
သတ်မှတ်ထားသည့် ဆန်စျေးထက် စျေးတင်ရောင်းသည်ဆိုကာ ဆန်စပါးလုပ်ငန်းရှင်ကြီးများနှင့် ဘုရင့်နောင်ကုန်စည်ဒိုင် ပွဲရုံပိုင်ရှင်တချို့ကို စစ်တပ်က ယမန်နေ့ (ဇွန် ၂၁) တွင် ဖမ်းဆီးစစ်ဆေးနေသည်ဟု ကုန်စည်ဒိုင်နှင့် နီးစပ်သည့် လုပ်ငန်းရှင်များက Myanmar Now ကို ပြောသည်။
စစ်ဆေးမေးမြန်းခံနေရသူများတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးလူမော်မြင့်မောင် အပါအဝင် ဆန်ပွဲရုံလုပ်ငန်းရှင် တစ်ဒါဇင်ခန့် ပါဝင်ကြောင်း သိရသည်။
“ပွဲရုံပိုင်ရှင် ၂ ယောက်မကဘူး၊ ဘုရင့်နောင်ကုန်စည်ဒိုင်ကရော ဝါးတန်းကုန်စည်ဒိုင်က လူတွေရောပဲ အများကြီးပဲ” ဟု ကုန်စည်ဒိုင်များနှင့် နီးစပ်သည့် ကုန်သည်တစ်ဦးက ပြောသည်။
ဖမ်းဆီးခံထားရသည့် ဆန်လုပ်ငန်းရှင်များကို နေပြည်တော်နှင့် ရန်ကုန်တို့တွင် နှစ်သုတ်ခွဲကာ စစ်ကြောမေးမြန်းနေသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။
“ဆန်သမားတွေ အခေါ်ခံရတာက ဆန်ချော (ပေါ်ဆန်း) သတ်မှတ်စျေးနဲ့မရောင်းလို့ အခေါ်ခံရတာ စီးတီးမတ် (City Mart) မှာ တင်ရောင်းသူတွေ အကုန်ပါတယ်။ ဆန်ဂိုဒေါင်တွေပါ ချိပ်ပိတ်ထားတယ်” ဟု နောက်ထပ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်ဖုန်းကို Myanmar Now က ဆက်သွယ်ရာတွင် ဖုန်းပိတ်ထားသည်ကိုလည်း တွေ့ရသည်။ ထို့ပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သတင်းထုတ်ပြန်ရေးဝက်ဆိုက် (Website) သည်လည်း ယနေ့တွင် ဝင်ရောက်ကြည့်ရှု၍ မရတော့ပေ။
စစ်ကောင်စီ၏ ယခုဇွန်လအတွင် ဆန်စျေးနှုန်း သတ်မှတ်ထားမှုတွင် ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ် ၁၃၅,၀၀၀ မှ ၁၄၅,၀၀၀ ဖြစ်သည်။ ဧည့်မထအုပ်စုဝင် ဆန်ကြမ်းများကို တစ်အိတ်လျှင် ကျပ် ၇၀၀,၀၀ မှ ၇၈၀,၀၀ အတွင်း သတ်မှတ်ထားသည်။
လက်လီဆန်စျေးနှုန်းကို သတ်မှတ်ဈေးထက် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသာ တင်ရောင်းခွင့်ပြုထားသည်။ စူပါမားကတ်များ၊ မီနီမတ်များတွင် ရောင်းချမှုကို သတ်မှတ်စျေးနှုန်းထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်းသာ ကွာဟရမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
ဆန်ကုန်သည်များအသင်း၏ ဇွန်လ ၂၁ ရက်နေ့ ဆန်လက်ကားစျေးနှုန်း သတ်မှတ်ချက်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁၄၆,၀၀၀ မှ ၁၆၃,၀၀၀ ဖြစ်သည်။ ဧည့်မထဆန်စျေးနှုန်းမှာ တစ်အိတ်လျှင် ကျပ် ၇၀၅,၀၀ မှ ၇၂၀၀၀ အတွင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း လူသုံးကုန်ပစ္စည်းများအပြင် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်ဈေးမှာလည်း စစ်တပ်အာဏာမသိမ်းမီနှစ်များက ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၃ ဆခန့် မြင့်တက်လာသည်။
အာဏာမသိမ်းမီ တစ်လအလို ၂၀၂၁ ဇန်နဝါရီလအတွင်းက ရွှေဘိုဆန်ဟောင်း ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၆၀,၀၀၀ ဝန်းကျင်သာ ရှိခဲ့သည်။ အာဏာသိမ်းပြီး ၃ နှစ်ကျော်အကြာ ယခုမေလတွင် အဆိုပါ ဆန်တစ်အိတ်လျှင် ပြင်ပပေါက်ဈေး ၂၀၀,၀၀၀ နီးပါးအထိ ဖြစ်လာသည်။
ရွှေဘိုမဂျမ်းတောတစ်အိတ်လျှင် ၁၈၅,၀၀၀၊ ဧရာမင်းတစ်အိတ်လျှင် ၁၇၀,၀၀၀၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၆၀,၀၀၀ ကျပ်အထိ ဈေးကွက်ပေါက်ဈေးရှိသည်။ ရွှေဘိုမဂျမ်းတော တစ်အိတ်လျှင် ၁၈၅,၀၀၀၊ ဧရာမင်းတစ်အိတ်လျှင် ၁၇၀,၀၀၀၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၆၀,၀၀၀ ကျပ်အထိ ဈေးကွက်ပေါက်ဈေးရှိနေသည်။
စစ်ကောင်စီသည် ယခုလအစပိုင်းတွင်လည်း ရွှေနှင့် ဒေါ်လာစျေးနှုန်းကစားသည်ဆိုကာ ရွှေလုပ်ငန်းရှင်များနှင့် ငွေလဲလုပ်ငန်းလုပ်ကိုင်သူ ဒါဇင်နှင့်ချီကို ဖမ်းဆီးခဲ့သည်၊ ရွှေလုပ်ငန်းရှင်ကြီးတချို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားသည်။
