
စစ်တပ်က အာဏာသိမ်းပြီး ၇ လကျော်အကြာ ယနေ့ (စက်တင်ဘာ ၁၀) မွန်းလွဲပိုင်းတွင် ရန်ကုန်ရှိ ပြင်ပငွေကြေးဈေးကွက်၌ တစ်ဒေါ်လာ ၂၀၂၀ နှင့် ရွှေတစ်ကျပ်သားလျှင် ၁၈ သိန်းခွဲအထိ မြင့်တက်လာကြောင်း ရွှေနှင့်ငွေလဲလုပ်ငန်းဆောင်ရွက်သူများက ပြောသည်။
စစ်တပ်အာဏာမသိမ်းခင်က ဇန်နဝါရီ လ ၂၉ ရက်တွင် အမေရိကန်တစ်ဒေါ်လာကို ၁၃၇၇ ကျပ်သာရှိခဲ့သော်လည်း ယနေ့တွင် ၂၀၂၀ကျပ်ရှိလာသဖြင့် ခုနှစ်လကျော်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၆၄၃ တန်ဖိုးကျဆင်းသွားရာ ရာခိုင်နှုန်းအားဖြင့် ၄၆ ဒသမ ၆၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ဈေးကွက်အတွင်း ဒေါ်လာနှင့် ရွှေဝယ်ယူသူများ များလာ၍ ယခုလိုဈေးတက်လာခြင်းဖြစ်ကာ မြန်မာ့သမိုင်းတစ်လျှောက် အမြင့်ဆုံးဒေါ်လာဈေးနှုန်းဖြစ်လာပြီး ကျပ်ငွေအပေါ် လူထုယုံကြည်မှုလျော့နည်းလာခြင်းကြောင့် ကျပ်တန်ဖိုး စံချိန်တင်ကျဆင်းခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ယနေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၁၇၃၀ ကျပ် ရည်ညွှန်းနှုန်း ဈေးဖွင့်ထားသော်လည်း ပြင်ပမှောင်ခိုဈေးကွက်တွင် ၂၀၂၀ ကျပ်အထိ မြင့်တက်ခဲ့သည်။
ရန်ကုန်ရှိ ငွေလဲကောင်များက တစ်ဒေါ်လာကို ၁၇၃၀ ကျပ်မှ ၁၇၄၈ ကျပ် ဈေးဖွင့်ထားသော်လည်း ထိုနှုန်းထားဖြင့် အရောင်းအဝယ်မဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ်မှ ငွေလဲကောင်တာပိုင်ရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
နိုင်ငံအနှံ့ စစ်ရေးတင်းမာလာပြီး ရန်ကုန်မြို့တွင်း တိုက်ပွဲတချို့ဖြစ်လာခြင်းနှင့် စစ်ကောင်စီဘက်က ထိန်းသိမ်းနိုင်စွမ်းမရှိတော့ခြင်းကြောင့် ယခုကဲ့သို့ ဒေါ်လာဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟုလည်း ၎င်းက သုံးသပ်သည်။
ဒေါ်လာဈေးနှင့် ရွှေဈေး တစ်ရှိန်ထိုးမြင့်တက်မှုသည့် ယနေ့မွန်းလွဲပိုင်းတွင် အများဆုံးဖြစ်ပြီး တစ်နေ့တည်း ၇၀ ကျပ်တက်လာခြင်းဖြစ်ကြောင်း ငွေကြေးလဲလှယ်လုပ်ငန်းရှင်များက ပြောသည်။
ဒေါ်လာနှင့် ရွှေဈေး အဆမတန်မြင့်တက်လာခြင်းနှင့် ပတ်သက်၍ “စစ်ကောင်စီ ထိန်းသိမ်းနိုင်စွမ်းမရှိတော့ဘူး” ဟု ငွေလဲလုပ်ငန်းဆောင်ရွက်သူတစ်ဦးက ပြောသည်။
မှောင်ခိုဈေးကွက်တွင် ယနေ့ နံနက်ပိုင်း၌ တစ်ဒေါ်လာကို ၁၉၇၀ ကျပ်ဖြင့် စဖွင့်သော်လည်း ညနေပိုင်း မွန်းလွဲပိုင်း ၂၀၂၀ ကျပ်ဖြင့် ဝယ်ယူခဲ့ရသည်ဟု ယနေ့တွင် ဒေါ်လာဝယ်ယူခဲ့သူတစ်ဦးက ပြောသည်။
ယမန်နေ့ (စက်တင်ဘာ ၉ ရက်) တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၁၉၅၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၈ သိန်းဝန်းကျင် ရှိခဲ့သော်လည်း ယနေ့တစ်ရက်တည်း၌ပင် ရွှေဈေး ကျပ်ငါးသောင်းမြင့်တက်လာသည်ဟု ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။
စစ်တပ်အာဏာမသိမ်းခင်က ဇန်နဝါရီလတွင် တစ်ဒေါ်လာကို ၁၃၇၇ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားကို ၁,၃၂၀,၀၀၀ ကျပ်သာရှိခဲ့သော်လည်း ၇ လကျော်အကြာတွင် ၂၀၂၀ကျပ်ရှိလာသဖြင့် ကျပ် တန်ဖိုး ၆၄၃ နှင့် ရွှေဈေးမှာလည်း တစ်ကျပ်သားလျှင်၅သိန်းကျော်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက ဒေါ်လာဈေးကို ထိန်းချုပ်ရန် ၇ လကျော်အတွင်း ဒေါ်လာသန်း ၁၃၀ ကျော်ကို ထုတ်ရောင်းခြင်း၊ ဒေါ်လာလဲနှုန်းများကို ထိန်းချုပ်ခြင်းနှင့် ပို့ကုန်လုပ်ငန်းရှင်များ ဒေါ်လာများကို အတင်းအဓမ္မရောင်းချခိုင်းခြင်းများ ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမူအများဆုံးနိုင်ငံများအနက် ကမ္ဘာ့အဆင့် နံပါတ် ၉ ကို ရောက်ရှိလာကြောင်း ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်သော Johns Hopkins တက္ကသိုလ်၏ အစီရင်ခံစာက ဆိုသည်။
အာဏာမသိမ်းခင်က ဖေဖော်ဝါရီလဆန်းတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂ ဒသမ ၆ ရာခိုင် နှုန်းသာရှိသော်လည်း အာဏာသိမ်းပြီး ၇ လအကြာ သြဂုတ်လလယ်တွင်တွင် ၃၁ ရာခိုင်နှုန်းဖြင့် ကမ္ဘာ့အဆင့် ၉ ကို ရောက်ရှိလာခဲ့သည်ဟု ဖော်ပြထားသည်။
ယနေ့ ဒေါ်လာနှင့် ကျပ်ငွေ လဲလှယ်ဈေးနှုန်းအရ ကျပ်ငွေဖောင်းပွမှုနှုန်း ၅၀ ရာခိုင်နှုန်းအထက်သို့ ရောက်ရှိသွားပြီဖြစ်သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe