ဆန်ဈေးနှုန်းလိုက်လံထိန်းချုပ်နေသည့် စစ်ကောင်စီက ရန်ကုန်နှင့် မန္တလေးရှိ ကုန်တိုက်မန်နေဂျာများကို နေစဉ်ရက်ဆက် ခေါ်ယူစစ်ဆေးနေပြီး ဆန်ရောင်းရာတွင် မကြာသေးခင်က ၎င်းတို့ ထုတ်ပြန်ထားသည့် သတ်မှတ်ဈေးအတိုင်း ရောင်းချရန် ဖိအားပေးနေကြောင်း သိရသည်။
မန်နေဂျာများမှာ စားသောက်ကုန်နှင့် လူသုံးကုန်များရောင်းချသည့် City Mart, Ocean, Aeon Orange, Capital နှင့် အခြားကုန်တိုက်များမှဖြစ်ပြီး စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက မနက် ၉ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ရုံးခေါ်စစ်ဆေးခြင်းဖြစ်သည်ဟု နာမည်ကြီးကုန်တိုက်တစ်ခုမှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောသည်။
“သိမ်းခိုင်းထားတဲ့ဆန်တွေ အကုန်ပြန်ခင်းခိုင်းပါတယ်။ ညက လာစစ်ဆေးပါတယ်။ ဇွန် ၂၂ က သူတို့သတ်မှတ်ထားတဲ့ ဈေးနှုန်းထက်ကျော်နေတဲ့ဆန်တွေကို တင်ပြီးမရောင်းဖို့ ညွှန်ကြားထားတယ်။ ကျန်တဲ့ ဆန်တွေကို ဈေးနှုန်းလျှော့ရောင်းခိုင်းတာ ၇၀၀၀ ကျော် ဆန်အိတ်ကို ၆၀၀၀ အထိ ချက်ချင်း လျှော့ခိုင်းခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
အရွယ်အစားအမျိုးမျိုးထုပ်ပိုးရောင်းချနေသည့် ဆန်အိတ်များကို စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း ဈေးပြင်ဆင်၍ ပြန်လည်ရောင်းခိုင်းခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ယမန်နေ့ ညက ဈေးဝယ်စင်တာများကို လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဈေးဝယ်စင်တာများပေါ်တွင် ရောင်းချရန်သတ်မှတ်သည့်ဆန်ဈေးအဖြစ် ရွှေဘိုပေါ်ဆန်း ၁ ကီလိုကို ကျပ် ၃၅၀၀ မှ ၃၈၀၀၊ ဧရာဝတီပေါ်ဆန်း ကျပ် ၃,၀၀၀ မှ ၃,၃၀၀၊ ရက် ၉၀ အထူးဧည့်မထ ကျပ် ၂၂၀၀ မှ ၂၅၀၀ သတ်မှတ်ကြောင်း သတင်းဌာနတစ်ခုထံ ပေါက်ကြားသည့် စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်တစ်စောင်တွင် ဖော်ပြထားသည်။
ဆန်အမျိုးအစားသစ်များကို ထုပ်ပို့ရောင်းချပါက လက်ကားဈေးနှင့် ကိုက်ညီရန်၊ အိတ်ခွံနှင့် ဈေးဆိုင်ကို ပေးရမည့် ဝန်ဆောင်ခ ၈ ရာခိုင်နှုန်း၊ သယ်ယူစရိတ် ၃ ရာခိုင်နှုန်းနှင့် အမြတ် ၄ ရာခိုင်နှုန်းထက် ပိုမယူရန် သတ်မှတ်ထားကြောင်း ထိုညွှန်ကြားချက်တွင် တွေ့ရသည်။
သတ်မှတ်ဈေးဖြင့် ပစ္စည်းပြတ်လပ်မှုမရှိရန် ရောင်းချရမည်ဖြစ်ပြီး မလိုက်နာလျှင် အရေးယူမည်ဟု ဖိအားပေးနေကြောင်း သိရသည်။
ထုတ်ပြန်ချက်ထွက်သည့်နေ့တွင် စစ်ကောင်စီသတ်မှတ်ထားသည့် ဆန်အမျိုးအစားများကို ပုံမှန်ရောင်းပေးနေသည်ဟု ဂမုန်းပွင့်ကုန်တိုက်က အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားသည်။
ဈေးဝယ်စင်တာများတွင် အရောင်းဆိုင်းငံ့ထားသော ထိုဆန်အမျိုးအစားများကို သတ်မှတ်ဈေးဖြင့် ပြန်လည်ရောင်းချပေးနေကြောင်း စစ်တပ်ထိန်းချုပ်သတင်းစာများက ယနေ့တွင် ဖော်ပြထားသည်။
စပါးကို ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်သော်လည်း ဆန်ထုတ်လုပ်ရာတွင် လုပ်သားစရိတ်၊ မျိုးစေ့အပြင် ပြည်ပမှ အမေရိကန်ဒေါ်လာဖြင့် ဝယ်ယူတင်သွင်းအသုံးပြုရသည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးကဲ့သို့ သွင်းအားစုများကို သုံးစွဲနေရသည်။
ဒေါ်လာနှင့် သွင်းအားစုဈေးနှုန်းများမြင့်တက်လာခြင်း၊ လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းတို့ကြောင့် မီးစက်များအသုံးပြု၍ ဆန်စက်လည်ပတ်နေရကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်များတိုးလာသဖြင့် ဆန်ဈေးနှုန်းများအပေါ် သက်ရောက်မှုရှိကြောင်း အမည်မဖော်လိုသည့် စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။
“လွတ်လွတ်လပ်လပ်ရောင်းဝယ်နေတာ ကြာခဲ့ပြီ။ ဒါကို ထိန်းချုပ်လိုက်တော့ ဆီတွေ၊ ဆန်တွေ အကုန်လုံးက ရောင်းဝယ်ဖို့ ခက်ခဲသွားတာပေါ့။ အဲ့ဒီတော့ မှောင်ခိုရောက်သွားမှာပေါ့” ဟု ၎င်းက ဆိုသည်။
အာဏာရှင်များ၏ သရုပ်လက္ခဏာအတိုင်း ဈေးနှုန်းကို အတင်းအကျပ်ထိန်းချုပ်လာခြင်းကြောင့် မှောင်ခိုဈေးကွက် ပိုမိုကြီးထွားလာနိုင်သည်၊ စစ်ကောင်စီသတ်မှတ်ဈေးနှုန်းဖြင့် ဆန်ဝယ်ယူရာတွင် စာရွက်စာတမ်းအထောက်အထားမျိုးစုံဖြင့် ခက်ခက်ခဲခဲ တန်းစီးဝယ်ယူရမည်ဟု ၎င်းက ဆိုသည်။
ဈေးနှုန်းမြင့်တက်မှုကို မကြိုက်သည့် စစ်ကောင်စီသည် လုပ်ငန်းရှင်များကို ဖမ်းဆီးနှိပ်ကွပ်ခြင်းဖြင့် ဈေးနှုန်းများထိန်းချုပ်ရန် ကြိုးစားနေသည်။
သတ်မှတ်ဆန်ဈေးထက် ဈေးတင်ရောင်းသည်ဟုဆိုကာ ဆန်ကုန်သည်အသင်း ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ အတွင်းရေးမှူး ဦးလူမော်မြင့်မောင်နှင့် ဆန်ကုန်သည်များကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့သည်ဟု ဆန်ကုန်သည်များက ဆိုသည်။
ထို့နောက် ကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် စစ်ကောင်စီသတ်မှတ်ဈေးရောင်းလာသလို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဆန်ဆိုင်များတွင် လက်လီရောင်းဈေးကို သတ်မှတ်ဈေးပေါ် ၅ ရာခိုင်နှုန်းထက်မပိုသော နှုန်းထားဖြင့် ရောင်းချပေးမည်ဟု ဆန်စပါးအသင်းချုပ်က ဇွန် ၂၅ တွင် ထုတ်ပြန်ခဲ့သည်။