အာဏာသိမ်းစစ်ကောင်စီလက်အောက် စီးပွားရေးပြိုလဲပြီး ကျပ်ငွေတန်ဖိုး အလွန်မင်းကျဆင်းနေ၍ ငွေကြေးဖောင်းပွနှုန်းအား လျော့ကျစေရန်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က လက်ရှိ အတိုးနှုန်း ၇ ရာခိုင်နှုန်းကို ၉ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်ကြောင်း ယမန်နေ့ ဩဂုတ် ၁၄ တွင် ထုတ်ပြန်သည်။
ထို့အပြင် ဘဏ်အပ်ငွေများအပေါ် ဘဏ်များကပေးသော အနည်းဆုံးအတိုးနှုန်းကိုလည်း ၅ ရာခိုင်နှုန်းမှ ၇ ရခိုင်နှုန်းသို့ ပြောင်းလဲလိုက်သလို ချေးငွေများအပေါ် ဘဏ်များက ကောက်ခံမည့် အများဆုံး အတိုးနှုန်းကိုလည်း ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်လိုက်သည်။
ထို့အတွက်ကြောင့် ဥပမာအားဖြင့်ဆိုပါက ဘဏ်များတွင် အပ်ငွေအပ်နှံသူများသည် ကျပ် သိန်း ၁၀၀ အပ်နှံပါက တနှစ်လျှင် အနည်းဆုံး ကျပ် ၇ သိန်း အတိုးရမည်ဖြစ်သည်။ ဘဏ်အပ်ငွေများအပေါ် အများဆုံးပေးနိုင်မည့် အတိုးနှုန်းရာခိုင်နှုန်းကိုမူ ဗဟိုဘဏ်က တိတိကျကျ ဖော်ပြထားခြင်းမရှိပေ။
ဘဏ်များမှ ကျပ်သိန်း ၁၀၀ ချေးယူမည်ဆိုပါက တနှစ်လျှင် ဘဏ်တိုး အများဆုံးအတိုး ကျပ် ၁၅ သိန်းအထိ အတိုးပေးရနိုင်သည်။
ဘဏ်အပ်ငွေအမျိုးအစား နှင့် ချေးငွေအမျိုးအစားများအပေါ် မူတည်ပြီး အတိုးနှုန်းများ အပြောင်းအလဲရှိနိုင်သည်။
ယခုအတိုးနှုန်းပြင်ဆင်ခြင်းကို လာမည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင် အကျိုးသက်ရောက်မည်ဖြစ်သည်။
ဗဟိုဘဏ်အတိုးနှုန်းတိုးမြှင့်ခြင်းသည် ပြည်တွင်းဘဏ်လုပ်ငန်းများကို အခက်တွေ့စေမည်ဟု ဘဏ္ဍာရေး လုပ်ငန်းကျွမ်းကျင်တစ်ဦးက ပြောသည်။
“ ဘဏ္ဍာရေးစနစ်တစ်ခုလုံးပါ ပျက်သွားနိုင်တယ်”
“ ဘဏ်အပ်ငွေတိုးအောင်လုပ်တယ်ဆိုတာက မကောင်းဘူးမဟုတ်ဘူး။ ကောင်းတယ်။ Money in circulation (နိုင်ငံတွင်းလည်ပတ်နေသောငွေပမာဏ) လျော့အောင်လုပ်တာပေါ့။ ဒါပေမဲ့ အခုနိုင်ငံရေး အခြေအနေနဲ့က ရင်းနှီးမြှုပ်နှံလုပ်ငန်းတွေက အလုပ်မှမဖြစ်နိုင်တာ၊ အပ်ငွေတွေကိုပဲ အတိုးတွေ ထိုင်ပေးနေရပြီး တခြားတစ်ဖက်မှာ လှည့်သုံးလို့မရဘူးဆိုရင် ဘယ်လိုလုပ်မလဲ” ဟု သူက ဆိုသည်။
နိုင်ငံများစွာတွင် ငွေကြေးဖောင်းပွနှုန်းမြင့်တက်နေမှုကို တားဆီးရန် အတိုးနှုန်းမြှင့်တင်ခြင်းကို လုပ်ဆောင်လေ့ရှိသော်လည်း မတည်ငြိမ်မှုများစွာရှိနေသော မြန်မာနိုင်ငံအတွက်မူ ယခင်ကတည်းက ယိုယွင်းနေပြီးသား စီးပွားရေးအခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်သည်ဟု စီးပွားရေးပညာရှင် ဦးဆက်အောင်က သူ၏ linkedin လူမှုကွန်ရက်၌ ယနေ့တွင် ရေးသားထားသည်။
ဦးဆက်အောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရလက်ထက်တွင် စီမံဘဏ္ဍာ ဒုဝန်ကြီး နှင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
အတိုးနှုန်းမြှင့်တင်ခြင်းအစား ငွေထုတ်ယူခြင်းဆိုင်ရာ ကန့်သတ်ချက်များကို ရှောင်ရှားပြီး ဘဏ်စနစ် အပေါ် ပြည်သူများ ယုံကြည်မှုပြန်ရှိလာစေရေး၊ စစ်မှုထမ်းဥပဒေ ကဲ့သို့သော စီးပွားရေးလုပ်ငန်းများနှင့် လူတစ်ဦးချင်းစီကို ထိခိုက်စေမည့် ဥပဒေများ၊ မူဝါဒများကို ရှောင်ရှားရန်၊ ဘဏ္ဍာငွေလိုငွေပြမှုအတွက် ငွေစက္ကူရိုက်ထုတ်ခြင်းကို လျှော့ချရန် နှင့် အများပြည်သူလူထုဆန္ဒ နှင့် ကိုက်ညီသော နိုင်ငံရေး အခင်းအကျင်းပြောင်းလဲရန် လုပ်ဆောင်သင့်ကြောင်း သူက မှတ်ချက်ပြုထားသည်။
ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ပြည်သူများ၏ ဝယ်ယူနိုင်စွမ်းအားကျဆင်းကာ စီးပွားရေးလုပ်ငန်းများ ဝင်ငွေ ရပ်ဆိုင်းသွားခြင်းနှင့် တစ်နိုင်ငံလုံးအနှံ့ ကျယ်ပြန့်လာသော စစ်ပွဲပဋိပက္ခများကြား ပြည်တွင်း ဘဏ်လုပ်ငန်းများသည် ရုန်းကန်နေရသည်။
လက်ရှိ တိုင်းပြည် စီးပွားရေး နှင့် နိုင်ငံရေးအခြေအနေများကြောင့် မြန်မာ့ဘဏ်လုပ်ငန်းများသည် အပ်ငွေလျော့ကျခြင်းနှင့် အတိုးအရင်းပြန်မရသည့် ချေးငွေများ များပြားနေသည့် အကျပ်အတည်းကို ရင်ဆိုင်နေကြရသည်။
ထို့အပြင် စစ်ကောင်စီ၏ ဘဏ်အပ်ငွေ ထုတ်ယူခွင့် ကန့်သတ်ချက်များကြောင့်လည်း ဘဏ်များအပေါ် အများပြည်သူလူထု၏ ယုံကြည်မှုကို လျော့ကျစေကြောင်း ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းက ဆိုသည်။
“ဘဏ်အငယ်တွေက ဘဏ်အပ်ငွေ (Deposit) ရရေးလည်း အရင်လောက် မလွယ်ဘူး။ Loan (ချေးငွေ) ထုတ်ချေးနိုင်ဖို့ကလည်း မလွယ်ဘူး၊ Loan ကလည်း ချေးမှ အတိုးရမှာလေ။ အဲဒါကိုပဲ ရုန်းကန်နေရတာ အတော့်ကိုခက်ခဲတယ်” ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ ထိပ်ပိုင်းအရာရှိတစ်ဦးက Myanmar Now ကို ဇူလိုင်လအတွင်းက ပြောဖူးသည်။
ဘဏ်လုပ်ငန်းများ၏ သဘောသဘာဝအရ အပ်ငွေကို လက်ခံပြီး ထိုအပ်ငွေများကို စီးပွားရေး လုပ်ငန်းများသို့ ပြန်လည်ထုတ်ချေးပေးခြင်းဖြစ်သည်။ အပ်ငွေနှင့် ချေးငွေကြား အတိုးနှုန်း ကွာဟချက်သည် ဘဏ်တစ်ခု၏ အဓိကအကျိုးအမြတ်ဖြစ်သည်။
စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအလွဲများနှင့် အမိန့်ညွှန် ကြားချက်အမျိုးမျိုးထုတ်ခြင်း၊ မဆီလျော်သည့် အရေးယူမှုများကြောင့် စီးပွားရေးလုပ်ငန်း ကဏ္ဍအားလုံး ဖရိုဖရဲဖြစ်နေပြီး မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍကိုလည်း အကျပ်အတည်းဆီသို့ တွန်းပို့နေသည်။
စစ်ကောင်စီ ဗဟိုဘဏ်က အိမ်ရာချေးငွေကန့်သတ်ချက်ထက် ပိုထုတ်ချေးထားသည်ဟုဆိုကာ ပုဂ္ဂလိကဘဏ် ခုနှစ်ခုကို ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ ဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ဇူလိုင်လ ၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သဖြင့် ပြည်သူများက စိုးရိမ်မှုကြောင့် ဘဏ်အပ်ငွေများကို အလုအယက်ထုတ်ယူလာကြခြင်းများ ဖြစ်ပေါ်ခဲ့သေးသည်။
ထို့နောက် ဇူလိုင်လအတွင်းမှာပင် စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်များကို နေပြည်တော်သို့ ခေါ်ယူကာ လတ်တလော ကြုံတွေ့နေသော ဘဏ်အကျပ်အတည်းနှင့်ပတ်သက်၍ အရေးပေါ် ဆွေးနွေးခဲ့ကြသေး သည်။