စီးပွားရေး

လုပ်ငန်းရှင်တို့ကို ဖမ်းဆီးခြင်းသည် စစ်တပ် ကုန်စျေးနှုန်းထိန်းသိမ်းသည့်နည်းလမ်း ဖြစ်လာ

စစ်ဗိုလ်ချုပ်များ နိုင်ငံ့စီးပွားရေး စီမံခန့်ခွဲနေစဉ် အခြေအနေဆိုးများ ဆက်တိုက် ဖြစ်ပေါ်လာရာ ထိုအခက်အခဲကို ဖြေရှင်းသည့် နည်းလမ်းတစ်ခုမှာ လုပ်ငန်းရှင်များကို ဖမ်းဆီးခြင်း ဖြစ်သည်။

ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်းတို့မှ ဆန်စက်ပိုင်ရှင်များနှင့် ဆန်လုပ်ငန်းရှင်များကို ဆန်စျေး တင်ရောင်းသည်ဟုဆိုကာ ဇွန်လ ၂၁ ရက်နေ့မှစ၍ စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရပြီး ၎င်းတို့၏ နောက်ဆက်တွဲအခြေအနေကို ယနေ့ (ဇွန် ၂၆) အထိ မည်သည့်သတင်းမျှ ထပ်မကြားရသေးပေ။

ယင်းဖမ်းဆီးမှု နောက်ဆက်တွဲအနေဖြင့် ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန်ပွဲရုံတချို့နှင့် ဧရာဝတီတိုင်း ရွှေဘို၊ မြောင်းမြတို့မှ လူသိများသော ဆန်ပွဲရုံတချို့သည် ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို ချိပ်ပိတ်ခံလိုက်ရကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

“အဖမ်းအဆီးတွေကြောင့် ဆန်စျေးကွက်မှာက စိုးရိမ်မှုတွေဖြစ်နေတယ်။ ဆန်စပါးအသင်းချုပ်က သတ်မှတ်ထားတဲ့ စျေးအတိုင်းရောင်းပေးတယ်လို့ ကုန်စည်ဒိုင်တွေက ပြောနေပေမဲ့ တစ်ဖက်မှာလည်း ပွဲရုံတွေ၊ ဆန်ဂိုဒေါင်တွေက ချိပ်ပိတ်ခံနေရတော့ ဆန်က လိုသလောက်ဝယ်မရဖြစ်နေတယ်” ဟု ရန်ကုန်မြို့မှ ဆန်ကုန်သည်တစ်ဦးက Myanmar Now ကို ပြောသည်။

ရန်ကုန်မြို့၏ အဓိက ဆန်ကုန်စည်ဒိုင်တစ်ခုဖြစ်သော ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သည် ဆန်စျေးနှုန်းများကို ပုံမှန်ထုတ်ပြန်နိုင်ခြင်းမရှိတော့ပေ။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စားသုံးသူအသွင်ယူပြီး ဆန်စျေးနှုန်းစုံးစမ်းကာ လုပ်ငန်းရှင်များကို ဖမ်းဆီးနိုင်ခြင်းကြောင့်လည်း ပုံမှန်ဖောက်သည်များကိုသာ ဆန်ရောင်းချပေးနိုင်သည်ဟု သူက ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဆန်တောင် မှောင်ခိုရောင်းနေရသလိုဖြစ်နေတယ်” ဟု အထက်ပါ ဆန်ကုန်သည်က ပြောဆိုသည်။

လတ်တလော စစ်ဆေးမေးမြန်းခံနေရသူများထဲတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးလူမော်မြင့်မောင်၊ မန္တလေးတိုင်း ဆန်စပါးကုန်စည်ဒိုင်မှ တာဝန်ရှိများ ပါဝင်ကြောင်း သိရသည်။

ဇွန်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရန်ကုန်တိုင်းအတွင်း နေထိုင်သူတို့အတွက် သက်သာသည့် ဈေးနှုန်းများဖြင့် ဆန်ရောင်းချပေးမည်ဟု ထုတ်ပြန်သည်။

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့တွင် ဇွန်လ ၂၄ ရက်နေ့စတင်ကာ မနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၃၀၀၀ နှင့် ပေါ်ဆန်းဆန် တစ်ပြည် ကျပ် ၅၀၀၀ ဖြင့် ရောင်းမည်ဟု ဆိုသည်။ 

ဆန်အိတ်လိုက်ဝယ်ယူလိုသူများကို လစဉ် အိမ်ထောင်စုတစ်စုစာ ပေါ်ဆန်းဆန် တစ်အိတ်နှင့် ဧည့်မထဆန်တစ်အိတ်စီ ရောင်းပေးမည်ဟု ဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။

ထိုသို့လာရောက်ဝယ်ယူသူများကို စစ်ကောင်စီက သတ်မှတ်ထားသော ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁၃၅,၀၀၀ မှ ကျပ် ၁၄၅,၀၀၀၊ ဧရာ၀တီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁၁၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ နှင့် ဧည့်မထဆန်တစ်အိတ်လျှင် ကျပ် ၇၂,၀၀၀ မှ ကျပ် ၇၅,၀၀၀ ဖြင့် ပေးမည်ဟုလည်း ဆိုထားသေးသည်။

မန္တလေးမြို့မှ ဖမ်းဆီးစစ်ဆေးခံရသည့် ဆန်လုပ်ငန်းရှင်များကို စစ်ကောင်စီက ၎င်းတို့ သတ်မှတ်ထားသည့် စျေးနှုန်းအတိုင်း စျေးလျှော့ရောင်းရန် ခေါ်ယူသတိပေးခြင်းမျိုးဖြစ်ပြီး မကြာခင် ပြန်လည်လွှတ်မြောက်လာမည်ဟု ကြားသိရသည်ကြောင်း မန္တလေးမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

ထို့ပြင် စီးတီးမတ် (City Mart)၊ Ocean, Aeon Orange နှင့် Capital အစရှိသည့် ကုန်တိုက်များတွင် ခင်းကျင်းရောင်းချသော ဆန်စျေးနှုန်းများကို စစ်ကောင်စီလက်အောက်ခံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှ  အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် အဖွဲ့စုံက လာရောက် စစ်ဆေးကာ ဆန်စျေးနှုန်းများကို သတ်မှတ်ထားချက်အတိုင်း ရောင်းရန် ညွှန်ကြားခဲ့ကြောင်း မန္တလေးမြို့မှ နာမည်ကြီးစျေးဝယ်စင်တာတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

ညွှန်ကြားချက်အသစ်မကြေညာခင်အထိ ဆန်ချော ၁ ပြည်လျှင် ကျပ် ၆၀၀၀ နှုန်းဖြင့်သာ ရောင်းချရန် အမိန့်ပေးခဲ့ပြီး ဆိုင်မန်နေဂျာတချို့ကို ခေါ်ယူမေးမြန်းမှုများ ရှိခဲ့ကြောင်း သူက ဆိုသည်။

“သူတို့လာစစ်တာက ဘယ်လောက်နဲ့ဝယ်ပြီးတော့ ဘယ်လောက်အမြတ်တင်ရောင်းလဲပေါ့။ သူတို့ လာစစ်ပြီး နောက်ရက် (ဇွန် ၂၂) မှာ စျေးတွေလျှော့ပေးလိုက်ရတယ်။ ဘယ်ရက်လောက်အထိ ဒီလိုရောင်းရမယ်ဆိုတာလည်း မပြောသွားဘူး” ဟု အထက်ပါဝန်ထမ်းက ပြောသည်။

ရန်ကုန်မြို့ရှိ ကုန်တိုက်တချို့တွင်လည်း ဆန်အရောင်းရပ်ထားကြသည်။

စစ်ကောင်စီ၏ ယခုဇွန်လအတွင်း ဆန်စျေးနှုန်းသတ်မှတ်ထားမှုတွင် ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ် ၁၃၅,၀၀၀ မှ ၁၄၅,၀၀၀ ဖြစ်သည်။ ဧည့်မထအုပ်စုဝင် ဆန်ကြမ်းများကို တစ်အိတ်လျှင် ကျပ် ၇၀၀,၀၀ မှ ၇၈၀,၀၀ အတွင်း သတ်မှတ်ထားသည်။

လက်လီဆန်စျေးနှုန်းကို သတ်မှတ်ဈေးထက် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသာ တင်ရောင်းခွင့်ပြုထားသည်။ ကုန်တိုက်များ၊ ကုန်စုံဆိုင်များတွင် ရောင်းချမှုကို သတ်မှတ်စျေးနှုန်းထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်းသာ ကွာဟရမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

ဆန်စျေးနှုန်း ဘာကြောင့်တက် 

ဆန်စျေးနှုန်းသည် ဧပြီလ၊ မြန်မာ့နှစ်သစ်ကူးကာလနောက်ပိုင်းကတည်းက တရိပ်ရိပ်မြင့်တက်နေသလို မေလကုန်ပိုင်းက တရှိန်ထိုးမြင့်တက်ခဲ့သော ရွှေနှင့် ဒေါ်လာစျေးနှုန်းတို့နှင့်လည်း ဆက်စပ်ကြောင်း ဆန်ကုန်သည်များက ပြောသည်။

အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၅၈ သိန်းကျော်အထိ မြင့်တက်ခဲ့သလို ဒေါ်လာစျေးသည်လည်း တစ်ဒေါ်လာလျှင် ကျပ် ၅၀၀၀ အထိ ရောက်ခဲ့သည်။

ဧပြီလအတွင်း၌ ရွှေဘိုပေါ်ဆန်းအမျိုးအစားတစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀ မှ ၁၃၅,၀၀၀ ပေါက်စျေးရှိခဲ့ပြီး ဧည့်မထ ဆန်ကြမ်းအမျိုးအစားများသည် တစ်အိတ်လျှင် ကျပ် ၇၁၀,၀၀ ခန့်ဖြင့် ကုန်စည်ဒိုင်များတွင် ပေါက်စျေးရှိခဲ့ကြောင်း သိရသည်။

လတ်တလောတွင် စျေးကွက်အတွင်း၌ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၂ သိန်း ဝန်းကျင်အထိရှိပြီး ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၈ သောင်းကျော်မှ ၉ သောင်း ဝန်းကျင်အထိ ပေါက်စျေးရှိနေသည်။

“ဆန်စျေးက အရမ်းကြီးထိုးတက်သွားတာမျိုးမဟုတ်ဘူး၊ တအိတ်ကို ကျပ်တစ်ထောင်လောက်တက်လိုက် နှစ်ထောင်တက်လိုက်နဲ့ပေါ့။ အဲဒါက ဧပြီလကတည်းက စတက်လာနေတာပေါ့၊ ဒါကလည်း ထုံးစံပဲလေ, အခုက ဆန်ဟောင်းကာလပဲရှိနေတာဆိုတော့ ဆန်ဟောင်းလက်ကျန်နည်းလာလေ ဆန်စျေးက တက်နေတာပေါ့” ဟု ရန်ကုန်မြို့မှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

ဆန်စျေးကွက်သဘောတရားအရ ဒီဇင်ဘာလ၊ ဆန်အသစ်ပေါ်ချိန်တွင် ဆန်ဟောင်းစျေးတက်နေမှု တန့်သွားလေ့ရှိကြောင်း သူက ဆိုသည်။

ယခုလို စစ်ကောင်စီက ဆန်စျေးနှုန်းများကို အတင်းအကျပ်ထိန်းချုပ်ပြီး ဆန်ဂိုဒေါင်နှင့် ပွဲရုံများကို ချိပ်ပိတ်မှုများကြောင့် စျေးကွက်ကမောက်ကမဖြစ်ပြီး ဆန်အဝင်နည်းကာ စျေးကွက်အတွင်း ဆန်ပြတ်လပ်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရကြောင်း သူက ဆိုသည်။

ဆန်စျေးနှုန်း မြင့်တက်လာရမှုသည် ဒေါ်လာလိုအပ်ချက်ကြီးမားလာနေသည့် စစ်ကောင်စီက ဆန်တင်ပို့မှုကို တိုးမြှင့်တင်ပို့ရန် တွန်းအားပေးထားမှုနှင့်လည်း သက်ဆိုင်ကြောင်း မန္တလေးမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

“ပို့ကုန်ရငွေကို ပိုလိုချင်တော့ ဆန်ကို ပိုပို့ဖို့ဆိုပြီး တွန်းအားပေးတာလည်း ပါတယ်။ တစ်လကို ဘယ်လောက်ပမာဏပို့ရမယ်ဆိုပြီး ဖိအားပေးတာပေါ့။ ပို့ကုန်သမားတွေဘက်က သင်္ဘောက ဆိုက်နေပြီ၊ ဆန်က လက်ထဲမရှိသေးဘူးဆိုရင် ဟိုဘက်ကို ဝယ်ရတာပေါ့။ အဲဒီမှာ ကုန်သည်တွေကလည်း စျေးဆွဲတင်တာတွေကြောင့် အခုလိုစျေးတွေဖြစ်ကုန်တာ” ဟု သူက ပြောသည်။

စစ်ကောင်စီသည် ယခုဘဏ္ဍာနှစ်အတွက် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုကို တန်ချိန် ၂ သန်း၊ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ရရှိရန် မျှော်မှန်းထားပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ကို တိုက်တွန်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှု ၁.၆ သန်းကျော်ရှိပြီး ဒေါ်လာ ၈၄၅ သန်းကျော်ရရှိခဲ့သည်ဟု MRF ၏ စာရင်းများအရ သိရသည်။

စစ်ကောင်စီသည် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရောင်းချရာမှ ရရှိသည့် နိုင်ငံခြားငွေကိုလည်း ၎င်းတို့ စာရင်းထဲ ထည့်ထားသည်။

စစ်ကောင်စီသည် စီးပွားရေးကျဆင်းခြင်း၊ နိုင်ငံတကာအရေးယူပိတ်ဆို့မှုများနှင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းများ လက်လွှတ်ဆုံးရှုံးထားရမှုတို့ကြောင့် နိုင်ငံခြားငွေရရှိမှု နည်းပါးနေသလို လက်ကျန်အရန်ငွေပမာဏာလည်း ခန်းခြောက်လာနေ၍ စီးပွားရေးလုပ်ငန်းများထံမှ ပို့ကုန်ရငွေများ အတင်းအကျပ်သိမ်းယူနေသည်။

တစ်ဖက်တွင်လည်း ၎င်းတို့၏ စီးပွားရေးဆိုင်ရာမူဝါဒများနှင့် စီမံခန့်ခွဲမှုအလွဲများကြောင့် ကျပ်ငွေတန်ဖိုး ကျဆင်းကာ ကုန်စျေးနှုန်းအဆမတန်မြင့်တက်မှုကို ထိန်းချုပ်ရန် လုပ်ငန်းရှင်များကို ဖမ်းဆီးနေပြန်သည်။

Related Articles

Back to top button