃၀၀၀ အထိ မြင့်တက်သွားပြီး ငွေလဲကောင်တာအများစု အရောင်းပိတ်ထားသည်ဟု စုံစမ်းသိရှိရသည်။
မြန်မာပြည်သူများကို ထောက်ခံအားပေးကြောင်း ပြသရန်နှင့် စစ်ကောင်စီကို ဆက်လက်ဖိအားပေးရန် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနကို အရေးယူပိတ်ဆို့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန် ၂၁ တွင် ကြေညာခဲ့သည်။
အမေရိကန်အစိုးရ၏ တရားဝင်ကြေညာချက် ထွက်မလာမီ ဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့မည်ဖြစ်ကြောင်း ထိုင်းနှင့် နိုင်ငံတကာသတင်းဌာနများက ရေးသားဖော်ပြချိန်ကတည်းက ပြည်တွင်း၌ ဒေါ်လာဈေးအလှုပ်အခတ်ရှိလာသည်ဟု သိရသည်။
ပြင်ပငွေကြေးဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃၀၀၀ အောက် အရောင်းအဝယ်ဖြစ်နေရာမှ ဈေးတက်လာပြီးနောက် ယနေ့ (ဇွန် ၂၃) တွင် တစ်ဒေါ်လာ ကျပ် ၃,၀၅၀ မှ ၃,၁၀၀ အထိ ရောက်လာသည်ဟု ငွေလဲလှယ်သူများက ဆိုသည်။
သို့သော် မဖြစ်မနေ လိုအပ်သူများမှလွှဲ၍ အရောင်းအဝယ်မလုပ်ဘဲ စောင့်ကြည့်နေကြသည်ဟုလည်း သိရသည်။
ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲကောင်တာ ၅ ခုကို Myanmar Now က ဆက်သွယ်မေးမြန်းရာ ယာယီပိတ်ထားသည့် ကောင်တာများရှိသည့်နည်းတူ စစ်ကောင်စီသတ်မှတ်ဈေး တစ်ဒေါ်လာ ကျပ် ၂,၁၀၀ ဖြင့် ဝယ်ယူသော်လည်း ပစ္စည်းပြတ်နေသည်ဆိုကာ ဒေါ်လာပြန်မရောင်းသည်များလည်း ရှိသည်။
ငွေလဲလှယ်လေ့ရှိသည့် ကောင်တာများကို ဆက်သွယ်မရတော့သလို အချို့သောကောင်တာများမှာလည်း ဈေးနှိမ်သည့်အပြင် ဒေါ်လာငွေ၌ အတွန့်အကြေရှိသည်ဆိုကာ အငြင်းပွားနေသဖြင့် အွန်လိုင်းမှ ဈေးညှိရောင်းနေရသည်ဟု အမည်မဖော်လိုသည့် သင်္ဘောသားတစ်ဦးက ဆိုသည်။
“Money Changer တွေက အရင်က ရောင်းတယ်။ အခုက ဖုန်းဆက်လို့လည်း မရတော့ဘူး။ ဆိုင်တချို့ ဖွင့်တာတော့ ဖွင့်တယ်။ သိပ်ဈေးမကြိုက်လို့၊ အဲ့ဒီတော့ အပြင်မှာ ရောင်းပစ်လိုက်တာ။ ကိုယ့်သင်္ဘောသားအချင်းချင်း၊ တချို့ ပြန်ထွက်မယ့်သူတွေကို ရောင်းပစ်လိုက်တယ်” ဟု ၎င်းက ဆိုသည်။
ရောင်းသူနှင့် ဝယ်သူအချင်းချင်း အွန်လိုင်းမှတစ်ဆင့် ဈေးစကားပြောပြီး ကြိုက်ရောင်းကြိုက်ဝယ် ပြုလုပ်ကြောင်း၊ လိမ်လည်သူရှိသဖြင့် အခြေအနေကို ကြည့်၍ ဆုံးဖြတ်ကြောင်း ထိုသင်္ဘောသားက ပြောသည်။
ဘဏ်နှစ်ခု ပိတ်ဆို့ခံရပြီးနောက် အမေရိကန်တစ်ဒေါ်လာ တစ်ရာကျော် တက်သွားသလို ယွမ်ဈေးလည်း တက်သွားကာ တစ်ယွမ်လျှင် ကျပ် ၄၁၅၊ ၄၂၀ ရှိရာမှ ကျပ် ၄၃၀ ဝန်းကျင်ထိ ဈေးတက်သွားသည်ဟု တရုတ်-မြန်မာနယ်စပ်ရှိ သွင်းကုန်လုပ်ရှင်တစ်ဦးက ပြောသည်။
“ငွေစျေးသဘောက ဒေါ်လာတက်ရင် အကုန်တူတူပဲလေ။ ဘတ်ရော ယွမ်ရော အကုန်တက်တာပဲဗျ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်က တစ်ဒေါ်လာ ကျပ် ၂,၁၀၀ ပုံသေသတ်မှတ်ထားသော်လည်း ထိုဈေးဖြင့် ရောင်းသူမရှိပေ။
နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ အရေးအပါဆုံးဖြစ်သော နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခုကို အမေရိကန်က ပိတ်ဆို့အရေးယူလိုက်သည့်နေ့မှစ၍ ဗဟိုဘဏ်ကို တိုက်ရိုက်တင်ပြကာ ရောင်းဝယ်သည့်စနစ် စတင်ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
ဘဏ်နှင့်သော်လည်းကောင်း၊ ဘဏ်သုံးစွဲသူအချင်းချင်းသော်လည်းကောင်း ထိုသို့ရောင်းဝယ်ရာ၌ တရားဝင်သတ်မှတ်ဈေး ကျပ် ၂၁၀၀ ဖြစ်သော်လည်း တစ်ဒေါ်လာလျှင် ကျပ် ၂၉၂၀ မှ ၂၉၂၂ အထိ စစ်ကောင်စီဗဟိုဘဏ်က ရောင်းချခွင့်ပြုခဲ့သည်ကို ယမန်နေ့ (ဇွန် ၂၂) ထုတ်ပြန်ချက်အရ သိရသည်။
ပုံသေသတ်မှတ်ထားသည့် တစ်ဒေါ်လာ ကျပ် ၂,၁၀၀ ကို ပြောင်းလဲရန်မရှိဟု ပြောဆိုထားသော်လည်း ဗဟိုဘဏ်ဦးဆောင်ကာ တစ်ဒေါ်လာ ကျပ် ၃၀၀၀ နီးပါးဖြင့် ရောင်းချခွင့်ပြုနေခြင်းဖြစ်ကာ ဘဏ် ၆ ခု ပါဝင်သည့် ယမန်နေ့တွင် ဒေါ်လာ ၆ ဒသမ ၈၉ သန်း အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု ဆိုသည်။
ကုန်သွယ်ရေးနှင့် ကုန်သွယ်ရေးမဟုတ်သော လုပ်ငန်းများအတွက် ဗဟိုဘဏ်ခွင့်ပြုချက်ဖြင့် ရောင်းချသည့် ထိုအွန်လိုင်းစနစ်တွင် လိုအပ်ပါက အရေးကြီးကုန်သည်များအတွက် နိုင်ငံခြားငွေ ထုတ်ရောင်းမည်ဟု ဆိုသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းလာမှုနှင့်အတူ ဒေါ်လာနှင့် နိုင်ငံခြားငွေဈေး မြင့်တက်လာကာ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေသည်။
စစ်တပ်က အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီလကုန်ပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၃၇၇ ကျပ်သာ ရှိခဲ့သော်လည်း လွန်ခဲ့သည့်နှစ် စက်တင်ဘာအရောက်တွင် ကျပ်ငွေတန်ဖိုး ၅၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာကာ တစ်ဒေါ်လာ ကျပ် ၂၀၀၀ အထိ ရောက်ရှိခဲ့သည်။ ယခုတစ်ကြိမ် အမေရိကန်၏ ပိတ်ဆို့မှုကြောင့် ကျပ် ၃၀၀၀ အထိ ရောက်ရှိသွားပြီဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



