
အာဏာသိမ်းပြီးနောက် အမေရိကန်ဒေါ်လာလိုအပ်ချက်နှင့် အကြီးအကျယ်ရင်ဆိုင်နေရသည့် စစ်ကောင်စီက အိန္ဒိယနယ်စပ်ကုန်သွယ်ရေးတွင် နှစ်နိုင်ငံသုံးငွေကြေးနှင့် တိုက်ရိုက်ဖလှယ်နိုင်ရန် စီစဉ်နေသည်။
တရုတ်နှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် ယွမ်၊ ဘတ်နှင့် ကျပ်တိုက်ရိုက်ပေးချေမှုကို စမ်းသပ်ထားပြီးဖြစ်သည့် စစ်ကောင်စီက အိန္ဒိယနှင့် အလားတူ လုပ်ဆောင်ရန် ဧပြီ ၄ တွင် နေပြည်တော်၌ နှစ်နိုင်ငံဆွေးနွေးမှုများ စတင်ခဲ့သည်။
ကျပ်နှင့် ရူပီး တိုက်ရိုက်ပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ်အဖြစ် Punjab National Bank ကို အိန္ဒိယဗဟိုဘဏ်က ရွေးချယ်ထားကြောင်း၊ ထိုစနစ်စတင်ရန် မြန်မာနိုင်ငံဘက်မှ လမ်းညွန်ချက်နှင့် အတည်ပြုချက်ရပါက အသိပေးမည်ဖြစ်ကြောင်း ဧပြီ ၅ ရက်နေ့ထုတ် စစ်တပ်ပိုင် မြဝတီသတင်းစာတွင် ဖော်ပြထားသည်။
ကျပ်နှင့် ရူပီး တိုက်ရိုက်ပေးချေမှုနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ဗဟိုဘဏ်ပြောရေးဆိုခွင့်ရှိသူ ဦးအောင်အောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ခွင့်ယူထားသည်ဆိုကာ တုံ့ပြန်ဖြေဆိုခြင်းမရှိပါ။ အာဏာမသိမ်းမီက အိန္ဒိယနယ်စပ် ကုန်သွယ်ရာတွင် နှစ်နိုင်ငံကုန်သည်များက အမေရိကန်ဒေါ်လာကို အသုံးပြုနေကြခြင်းဖြစ်သည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို တစ်နိုင်ငံလုံး ခုခံနေကြသဖြင့် နိုင်ငံအတွင်း စီးပွားရေး၊ လုံခြုံရေး ချွတ်ခြုံကျနေချိန်တွင် အိန္ဒိယနယ်စပ်၌ ကုန်သွယ်မှုမရှိသလောက်ဖြစ်နေသဖြင့် ထိုအစီအမံမှာ စာရွက်ပေါ်တွင်သာ ရှိမည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက ပြောသည်။
“မြေပြင်မှာက (တမူးကုန်သွယ်ရေး) ဂိတ်နားတောင် သွားမကပ်ရဲဘူး။ လမ်းခရီးလည်း အဲ့လိုပဲ။ အစစ်ဆေးတွေ အမျိုးမျိုး။ တစ်ခါတလေ တိုက်ပွဲတွေဖြစ်တယ်ဆိုတော့ ဂိတ်ဖွင့်တယ်လို့သာ ပါးစပ်က ပြောတာ ဘယ်မှ သွားလို့ မရတဲ့အနေအထားပါ” ဟု ၎င်းက ဆိုသည်။
အိန္ဒိယနှင့် နယ်နိမိတ်ချင်း ဆက်နေသည့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။ စစ်ကောင်စီက ထိုဒေသများအတွင်း တိုက်လေယာဉ်၊ ရဟတ်ယာဉ်များပါ သုံး၍ ဗုံးကြဲ၊ ပစ်ခတ်နေရာ အရပ်သားထိခိုက်သေဆုံးမှု၊ အိုးအိမ်များ မီးလောင်ပျက်စီးမှုတို့ ရှိနေကာ ဒေသခံအများအပြားမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။
“အဓိကတော့ လွတ်လွတ်လပ်လပ်မလုပ်ရဲရင် ကုန်သည်ကလည်း မသွားရဲဘူး။ ကုန်သည်မသွားရင် ဘာမှ ကုန်သွယ်မှုမရှိဘူးပေါ့” ဟု အထက်ပါ ကုန်သည်က ဆက်ပြောသည်။
လက်ရှိတွင် အိန္ဒိယ-မြန်မာနယ်စပ်၌ စားသောက်ကုန်အနည်းအကျဉ်းကိုသာ ကူးသန်းရောင်းဝယ်နေကြကြောင်း၊ လုံခြုံရေးအခြေအနေကြောင့် မြန်မာဘက်မှ ကုန်သည်အများအပြား နယ်စပ်ဒေသများကို စွန့်ခွာ၍ အခြားနေရာများသို့ ရွှေ့ပြောင်းနေထိုင်နေကြကြောင်း ၎င်းထံမှ သိရသည်။
“နောက်ဆုတ်လိုက်ပြီးမှ ကိုယ့်ဘာသာကိုယ် Safe ဖြစ်တဲ့နေရာ (လုံခြုံရာ) မှာပဲ နေကြတော့တာပေါ့။ အဓိကတော့ လုံခြုံရေးအခြေအနေတို့၊ နိုင်ငံရေးအခြေအနေတို့ တည်ငြိမ်လာမှပဲ ကုန်သည်ကြီးတွေ ပြန်ဝင်လာမှာပဲ။ မဟုတ်ရင်တော့ ပြန်ဝင်လာမှာ မဟုတ်တော့ဘူး”
မြန်မာသည် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသ အရူးနားချဲပရာဒရှ်၊ နာဂ၊ မဏိပူနှင့် မီဇိုရမ်ပြည်နယ်တို့နှင့် နယ်မြေချင်း ထိစပ်နေသည်။ အိန္ဒိယနှင့် နှစ်နိုင်ငံကုန်သွယ်မှုကို တမူးနှင့် ရိဒ်နယ်စပ်ဂိတ်များမှတစ်ဆင့် တရားဝင်ပြုလုပ်နေသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့တွင် လက်နက်ကိုင်ခုခံမှု အားကောင်းလာသလို စစ်တပ်၏ အကြီးအကျယ်ထိုးစစ်ဆင်မှုကြောင့် အိန္ဒိယနိုင်ငံဘက်အခြမ်း မဏိပူနှင့် မီဇိုရမ်ပြည်နယ်တွင် မြန်မာဒုက္ခသည်အများအပြားထွက်ပြေးတိမ်းရှောင်နေကြရသည်။
နယ်စပ်လမ်းကြောင်များကို တော်လှန်ရေးအင်အားစုများက စိုးမိုးနိုင်သည့်အခြေအနေတွင် ရှိနေပြီး လူထုအကျိုးအတွက် နယ်စပ်ကုန်သွယ်မှုကို တားဆီးပိတ်ဆို့ခြင်းမရှိကြောင်း India For Myanmar အဖွဲ့တည်ထောင်သူတစ်ဦးဖြစ်သူ ဆလိုင်းဒိုခါရ်က ပြောသည်။
၂၀၂၁ အောက်တိုဘာတွင် ဖွဲ့စည်းခဲ့သည့် ထိုအဖွဲ့သည် အိန္ဒိယအစိုးရနှင့် အာဏာသိမ်းစစ်ကောင်စီကြား ဆက်ဆံမှုဖြတ်တောက်ရေး ဖိအားပေးလှုပ်ရှားနေသည်။
လူထုလက်မခံသည့် စစ်ကောင်စီကို ခေတ်အဆက်ဆက် ပလဲပနံသင့်သည့် တရုတ်ကပင် ခပ်တန်းတန်း ဆက်ဆံနေချိန် ကမ္ဘာအကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်သည့် အန္ဒိယက အလေးပေးဆက်ဆံနေသော်လည်း ပူးပေါင်းမှုအစီအစဉ်များ ကြာရှည်မခံနိုင်ကြောင်း ၎င်းက ဆိုသည်။
“အိန္ဒိယအနေနဲ့ စကစ (စစ်ကောင်စီ) နဲ့ ပူးပေါင်းပြီးတော့ ကုန်သွယ်ရေးလုပ်ဖို့အပါအဝင် တခြား နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုလုပ်တဲ့ဟာမှန်သမျှ ကြာရှည်ခံမှာမဟုတ်သလို တစ်နေ့ကျရင်တော့ ပြည်သူ့အစိုးရလက်ထက်မှာ ပြန်လည်သုံးသပ်ခြင်းခံရမယ်ဆိုတာကို ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်အာဏာမသိမ်းမီ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အိန္ဒိယ၊ မြန်မာနယ်စပ် တမူးဂိတ်မှ ဒေါ်လာ ၉၆ သန်းကျော်၊ ရိဒ်ဂိတ်မှ ၁၀၄ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း၊ အာဏာသိမ်းပြီးနောက် တမူးမှ ၁၅ သန်းကျော်သာ ရှိကာ ရိဒ်နယ်စပ်မှ ကုန်သွယ်မှု လုံးဝမရှိတော့ကြောင်း စီးပွားကူးသန်းဌာန၏ စာရင်းတွင် တွေ့ရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်လာနှင့် နိုင်ငံခြားငွေပြတ်လပ်မှုကို ကုစားနိုင်ရန် တရုတ်ယွမ်၊ ထိုင်းဘတ်နှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေစနစ်ကို ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ ဆောင်ရွက်ခဲ့သော်လည်း ဒေါ်လာလွမ်းမိုးမှုလျှော့ချမည့်ရည်မှန်းချက်မှာ မအောင်မမြင်ဖြစ်ခဲ့သည်။
တရုတ်နှင့် ထိုင်းနယ်စပ်တို့တွင် ယွမ်၊ ဘတ်ဖြင့် ကျပ်ငွေ တိုက်ရိုက်လဲရမည်ဟု စစ်ကောင်စီက ညွှန်ကြားထားသော်လည်း ဆန်၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံကဲ့သို့ အဓိက ပို့ကုန်သွင်းကုန်များကို အမေရိကန်ဒေါ်လာဖြင့်သာ သုံးစွဲမည်ဟု ၂၀၂၂ ဇူလိုင်တွင် ပြန်လည်ပြင်ဆင်ခဲ့ရဖူးသည်။