
မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှစ်ခုတွင် တရုတ်ယွမ်နှင့် ထိုင်းဘတ်ငွေ တိုက်ရိုက်ပေးချေခြင်းဖြင့် အမေရိကန်ဒေါ်လာလွှမ်းမိုးမှု လျှော့ချမည့် စစ်ကောင်စီ ရည်မှန်းချက်မှာ မအောင်မမြင်ဖြစ်နေသည်။
စစ်အာဏာသိမ်းပြီးနောက် အမေရိကန်ဒေါ်လာဈေးမြင့်တက်လာချိန် တရုတ်နယ်စပ်တွင် ယွမ်/ ကျပ်၊ ထိုင်းနယ်စပ်တွင် ဘတ်/ကျပ်ကို ဒေါ်လာအစား တိုက်ရိုက်ပေးချေရန် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် မတ်လတွင် ညွှန်ကြားခဲ့သော်လည်း ယခုအခါ ဒေါ်လာသုံးရမည်ဟု စစ်ကောင်စီက သတ်မှတ်ပြန်သည်။
ယခုလ ၁ ရက်မှစ၍ ဆန်၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံများကို တရုတ်နှင့်ထိုင်းနယ်စပ်မှ တင်ပို့ရာတွင် အမေရိကန်ဒေါ်လာဖြင့်သာ ရောင်းဝယ်ရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနက ဇူလိုင် ၂ ရက်စွဲဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို အကြောင်းကြားသည်။
ပို့ကုန်ရငွေများ ဘဏ်စာရင်းသို့ ၄၅ ရက်အတွင်း ဝင်ရောက်ရမည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
ဒေါ်လာဖြင့်သာ တင်ပို့ခွင့်ပြုမည်ဖြစ်သောကြောင့် ပို့ကုန်ရငွေအားလုံးမှာ စစ်ကောင်စီက ငွေလဲနှုန်း ပုံသေသတ်မှတ်သည့် တစ်ဒေါ်လာ ၁,၈၅၀ ကျပ်ဖြင့်သာ လဲလှယ်သုံးစွဲရမည်ဖြစ်သည်ဟု ထိုင်းကို ပြောင်းတင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“အခုချိန်မှာ ဒေါ်လာဈေးကန့်သတ်ထားတာက ပြည်ပပေါက်ဈေးနဲ့ အများကြီးကွာတာ အသိပဲလေ။ မူဝါဒအပြောင်းအလဲမှာ အနည်းနှင့်အများတော့ ထိခိုက်မှုရှိတာပဲလေ” ဟု ထိုကုန်သည်က ဆိုသည်။
ယွမ်နှင့် ဘတ်ကို စစ်ကောင်စီက ငွေလဲနှုန်း ပုံသေသတ်မှတ်ခြင်းမပြုသဖြင့် ငွေလဲနှုန်းအတက်အကျပေါ်မူတည်ကာ အကျိုးအမြတ်ကွာခြားသည်။ ဒေါ်လာကို ဈေးကွက်ပေါက်ဈေးထက် ကျပ် ၂၀၀ လျှော့ ချကာ ၁,၈၅၀ ကျပ် ပုံသေသတ်မှတ်ထားခြင်းကြောင့် ပို့ကုန်ရငွေပြန်လဲရာတွင် ကျပ် ၂၀၀ နစ်နာမည့် သဘောဖြစ်သည်။
စစ်ကောင်စီသည် နယ်စပ်ကုန်သွယ်ရေးတွင် ဒေါ်လာအစား ယွမ်၊ ဘတ်တို့နှင့် ပေးချေခြင်းဖြင့် အသာစီးရရန် ရည်ရွယ်သော်လည်း အခြေအနေမဟန်၍ ဒေါ်လာနှင့်တင်ပို့ရန်ပြန်ပြောင်းခြင်းဖြစ်ကြောင်း တရုတ်၊ မြန်မာနယ်စပ် မူဆယ်မြို့မှ အမည်မဖော်လိုသည် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်ကမူ နှစ်ဘက် ကုန်သွယ်မှုတိုးမြှင့်ရန်၊ ကုန်သွယ်မှုနှင့် ငွေပေးချေမှုလွယ်ကူရန် နှင့် ကျပ်ငွေသုံးစွဲမှုတိုးမြှင့်ရန်ဟုဆိုကာ ယွမ်၊ ဘတ်နှင့် ကျပ်တို့ကို တိုက်ရိုက်ပေးချေရန် စီစဉ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နယ်စပ်ကုန်သွယ်ရေးတွင် ကျပ်ငွေနှင့် တိုက်ရိုက်ပေးချေခြင်းကို အိန္ဒိယ၊ ထိုင်း၊ တရုတ် တို့နှင့် သဘောတူလက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း ဒီဇင်ဘာ ၁၃ အစည်းအဝေးတစ်ခုတွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။
တရုတ်ယွမ်ကို နယ်စပ်ကုန်သွယ်ရေးတွင် သုံးခွင့်ပြုခြင်းမှာ အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြား ငွေပြတ်လပ်မှုကို ဖြေရှင်းရန်ဖြစ်သည့်နည်းတူ ဒေါ်လာ၏ လွှမ်းမိုးမှုကို တန်ပြန်ရန်အရေးပါးသည့် ခြေလှမ်းဖြစ်ကြောင်း တရုတ်အစိုးရအာဘော် Global Time သတင်းစာက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၅ တွင် ဖော်ပြသည်။
နိုင်ငံတွင်း ဒေါ်လာရငွေ၊ ထွက်ငွေတို့ကို ကန့်သတ်ထိန်းချုပ်နေသည့် အာဏာသိမ်းစစ်ကောင်စီက ပြည်ပဘဏ်များနှင့် ငွေကြေးလွှဲပြောင်းပေးချေရာတွင် ရုရှားငွေပေးချေစနစ်ကို အသုံးပြုရန် စိုင်းပြင်းနေကြောင်း စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ပြောဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)