“Welcome Russia” ဆိုသည့် ရုရှားခရီးသွားများကို ဆွဲဆောင်ရေးစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် စစ်ကောင်စီက နေပြည်တော်ရှိ ဟိုတယ်များမှ ဝန်ထမ်းများကို ၃ လကြာသည့် အခြေခံရုရှားစကားပြော သင်တန်းများပေးနေသည်။
ပြည်တွင်းစစ်နှင့် ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လည်သည့် သတင်းများကြောင့် အနောက်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ ခရီးသွားများက မြန်မာနိုင်ငံခြေဦးမလှည့်တော့သည့်အချိန်တွင် ရုရှားခရီးသွားများထံမှ ဝင်ငွေရရှိရန် စစ်ကောင်စီက ကြိုးစားလျှက်ရှိသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အထိ တရားဝင်မှတ်ပုံတင်ထားသည့် ရုရှားစကားပြောနိုင်သော မြန်မာဧည့်လမ်းညွှန် ၈၇ ယောက်သာရှိသည့်အတွက် စစ်ကောင်စီက ဟိုတယ်ဝန်ထမ်းများကို ရုရှားစကားပြောသင်ပေးနေခြင်းဖြစ်သည်။
ထိုသင်တန်းကို အာဏာသိမ်းပြီးနောက် Jasmine ဟု အမည်ပြောင်းထားသည့် နေပြည်တော်ရှိ Kempinski ဟိုတယ်တွင် စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပြီးခဲ့သည့် စက်တင်ဘာလဆန်းမှ စတင်ပြီး အခမဲ့သင်ကြားပေးနေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“ဟိုတယ်ဝန်ထမ်းတွေထဲက တက်ချင်တဲ့သူတက်၊ စိတ်ဝင်စားတဲ့သူ တက်လို့ရပါတယ်” ဟု ဟိုတယ်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“တက်လိုက် မတက်လိုက်သူတွေကတော့ (သင်တန်းဆင်း) လက်မှတ်မရဘူး၊ တစ်လုံးတတ်…..နှစ်လုံးတတ်နဲ့ ခုထိ သင်တန်းမပြီးတဲ့သူတွေလည်း ရှိတယ်”
လက်ရှိအချိန်အထိ သင်တန်းတက်ရောက်သူ ၄၀ ခန့်ရှိပြီး သင်တန်း ဟိုတယ်/ခရီးနှင့် ပြင်ပသင်တန်းဆရာတစ်ဦးက လာရောက်သင်ကြားပေးကြောင်းလည်း သိရသည်။
နေပြည်တော်ရှိ ဟိုတယ်များသို့ နိုင်ငံခြားဧည့်သည်အနေဖြင့် ရှရှားနှင့် တရုတ်လူမျိုးများသာ အများဆုံး လာရောက် သည့်အတွက် စစ်ကောင်စီက ရုရှားဘာသာစကားသင်တန်းကို ဟိုတယ်ဝန်ထမ်းများကို ဦးဆုံးပို့ချခြင်း ဖြစ်နိုင်ကြောင်း နေပြည်တော်ဟိုတယ်များတွင် အလုပ်လုပ်ကိုင်ဖူးသူ လုပ်သက် ၁၂ နှစ်ရှိသူ မန်နေဂျာတစ်ဦးက ပြောသည်။
ယူကရိန်းနိုင်ငံကို ဆင်နွှဲနေသည့် ကျူးကျော်စစ်ကြောင့် ရုရှားခရီးသွားများသည် ဥရောပသမဂ္ဂ (အီးယူ) ၏ ဗီဇာ တင်းကျပ်ခံထားရပြီးနောက် အရှေ့တောင်အာရှနိုင်ငံများဆီသို့ စစ်ရှောင်ရန် အလုံးအရင်းဖြင့် ဝင်ရောက်လျက်ရှိရာ မြန်မာသို့ တစ်နှစ်လျှင် ရုရှားခရီးသွား ၂ သိန်းအထိ လာရောက်ရန် စစ်ကောင်စီက မျှော်မှန်းထားသည်။
မြန်မာ-ရုရှား တိုက်ရိုက်လေယာဉ်ခရီးစဉ်ကို အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက စတင်မိတ်ဆက်ခဲ့ပြီး ရန်ကုန်-မန္တလေး-နိုဗိုစီဗစ်-မန္တလေး-ရန်ကုန် ခရီးစဉ်ကို တစ်ပတ် နှစ်ကြိမ် ပြေးဆွဲနေသည်။
စစ်ကောင်စီနှင့် ရုရှားအစိုးရတို့အကြား ဆက်ဆံရေးကောင်းနေသော်လည်း သာမန်ရုရှားပြည်သူများကမူ အရှေ့တောင်အာရှခရီးစဉ်တွင် မြန်မာထက် အိမ်နီးချင်း ထိုင်း၊ အင်ဒိုနီးရှား စသည့် နိုင်ငံများကိုသာ သွားရောက် လည်ပတ်လျက်ရှိသည်။
စစ်ကောင်စီ၏ ဟိုတယ်ခရီးဝန်ကြီးဌာနထုတ်ပြန်ချက်အရ စစ်ကောင်စီ၏ ၂၀၂၂ ဇူလိုင်မှ ယခုနှစ် မေလအထိ ၁၁ လအတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သော ရုရှားနိုင်ငံသားအရေအတွက်မှာ ၉,၄၃၅ ဦးသာရှိသည်။ ထိုကာလတူအတွင်း ထိုင်းနိုင်ငံသို့ ရုရှားခရီးသွား တစ်သန်းကျော် လာရောက်ခဲ့သည်ဟု ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် အရပ်ဘက်ဝန်ထမ်းများကို သင်တန်းပေးသည့် ဗဟိုဝန်ထမ်းတက္ကသိုလ်နှစ်ခုတွင်လည်း စစ်ပညာနှင့် ရုရှားဘာသာစကားတို့ကို ထပ်မံပေါင်းထည့်ကာ သင်ကြားပေးနေသည်။