အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြေသိမ်းရွှေတူးမည့်လုပ်ငန်း ကန့်ကွက်သည့် ရွာသား ၉ ဦးကို MNDAA ဖမ်းဆီးထား

၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းပါဝင်သော ကျေးရွာများအနီး ရွှေတူးဖော်ရန်ပြင်ဆင်နေရာ ဒေသခံများ၏ လယ်မြေများ ပါဝင်နေကြောင်း ကန့်ကွက်မှုကြုံရသဖြင့် ရွာသားအချို့ကို MNDAA က ဖမ်းဆီးထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုအတွင်း ၎င်းတို့ ထိန်းချုပ်ထားသော နေရာတွင် မြေယာသိမ်း၍ ရွှေတူးဖော်မည့်လုပ်ငန်းကို ဆန္ဒပြကန့်ကွက်သူများအနက် ရွာသားကိုးဦးအား ကိုးကန့်တပ် (MNDAA) က ဖမ်းဆီးထားသည် ဟု ဒေသခံများထံက သိရသည်။

ရွှေတူးဖော်ရေးလုပ်ငန်းနေရာတွင် ကျေးရွာသားများ၏ လယ်ယာမြေများ ပါဝင်နေသဖြင့် ဒေသခံများက ယခုလ ၁ ရက်နေ့ နံနက်တွင် ဝိုင်းဝန်းကန့်ကွက်ခဲ့ရာ ပါဝင်သူများထဲမှ အမျိုးသား ၃၅ ဦးကို ကိုးကန့်တပ်ဖွဲ့က သိန္နီမြို့သို့ ဖမ်းဆီးသွားသည်။

ဖမ်းဆီးခံရသူ ၃၅ ဦးအနက် ၂၆ ဦးကို နောက်ရက်တွင် ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသား ကိုးဦးအား ဆက်လက်ဖမ်းဆီးထားသည်ဟု သိရသည်။

“ဝိုင်းပြီးကန့်ကွက်တာကို ဗီဒီယိုရိုက်ပြီး လိုင်းပေါ်တင်ရမလားဆိုပြီး ရွာသားတွေကို ဖမ်းသွားတာပါ။ သိန္နီကို ခေါ်သွားတယ်။ ရွာလူကြီးတွေ သွားပြောတော့ တချို့ကို လွှတ်ပေးတယ်။ ကိုးယောက်ကို ဆက်ပြီး ဖမ်းထားတယ်” ဟု ဖြစ်စဉ်အခြေအနေ သိရှိသည့် နမ့်ပေါင်ရွာသား အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများသည် အသက် ၃၀ ကျော် အရွယ်များဖြစ်ကြပြီး ရိုက်နှက်စစ်ဆေးခံနေရသည်ဟု ဆိုသည်။

“ဆန္ဒပြခိုင်းတာ ဘယ်သူလဲဆိုပြီး ကျန်တဲ့လူတွေကို ရိုက်နှက်ပြီး မေးနေတာပါ။ ရွာထဲမှာလည်း သူတို့ အဝင်အထွက်တွေကို တင်းကျပ်ထားတယ်။ ရွာသားတွေကို စစ်တော့ ခေါင်းဆောင်လို့ ပြောတဲ့ လူနှစ်ယောက်ကိုလည်း ရှာနေတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

လားရှိုး- မိုင်းရယ်လမ်းဘေး နမ့်ပေါင်ရွာအနီး မန်စယ်ရွာမှာ အိမ်ခြေ ၃၀၀ နီးပါးရှိသည့် ရှမ်းတိုင်းရင်းသား   များ နေထိုင်သည့် ကျေးရွာကြီးဖြစ်ကာ လားရှိုးမြို့နှင့် ၂၈ မိုင်ခန့်အကွာတွင် ရှိသည်။

ပြီးခဲ့သည့်လက မန်စယ်ရွာအတွင်း ကျေးရွာသားများက ချောင်းကူးတံတား တည်ဆောက်ရာ ကိုးကန့် တပ်ဖွဲ့အား မတင်ပြခဲ့၍ဟု ဆိုကာ ကျေးရွာသားများနှင့် ကိုးကန့်တပ်အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု၊ မန်စယ်ကျေးရွာအုပ်စုနှင့် အနီးအနားရှိ ကျေးရွာတို့သည် ရွှေထွက်သည့် ရွာများဖြစ်သည်။

၁၉၉၅ ခုနှစ် ကတည်းက မန်စယ်ရွာနှင့် မိုင် ၂၀ အကွာ တောင်ပေါ်ဒေသများတွင် တစ်ပိုင်တစ်နိုင် ရွှေလုပ်ကွက်များ စတင်လုပ်ကိုင်ခဲ့ကြသည်ဟု ဒေသခံများက ဆိုသည်။

စစ်တပ်လက်အောက်ခံ မန်ပန် ပြည်သူ့စစ်တပ်ဖွဲ့များ ထိန်းချုပ်ခဲ့စဉ်ကလည်း အဆိုပါဒေသများတွင် တစ်ပိုင်တစ်နိုင် ရွှေလုပ်ကွက်များ ရှိခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” အပြီး လားရှိုးမြို့နယ်အား ကိုးကန့်တပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် နမ့်ပေါင် ကျေးရွာအုပ်စု၊ မန်စယ်ကျေးရွာအုပ်စုများတွင် ၎င်းတို့က ရွှေလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် တရုတ်လုပ်ငန်းရှင်များကို ခေါ်သွင်းလာသည်ဟု ဒေသခံတို့က ဆိုသည်။

နမ့်ပေါင်ချောင်းဘေးရှိ ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည့်အတွက် ရွှေလုပ်ငန်းများ ရောက်လာပါက စိုက်ပျိုးမြေများ ပျက်စီးမည်ကို ရွာသားများက စိုးရိမ်နေကြသည်။

မန်စယ်ရွာသားများ ဖမ်းဆီးခံရသည့် ဖြစ်စဉ်အတွက် ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP/SSA နှင့် ရှမ်း နိုင်ငံရေးပါတီများအား အသိပေးထားသည်ဟု အထက်ပါရွာခံများက ပြောကြသည်။

ရှမ်းကျောင်းသားသမဂ္ဂအဖွဲ့၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖမ်းဆီးခံထားရသည့် ကိုးဦးထဲမှ သုံးဦးသည် ရိုက်နှက်ခံထားရ၍ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပြီး ဖမ်းဆီးထားသူများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် MNDAA တပ်ဖွဲ့ထံ တောင်းဆိုထားသည်။

ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညပိုင်းတွင် သီပေါမြို့နယ် နောင်ကော်ကျေးရွာအတွင်း တောင်ယာသို့ သွားသည့် ၆၃ နှစ်အရွယ် ရှမ်းတိုင်းရင်းသားတစ်ဦးအား ကိုးကန့်တပ်က ဖမ်းဆီးသွားခဲ့ပြီး ရိုက်နှက်စစ်ဆေးခံခဲ့ရသည်။ နောက်တစ်ရက်တွင် ကျေးရွာတာဝန်ရှိသူများက သွားရောက်ညှိနှိုင်း ခေါ်ဆောင်ရာ နေအိမ်အရောက် သေဆုံးသွားခဲ့သည်။

ရိုက်နှက်သူများသည် သီပေါမြို့အတွင်း လှုပ်ရှားနေသည့် MNDAA တပ်မဟာ (၅၁၁) လက်အောက်ခံ တပ်ရင်းမှဖြစ်ပြီး သေဆုံးသူအတွက် ကိုးကန့်တပ်ဘက်မှ ကျပ်သိန်း ၂၀ ပေးခဲ့သည်ဟု သီပေါမြို့ခံ ရှမ်းတိုင်းရင်းသားတစ်ဦးက ပြောသည်။

အထက်ပါဖြစ်စဉ် ရှိထားသဖြင့် မန်စယ်ရွာမှ ဖမ်းဆီးခံထားရသူများအတွက်လည်း စိတ်ပူရသည်ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သီပေါလိုမျိုး ဖြစ်မှာ ကြောက်နေရတာပါ။ ဘယ်သူမှလည်း မကူညီနိုင်ကြဘူး။ စကားလည်း မပေါက်တော့ သွားရှင်းပြရင်လည်း အဆင်မပြေဘူး” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် သိန္နီ–လားရှိုး လမ်းပိုင်း မန်လီကျေးရွာအနီးရှိ မြေဧက ၁၀၀ အား ကိုးကန့်တပ်က ရှင်းလင်းပြီး တရုတ်လုပ်ငန်းရှင်များအား အငှားချခဲ့၍ အဆိုပါမြေအား ပိုင်ဆိုင်သည့် ပန်ဖတ်ရွာသားများနှင့် အငြင်းပွားမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ထို့နေ့တွင်ပင် လုပ်ငန်းများ စတင်ခဲ့ရာ ၁၆ ရက် နေ့တွင် ရွာသားများက သွားရောက်ကန့်ကွက်ခဲ့သော်လည်း အဆင်မပြေ ဖြစ်ခဲ့သည်ဟု ဆိုသည်။

“တစ်သျှူးငှက်ပျော စိုက်ဖို့ဆိုပြီး သစ်ပင်တွေ ခုတ်တယ်။ ပြီးတော့ မြေတွေကို ဘက်ဟိုးနဲ့ ထိုးပြီးရှင်းတာပါ။ ရွာသားတွေက သွားပြောတော့ လက်မခံဘူး” ဟု မန်လီကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ တာမိုးညဲ မြို့များအား တော်လှန်ရေးမဟာမိတ်များ၏ အကူအညီဖြင့် MNDAA က သိမ်းပိုက်ခဲ့သည်။

တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းမှုကြောင့် အဆိုပါမြို့များထဲမှ လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုအား စစ်တပ်ထံ ပြန်လွှဲပြီး ကျန်ကျေးရွာများအား ကိုးကန့် တပ်ဖွဲ့ ၏ သိန္နီခရိုင်အုပ်ချုပ်ရေးအောက်သို့ ထည့်သွင်းထားသည်။

ကိုးကန့်တပ်ဖွဲ့က ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့များအား လောက်ကိုင်ခရိုင်၊ မုံးကိုးခရိုင်၊ သိန္နီခရိုင်၊ ကွတ်ခိုင်ခရိုင်အဖြစ် သတ်မှတ်ကာ အုပ်ချုပ်မည်ဟု ယခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ကျင်းပသည့် ကိုးကန့်အထူးဒေသ (၁) ပြန်လည်ထိန်းချုပ်နိုင်သည့် ဒုတိယအကြိမ်မြောက် အောင်ပွဲနေ့ အခမ်းအနားတွင် ထုတ်ပြန်ထားသည်။

ချင်းရွှေဟော်၊ လောက်ကိုင်၊ သိန္နီ၊ လားရှိုးမြို့များသည် တရုတ်အစိုးရက အကောင်အထည်ဖော်လျက်ရှိသည့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတွင် ပါဝင်သည့် ကားလမ်းနှင့် ရထားလမ်းများ ဖြတ်သန်းမည့် မြို့များဖြစ်သည်။

အဆိုပါမြို့များတွင် တရုတ်လုပ်ငန်းရှင်များက ဒေသခံများ၏ လယ်မြေ၊ ယာမြေများနှင့် နေအိမ်များအား နှစ်ရှည်ငှားရမ်း၍ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံနေသဖြင့် ကျေးရွာအချို့တွင် ဒေသခံများနှင့် MNDAA တပ်ဖွဲ့တို့အကြား မကြာခဏ ပွတ်တိုက်မှုများ ဖြစ်ပွားလာ နေသည်။

အထက်ပါ ကိစ္စရပ်များနှင့်ပတ်သက်၍ MNDAA ၏ တုံ့ပြန်ချက် မရနိုင်သေးပေ။ 

Related Articles

Back to top button