
မဏိပူရ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင် ၈၀ ကျော်ကို အိန္ဒိယအာဏာပိုင်များက ဇန်နဝါရီ ၂၇ နှင့် ၃၀ တွင် ဖမ်းဆီးသွားကြောင်း နယ်စပ်ရှိ မြန်မာနိုင်ငံသားတစ်ဦးနှင့် မြန်မာ့အရေးလှုပ်ရှားသည့်အဖွဲ့တစ်ခုထံမှ သိရသည်။
လက်နက်ကိုင်တော်လှန်ရေးအားကောင်းသည့် စစ်ကိုင်းတိုင်း တမူးမြို့နှင့် နယ်နိမိတ်ချင်း ဆက်နေသည့် မဏိပူရ်ပြည်နယ်၊ မိုရေးမြို့မှ ၆ ကီလိုမိတာအကွာတွင် ရှိသည့် ကျေးရွာနှစ်ရွာတွင် ရှိနေကြစဉ် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု နယ်စပ်တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
ဟန်ကျန်ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကြား မြေယာပြဿနာအား ဖြေရှင်းရန် လာရောက်စဉ် ထိုရွာတွင် ရှိနေသော မြန်မာစစ်ရှောင် ၈၀ ဦးကို ကနဦးဖမ်းဆီးသွားပြီး ယနေ့ နံနက်တွင် ဗီတုတ်ရွာမှ စစ်ရှောင်သုံးဦး ဖမ်းဆီးသွားကြောင်း ၎င်းက ဆိုသည်။
ထိုဖမ်းဆီးမှုကို ခရိုင်အဆင့်အုပ်ချုပ်ရေးမှူး ဦးစီးကာ အထူးကွန်မန်ဒိုရဲတပ်ဖွဲ့ဝင်များဖြင့် ဖမ်းဆီးခြင်း ဖြစ်ပြီး ကနဦးဖမ်းဆီးထားသူ ၈၀ ဦးကို မိုးရေးရဲစခန်းတွင် ယာယီထိန်းသိမ်းပြီးနောက် ပြည်နယ်မြို့တော် အင်ဖာမြို့ရှိ ထိန်းသိမ်းရေးစခန်းသို့ ပို့လိုက်ကြောင်း၊ ယနေ့ နံနက် ဖမ်းဆီးသူသုံးဦးကိုလည်း မိုးရေးရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းထံမှ သိရသည်။
ကနဦးဖမ်းဆီးခံရသူ ၈၀ တွင် အသက် ၁၈ နှစ် မပြည့်သေးသူ ကိုးဦး ပါဝင်ပြီး လက်ရှိတွင် စစ်ရှောင်အများစုမှာ ထွက်ပြေးနေကြရကြောင်း ဆိုသည်။
“ကျေးရွာအနီးအနားမှာရှိတဲ့ မြန်မာစစ်ရှောင်တွေ၊ မိုးရေးမြို့ပေါ်မှာရှိတဲ့ မြန်မာစစ်ရှောင်တွေ အိမ်ထဲကနေ အိမ်ပြင် မထွက်ဘဲ ပုန်းနေကြရတယ်။ တစ်ချို့ရွာတွေမှာရှိတဲ့သူတွေကလည်း ရွာထဲမှာ မနေဘဲနဲ့ အိမ်တွေ ပစ်ထားပြီးတော့ တောထဲကိုသွားပုန်းနေကြရတဲ့ အခြေအနေရှိတယ်”
မြန်မာနိုင်ငံသည် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသ အရူးနားချဲပရာဒရှ်၊ နာဂ၊ မဏိပူနှင့် မီဇိုရမ်ပြည်နယ်တို့နှင့် နယ်မြေချင်း ထိစပ်နေပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် အိန္ဒိယဘက်တွင် မြန်မာအများအပြား ခိုလှုံနေသည်။
နယ်စပ်ရှိ ထိုပြည်နယ်အစိုးရများမှာ လာရောက်ခိုလှုံသူများနှင့် ပတ်သက်ပြီး တုံ့ပြန်ပုံ မတူညီကြပေ။
ချင်းဒေသနှင့် နယ်မြေထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင်မူ ဒုက္ခသည် အများဆုံး ခိုလှုံခွင့် ရရှိထားသလို ပြည်နယ်အစိုးရက ထုတ်ပေးထားသည့် ဒုက္ခသည်ကတ်အရ ဆေးကုသခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့် ရှိသည်။ ထိုပြည်နယ်အတွင်း ခိုလှုံခွင့် ရနေသူများထဲတွင် လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်သည်ဟု သိရသည်။
မဏိပူရ်ပြည်နယ်တွင်မူ မြန်မာစစ်ဘေးရှောင် ထောင်ချီ တိမ်းရှောင်နေသော်လည်း ပြည်နယ်အစိုးရက အသိမှတ်မပြုသည့်အပြင် ရှောင်တစ်ခင်စစ်ဆေးကာ ဖမ်းဆီးမှုများပြုလုပ်နေသည်။
အိန္ဒိယနှင့် မြန်မာစစ်တပ် အဆင့်မြင့်ကိုယ်စားလှယ်တွေ့ဆုံပွဲကို အင်ဖာမြို့တွင် ယနေ့ ပြုလုပ်ရန် စီစဉ်နေပြီး လုံခြုံရေးတင်းကျပ်မှုကြောင့် စစ်ရှောင်များ မြန်မာဘက်သို့ ပြန်ဝင်ရန်လည်း ခက်ခဲကြောင်း ၎င်းက ဆိုသည်။
“မနေ့ညကလည်း ဧည့်စာရင်းစစ်သလို စစ်မယ်ဆိုလို့ အိမ်တွေကို ပစ်ထားပြီးတော့ သော့ခတ်ပြီးတော့ တောထဲမှာ၊ ရွာတွေမှာ ပုန်းနေကြရတယ်။ တော်တော်လေး အခက်အခဲရှိတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာဒုက္ခသည်များကို ဖမ်းဆီးမှုနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် N.Biren Singh က ကြီးကြပ်သူ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုကြောင်း ၎င်း၏ Facebook တွင် ရေးသားထားသည်။
ထို့ပြင် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ သတင်းပေးရမည်၊ သတင်းမပေးဘဲ လက်ခံထားပါက ဥပဒေကြောင်းအရ အရေးယူမည်ဟု ဖော်ပြထားသည်။
အိန္ဒိယ၏ အာဏာရပါတီ BJP အစိုးရသည် တရုတ်နှင့် ရုရှားတို့ထက်ပင် အာဏာသိမ်းစစ်ကောင်စီနှင့် နီးကပ်သည့် ဆက်ဆံရေးရှိပြီး မဏိပူရ်ပြည်နယ်အစိုးရမှာလည်း ထိုမူဝါဒကိုင်စွဲထားသဖြင့် စစ်ရှောင်များ လုံခြုံမှုမရှိကြောင်း India For Myanmar အဖွဲ့တည်ထောင်သူတစ်ဦးဖြစ်သူ ဆလိုင်းဒိုခါရ်က ပြောသည်။
၂၀၂၁ အောက်တိုဘာတွင် ဖွဲ့စည်းထားသည့် ထိုအဖွဲ့သည် အိန္ဒိယအစိုးရနှင့် စစ်ကောင်စီကြား ဆက်ဆံမှု ဖြတ်တောက်ရေး ဖိအားပေးလှုပ်ရှားနေသည်။
စစ်ကောင်စီအန္တရာယ်ပြုမည်ကို စိုးရိမ်သူများက အိန္ဒိယတွင် မဖြစ်မနေ ပုန်းခိုနေရမည်ဟု ၎င်းက ပြောသည်။
“ပြည်နယ်ဝန်ကြီးချုပ်က အမိန့်ထုတ်ထားတယ်ဆိုတော့ တချို့က မြန်မာပြည် ပြန်လှည့်သွားကြတယ်။ မြန်မာပြည် ပြန်လှည့်ရင်လည်း စကစဘက်က အန္တရာယ်ပြုခံရနိုင်ခြေရှိတဲ့ လူပုဂ္ဂိုလ်တွေဆိုရင် သူတို့ ရောက်ရှိတဲ့နေရာမှာ ပုန်းရှောင်နေရတဲ့အခြေအနေဖြစ်နေတယ်။ ဆိုတော့ အင်မတန်မှ စိုးရိမ်နေရတဲ့ အခြေအနေဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
“တစ်ဆက်တည်းမှာပဲ သူတို့အနေနဲ့ အသက်လုံခြုံရေးအပြင် စားဝတ်နေရေးလုံခြုံမှုတွေက မရှိတော့တဲ့ အနေအထားဖြစ်သွားတယ်”
၂ နှစ်အတွင်း မဏိပူရ်ပြည်နယ်တွင် မြန်မာစစ်ရှောင်များကို ငါးကြိမ်ထက်မနည်း ဖမ်းဆီးရာ ဆက်လက် ထိန်းသိမ်းခံနေရသူ ၃၀၀ ခန့်ရှိကြောင်း၊ ၎င်းတို့ကို မြန်မာပြည်ဘက်သို့ ပြန်ပို့မည်ဟု ပြောထားသဖြင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာက ကူညီစောင့်ရှောက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
မဏိပူရ်ပြည်နယ်တွင် ဒုက္ခသည်တို့ကို ကူညီပေးမည့် အဖွဲ့အစည်းများလည်း မရှိကြောင်း၊ NUG အစိုးရနှင့် တော်လှန်ရေးအင်အားစုများ နည်းလမ်းရှာရန် တိုက်တွန်းလိုကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်ခြင်းကို တားဆီးရန်ဟု အကြောင်းပြကာ မဏိပူရ်ပြည်နယ်အစိုးရက တမူး-မိုရေး နယ်စပ်ဂိတ် ဖြတ်ကျော်သွားလာခွင့်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၅ က ၃ လကြာ ထပ်ပိတ်လိုက်သည်။
နှစ်နိုင်ငံသဘောတူညီထားသည့် ထိုလွတ်လပ်စွာသွားလာခွင့် (Free Movement Regime FRM) ကို ပြီးခဲ့သည့် စက်တင်ဘာ ၁၅ မှစ၍ နှစ်လပိတ်ပင်ခဲ့ရာမှ သက်တမ်းပြည့်သွားသဖြင့် နောက်ထပ် ၃ လ ပိတ်ထားရန် မဏိပူရ်အစိုးရက ဆုံးဖြတ်ခဲ့သည်။
မြန်မာနိုင်ငံသားများဝင်ရောက်မှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက လူမှုစီးပွားဘဝ အနှောင့်အယှက်ဖြစ်သည်ဟု ယူဆထားပြီး အထူးသဖြင့် နိုင်ငံသားခံယူမှုများကြောင့် မဲစာရင်းပြောင်းလဲမှုဖြစ်မည်ကို စိုးရိမ်ကြောင်း နယ်စပ်တွင် ရောက်ရှိခိုလှုံနေသူများက ဆိုကြသည်။
သို့သော် ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံတစ်ခုအနေဖြင့် ဒီမိုကရေစီအရေးအတွက် လှုပ်ရှားနေသည့် နွေဦးတော်လှန်ရေးကို မကူညီသည့်အပြင် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုအရ စစ်ရှောင်ကိုပင် လက်မခံနိုင်သည်မှာ မဖြစ်သင့်ကြောင်း ၎င်းတို့က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)