အာဏာသိမ်းစစ်ကောင်စီက ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်များ ထုတ်ဝေမည်ဟု ကြေညာပြီးနောက် တနင်္လာနေ့ (ဇူလိုင် ၂၄) ရွှေဈေးကွက်အဖွင့်တွင် ရွှေဆိုင်အများအပြား စျေးမဖွင့်ဘဲ အရောင်းအဝယ်ရပ်ထားကြသည်ဟု ရန်ကုန်ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
စျေးကွက်အတွင်းတွင်လည်း ဈေးစုံစမ်းမေးမြန်းသူသာ များနေကာ အရောင်းအဝယ်မရှိဖြစ်နေသည်။
စစ်အာဏာသိမ်းပြီးနောက် ကျပ်ငွေအပေါ် ယုံကြည်မှုကျဆင်းပြီး ငွေတန်ဖိုး ဇောက်ထိုးကျဆင်းလာချိန် ရွှေဝယ်ရန် စိတ်ဝင်စားမှုမြင့်တက်ခဲ့ရာ ကျပ်နှစ်သောင်းတန် ထုတ်ဝေမည့်သတင်းကြောင့် ရွှေဈေးထပ်တက်မည်ဟု ယူဆ၍ ဈေးစုံစမ်းမေးမြန်းသူ များလာခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“နှစ်သောင်းတန် ထုတ်မယ်လို့ မနေ့က ကြေညာတော့ ရွှေဈေး အရမ်းတက်မယ်၊ အရမ်းတက်မယ်ပေါ့။ ပိုက်ဆံရှိတဲ့သူကလည်း မတက်ခင်မှာ ဝယ်ထားမယ်။ ဒါပေမဲ့ ဝယ်ရဲလားဆိုတော့ မဝယ်ရဲပြန်ဘူး။ လိုက်မေးတာက များနေတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ၏ ရွှေဈေးနှုန်းထိန်းချုပ်မှုအောက်တွင် ရှိသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၂၃ သိန်းဖြင့် ဈေးကွက်ပိတ်ခဲ့သော်လည်း ပြင်ပရွှေဈေးကွက်တွင် ရွှေဆိုင်အများစုက ဈေးနှုန်းမဖွင့်ဘဲ စောင့်ကြည့်နေသည်ဟု ၎င်းက ဆိုသည်။
“ဈေးနှုန်းမတည်ငြိမ်တာကို စောင့်ကြည့်ကြတယ်။ ဆိုင်ကြီးတွေကျတော့ ဆိုင်ဖွင့်လို့ ရောင်းလို့ရှိရင် နောက်နေ့တက်သွားခဲ့သည်ရှိသော် ရှုံးသွားမှာ ကြောက်လို့ ထင်တာပဲလေ” ဟု သူက ဆက်ပြောသည်။
သို့သော် ပြင်ပရွှေဈေးကွက်တွင် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၃၆ သိန်းအထိ ဈေးဖွင့်သည်ဟု သတင်းများထွက်နေပြီး အမှန်တကယ်အရောင်းဝယ်ဖြစ်မဖြစ် မသိရကြောင်း ၎င်းက ဆိုသည်။ ဇူလိုင် ၂၁ က ၁၅ ပဲရည် ရွှေတစ်ကျပ်သား ၃၁ သိန်းဝန်းကျင်ရှိရာ နေ့ချင်းညချင်း ၅ သိန်း စျေးတက်သွားသည့် သဘောဖြစ်သည်။
စစ်ကောင်စီသည် ရွှေဈေးတည်ငြိမ်ရန်ဟု ဆိုကာ ရွှေဝယ်လိုအားနှင့် ရောင်းလိုအားအပေါ် မမူတည်ဘဲ ဈေးသတ်မှတ်နေပြီး ထိုဈေးနှုန်းဖြင့် မရောင်းချသူများကို ဖမ်းဆီးခြင်းကြောင့် အခြေအနေကို ကြည့်၍ ရောင်းဝယ်နေရကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
ယနေ့ရွှေဈေးကွက်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ဖြေဆိုခြင်းမရှိပါ။
အထွေထွေစီးပွားရေးကျပ်တည်းလာပြီး ကုန်ထုတ်လုပ်မှုကျဆင်းနေချိန် အာဏာသိမ်းစစ်ကောင်စီက ငွေစက္ကူအသစ်ထပ်ရိုက်မည့်အစီအစဉ်ကြောင့် ဒေါ်လာဈေးလည်း တက်နေပြီး ပြင်ပငွေကြေးဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ အဝယ် ကျပ် ၃,၂၀၀ ၊ အရောင်း ကျပ် ၃,၅၀၀ အထိ ဈေးခေါ်မှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။
ကျပ်နှစ်သောင်းတန်ထုတ်မည်ဟု မကြေညာမီက စျေးကွက်အတွင်း အမှန်တကယ်ပေါက်စျေးသည် အမေရိကန်တစ်ဒေါ်လာ ကျပ် ၃,၁၀၀ ဝန်းကျင် ရှိသည်။ စစ်ကောင်စီသတ်မှတ်ဈေးမှာ တစ်ဒေါ်လာ ကျပ် ၂,၁၀၀ ဖြစ်သည်။
နှစ်သောင်းတန်ဂယက်ကြောင့် အုတ်အော်သောင်းတင်းဖြစ်နေပြီး ရွှေ၊ ဒေါ်လာနှင့် စက်သုံးဆီအပါအဝင် အခြားကုန်ပစ္စည်းများ ဈေးတက်နေသည်ဟု မန္တလေးမြို့မှ ဆောက်လုပ်ရေးပစ္စည်းများရောင်းချသည့် ကုမ္ပဏီတစ်ခုမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီကမူ အသစ်ထုတ်မည့် ကျပ်နှစ်သောင်းတန်သည် အထိမ်းအမှတ်အဖြစ် အကန့်အသတ်ဖြင့် ထုတ်ဝေမည်ဖြစ်သလို ဖျက်ဆီးမည့် ဟောင်းနွမ်းငွေစက္ကူများဖြင့် တန်ဖိုးတူ အစားထိုးထုတ်ဝေမည်ဖြစ်၍ ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ကြောင်း ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
သို့သော် အာဏာသိမ်းနောက်ဆက်တွဲအဖြစ် နိုင်ငံတကာကုမ္ပဏီကြီးများ ထွက်ခွာသွားခြင်း၊ နိုင်ငံတကာဖွံ့ဖြိုးရေးအကူအညီနှင့် ချေးငွေများ ရပ်ဆိုင်းခံရခြင်း၊ ကုန်ထုတ်လုပ်မှုလျော့ကျကာ ပို့ကုန်ဝင်ငွေ နည်းလာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထပ်ဝင်မလာတော့ခြင်းတို့အပြင် ဝင်ငွေရလမ်းကြောင်း ပိတ်ဆို့ခံထားရသဖြင့် စစ်ကောင်စီအတွက် ဘဏ္ဍာငွေလိုအပ်ချက် ကြီးမားနေသည်။
ဘဏ္ဍာငွေလိုအပ်ချက်ကို ဖြည့်ဆည်းရန် ဗဟိုဘဏ်ကို ဆက်လက်အားကိုးနေရမည်ဖြစ်သဖြင့် ငွေကြေးဖောင်းပွမှု ဆက်မြင့်တက်နိုင်ပြီး လာမည့် စက်တင်ဘာအထိ ပျမ်းမျှအားဖြင့် ငွေကြေးဖောင်းပွမှု ၁၄ ရာခိုင်နှုန်းအထိ ရှိနေနိုင်သည်ဟု မကြာသေးမီက ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)