ဆောင်းပါး

စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးကို ရုရှားခရီးသွားများ အယုံအကြည်မဲ့

သမားရိုးကျ မြေပြင်တိုက်ပွဲများတွင် ရုန်းကန်နေရသော အာဏာသိမ်းစစ်တပ်အတွက် ရုရှားထုတ် တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များက အားကိုးရာနည်းလမ်းတစ်ခုဖြစ်နေသည်။ ရုရှားစစ်တပ်က ကာလကြာရှည် လေ့ကျင့်ပေးထားသည့် လေယာဉ်မှူးများသည် လက်နက်ကိုင် ခုခံတော်လှန်နေသူများကိုသာမက အရပ်သားများကိုပါ ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။

လွန်ခဲ့သည့် ဧပြီလအတွင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာ၌ ဒေသခံများ စုဝေးရောက်ရှိနေစဉ် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၇၀ ခန့် သေဆုံးခဲ့ရသည်။ စစ်ကောင်စီ၏ ရက်စက်သော လေကြောင်းတိုက်ခိုက်မှုများကြောင့် ပဇီကြီးနည်းတူ ဖွတ်ဖွတ်ညက်ညက်ကြေခဲ့ရသည့် အခြားဖြစ်စဉ်များလည်း ရှိသည်။

ရုရှားပြည်သူများကို စစ်ကောင်စီဘက်က ပြောပြနေသည့် မြန်မာပြည်အကြောင်း ဇာတ်လမ်းများတွင် ပဇီကြီးလို ကြေကွဲဖွယ်ရာ ဇာတ်ကြောင်းများ၊ ရုရှားလက်နက်များကြောင့် မီးလောင်ပြင်ဖြစ်သွားသည့် မြို့ရွာများနှင့် အတိဒုက္ခရောက်နေရသည့် သန်းနှင့်ချီသော စစ်ပြေးဒုက္ခသည်များအကြောင်း မပါဝင်ပေ။

ငြိမ်းချမ်းသာယာလှသော မြန်မာနိုင်ငံသည် ရုရှားခရီးသွားများအတွက် ပျော်ရွှင်ဖွယ်ရာ နိဗ္ဗာန်ဘုံတစ်ခုနှယ်ဖြစ်ကြောင်း စစ်ကောင်စီက ဝါဒဖြန့်လေ့ရှိသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရသည့် စစ်ကောင်စီက ရုရှားခရီးသွားများကို အသည်းအသန်ဖိတ်ခေါ်လျက်ရှိသည်။ ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိရေးနှင့် ပုံရိပ်ကောင်း ဖော်နိုင်ရေး အာဏာသိမ်းစစ်တပ်က ရုရှားအစိုးရ၊ ရန်ကုန်ရှိ ရုရှားသံရုံးနှင့် ပူးပေါင်းကာ မနားမနေ ကြိုးပမ်းနေသည်။

စစ်ကောင်စီ၏ ဦးစားပေးစီမံကိန်းတစ်ခုမှာ “Welcome Russia” အမည်ဖြင့် ရုရှားခရီးသွားများ ဖိတ်ခေါ်ရေးပင်။ ယင်းစီမံကိန်းကို စစ်ကောင်စီ၏ ဟိုတယ်ခရီးဝန်ကြီး ဦးအောင်သော်က ခေါင်းဆောင်သည်။ အာဏာသိမ်းခေါင်းဆောင်နှင့် စစ်တက္ကသိုလ် အတူတက်ရောက်ခဲ့သည့် ဗိုလ်မှူးချုပ်ဟောင်းမှာ မြန်မာ – ရုရှားချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌလည်းဖြစ်သည်။

“Welcome Russia” အစီအစဉ်အရ ရုရှားအဆိုတော်များ၊ သတင်းထောက်များ၊ လူသိများသည့် ဆယ်လီများ၊ ခရီးသွားဘလော့ဂါများကို မြန်မာနိုင်ငံဖိတ်ခေါ်ကာ ရုရှားပြည်သူများထံ ဝါဒဖြန့်ချိရေးသတင်းစကားများ ပေးပို့နိုင်ရေးလည်း ပါဝင်သည်။

သို့သော် မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့။

စစ်ကောင်စီ ဟိုတယ်/ခရီး ဝန်ကြီးဌာနက ရုရှားခရီးသွားများကို ဆွဲဆောင်ရန် ရုရှားဘာသာဖြင့် အင်တာနက်စာမျက်နှာ လွှင့်တင်ထားသည်။

ယူကရိန်းနိုင်ငံကို ဆင်နွှဲနေသည့် ကျူးကျော်စစ်ကြောင့် ဥရောပသမဂ္ဂ (အီးယူ) ၏ ဗီဇာတင်းကျပ်ခံထားရသည့် ရုရှားများသည် အရှေ့တောင်အာရှနိုင်ငံများဆီ အလုံးအရင်းဖြင့် အပျော်ခရီးထွက်ခြင်း၊ ပြောင်းရွှေ့အခြေချနေထိုင်ခြင်းများ ရှိလာသော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းထားသည့် မြန်မာနိုင်ငံကိုမူ လက်ရှောင်ကြသည်။

စစ်ကောင်စီလက်အောက်တွင် ငြိမ်းချမ်းသာယာနေသည်ဆိုသည့် မြန်မာနိုင်ငံအကြောင်း လှိမ့်လုံးများကို ယုံကြည်သူ ရုရှားလူမျိုး အနည်းငယ်သာရှိလေသည်။

ရုရှားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများကို ရက်ပေါင်း ၃၀ ဗီဇာကင်းလွတ်ခွင့်ပေးသည့် အစီအစဉ်ကို စစ်ကောင်စီက ၂၀၂၂ ဇူလိုင် ၁ ရက်တွင် စတင်ခဲ့သည်။ တစ်နှစ်အကြာ၌ မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သော ရုရှားအရေအတွက်မှာ ထောင်ဂဏန်းသာရှိသည်။

စစ်ကောင်စီ၏ ၂၀၂၂ ဇူလိုင်မှ ယခုနှစ် မေလအထိ ၁၁ လကြာ ရုရှားမျှော်စီမံကိန်းအရ မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သော ရုရှားနိုင်ငံသားအရေအတွက်မှာ ၉,၄၃၅ ဦးသာရှိသည်။ စစ်ကောင်စီ၏ ဟိုတယ်ခရီးဝန်ကြီးဌာနထုတ်ပြန်ချက်ဖြစ်သည်။

အိမ်နီးချင်း ထိုင်းသို့ လာရောက်သည့် ရုရှားအရေအတွက်နှင့် ယှဉ်ပါက မိုးနှင့်မြေလို ကွာခြားနေသည်။ ၂၀၂၂ ဇူလိုင်မှ ၂၀၂၃ မေလအထိ ထိုင်းနိုင်ငံသို့ ရုရှားခရီးသွား တစ်သန်းကျော် လာရောက်ခဲ့သည်ဟု ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

နေရောင်ခြည်ကောင်းကောင်းရသည့် ထိုင်းတောင်ပိုင်းမှ ဖူးခက်၊ ကော့စမွေ၊ ပတ္တရား စသည့် ကမ်းခြေမြို့များကို ရုရှားတို့ သဘောကျကြသည်။ စစ်လာရှောင်ကြသည့် ရုရှားကြေးရတတ်များက ဖူးခက်ကဲ့သို့သော ကမ်းခြေမြို့များတွင် ရင်းနှီးမြုပ်နှံခြင်း၊ အိမ်ခြံမြေဝယ်ယူခြင်းနှင့် ကာလရှည်ငှားရမ်းနေထိုင်ခြင်းတို့ကို အကြီးအကျယ်ပြုလုပ်နေသည်ဟု VOA သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

အထက်ပါ ကိုးထောင်ကျော်သော အရေအတွက်သည်ပင် အမှန်တကယ်ခရီးသွားဧည့်သည် ဟုတ်မဟုတ် မသိနိုင်ပေ။အကြောင်းမူ အာဏာသိမ်းပြီးနောက် နေပြည်တော်သို့ ရုရှားမှ စစ်ဘက်နှင့် စီးပွားရေးဆိုင်ရာ ပုဂ္ဂိုလ်များ ချောင်းပေါက်မတတ် လာရောက်နေသောကြောင့် ထိုသူများကို စစ်ကောင်စီက စာရင်းသွင်းနိုင်သည်။

စစ်ကောင်စီက ၎င်းတို့လက်ထက်တွင် နိုင်ငံခြားခရီးသွားဝင်ရောက်မှု တိုးလာသည်ဟု ဆိုသည်။ ပြီးခဲ့သည့်နှစ်တွင် သုည ဒသမ ၂၃၃ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၁ နှင့် နှိုင်းယှဉ်ပါက ၇၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟုလည်း ဆိုသည်။

အဆိုပါအချက်က စစ်ကောင်စီလက်အောက်တွင် ကမ္ဘာလှည့်ခရီးသွားများလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးနေဟန် ကိန်းဂဏန်းများကို ရောထွေးဖော်ပြကာ လှည့်စားထားခြင်းဖြစ်သည်။

၂၀၂၂ တွင် နိုင်ငံခြားသား နှစ်သိန်းသုံးသောင်းကျော် လာရောက်သည်မှာ မှန်ကန်သော်လည်း အများစုမှာ စီးပွားရေးဗီဇာဖြင့် လာရောက်ခြင်းဖြစ်ပြီး ၅ ရာခိုင်နှုန်းခန့်၊ တစ်သောင်းဝန်းကျင်သည်သာ ခရီးသွားဗီဇာဖြင့် လာရောက်ခြင်းဖြစ်သည်ဟု Global News Light of Myanmar က ရေးသားသည်။

စစ်ကောင်စီ အစီအစဉ်ဖြင့် ၂၀၂၃ သင်္ကြန်တွင် မြန်မာနိုင်ငံသို့ ရောက်လာသည့် ရုရှားဘလော့ဂါများနှင့် စစ်ကောင်စီဝါဒဖြန့်ချိရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို တွေ့ရစဉ်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သူ ရှိသော်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရခေတ်က ပမာဏသာဖြစ်သည်ဟု ဧည့်လမ်းညွှန်ဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။

“အသစ်ဝင်လာတဲ့သူတွေ ရှိတယ်။ ဟိုတယ်မှာ သုံးလေးယောက် အမြဲရှိနေတယ်။ ဝင်တယ်။ အများကြီးတော့ မဟုတ်ဘူး။​ မဆလခေတ်က ဝင်သလောက်ပဲ ဝင်တာပေါ့ဗျာ။ ရုရှားခရီးသွား ၈၀၀၀ လောက်နဲ့ ဘာမှလုပ်မရဘူး”

နိုင်ငံတကာအသိုင်းအဝိုင်းက လက်ကမ်းကြိုဆိုခဲ့သည့် နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ ဒီမိုကရေစီလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းချိန် ၂၀၁၂ မှစ၍ ကိုဗစ်နိုင်တင်းကပ်ရောဂါ မဖြစ်ပွားမီအထိ မြန်မာ့ခရီးသွားလုပ်ငန်းမှာ ရွှေခေတ်ဟုပင် တင်စားနိုင်သည်။

အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် သုံးသန်းခွဲကျော်၊ ၂၀၁၉ ခုနှစ်တွင် လေးသန်းခွဲနီးပါး လာရောက်ခဲ့သည်။

သက်တမ်းနုနယ်သော်လည်း အလားအလာကောင်းသည့် ခရီးသွားလုပ်ငန်းမှာ ကိုဗစ်ကပ်ရောဂါနှင့် စစ်တပ်၏ တစ်ကျော့ပြန်အာဏာသိမ်းပွဲနောက် သွေးထွက်သံယိုမှုများကြောင့် ပျက်စီးသွားခဲ့ရသည်။

ငွေသုံးနိုင်သော ဥရောပနှင့် အနောက်နိုင်ငံများမှ ခရီးသွားစျေးကွက် ပျက်သွားချိန်တွင် စစ်ကောင်စီက ရုရှားစျေးကွက်ကို မျက်စိကျလာသည်။ စစ်ကောင်စီ၏ အိပ်မက်က ပင်လယ်ကမ်းခြေတွင် အပန်းဖြေရသည်ကို ခုံမင်သည့် ရုရှားခရီးသွားများကို မြန်မာနိုင်ငံရှိ ကမ်းခြေများဆီ အလည်အပတ် ခေါ်ဆောင်ရေး အကြီးအကျယ်စိတ်ကူးယဉ်ခဲ့ခြင်းပင်။

အပန်းဖြေကမ်းခြေများကို အခြေပြုကာ ရုရှားတို့ထံမှ ဝင်ငွေအမြောက်အမြားရနေသည့် ထိုင်း၊ အင်ဒိုနီးရှားနှင့် မော်ဒိုက် စသည့် နိုင်ငံများကို စစ်ကောင်စီက အားကျပုံရသည်။ ရုရှားခရီးသွားလုပ်ငန်းရှင်များ၊ အစိုးရပိုင်းများနှင့် ခရီးသွားလုပ်ငန်းများအကြောင်း ဆွေးနွေးတိုင်း မြန်မာပြည်ကမ်းခြေများသို့ ရုရှားခရီးသွားများ ခေါ်ဆောင်ရေးကို အဓိကထားဆွေးနွေးသည်ကို တွေ့ရသည်။

သို့သော် စစ်ကောင်စီက မြန်မာကမ်းခြေများအကြောင်း ရုရှားခရီးသွားများကို မိတ်ဆက်ချိန်တွင် တနင်္သာရီဘက်က ကမ်းခြေများအကြောင်းကို ချန်ထားလေ့ရှိသည်။ လှပသော ကမ်းမြောင်ဒေသတစ်လျှောက် ဆင်နွှဲနေသည့် ၎င်းတို့၏ ရက်စက်သော စစ်ဆင်ရေးများကို မြင်စေချင်ပုံမရပေ။

မြန်မာနိုင်ငံတောင်ပိုင်းဒေသတွင် လှပသောကမ်းခြေများရှိသလို စစ်ကောင်စီ၏ ရက်စက်သော စစ်ဆင်ရေးများလည်း ရှိသည်။

စစ်ကောင်စီဘက်က လတ်တလောတွင် အရောင်းမြှင့်တင်ရေးလုပ်နိုင်သည်က ၎င်းတို့ထိန်းချုပ်ထားနိုင်သည့် ငပလီကမ်းခြေ တစ်ခုသာ ရှိနေသည်။ မြန်မာနိုင်ငံ၏ အလှပဆုံးကမ်းခြေရှိ ဒေသခံများ၏ မြေယာများကို စစ်ဗိုလ်ချုပ်များနှင့် ခရိုနီများက သိမ်းယူပြီး ဇိမ်ခံဟိုတယ်အများအပြား ဆောက်လုပ်ထားကြခြင်းဖြစ်သည်။

ငပလီကမ်းခြေ၏ သန့်ရှင်းလှပသော ပင်လယ်ရေနှင့် ဖြူဖွေးလှပသော သဲသောင်ပြင်ကို ရုရှားခရီးသွား အေဂျင်စီများ သဘောကျကြသည်ဟု စစ်ကောင်စီ၏ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

သို့သော် စစ်ကောင်စီလက်အောက် အစိုးမရသော လျှပ်စစ်မီး၊ ထိုင်းနှင့် နှိုင်းယှဉ်ပါက ဟိုတယ်ခ စျေးကြီးလွန်းခြင်းနှင့် နိုင်ငံတကာတွင် အကျုံးဝင်သော ခရီးသွားအာမခံဝယ်ထားသော်လည်း မြန်မာနိုင်ငံ ရောက်လာပါက နောက်တစ်ကြိမ် အာမခံထပ်ဝယ်ရခြင်းကဲ့သို့သော ပြဿနာများက ရုရှားတို့ကို စိတ်ပျက်စေသည်။

အမည်မဖော်လိုသည့် ပုဂံမှ ခရီးသွားလမ်းညွှန်တစ်ဦးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရုရှားမျှော်စီမံကိန်းက ၁၉၉၆ တွင် သူ၏ဆရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလုပ်ခဲ့သည့် Visit Myanmar Year 1996 (၁၉၉၆- မြန်မာ့ခရီးသွားနှစ်) စီမံကိန်းနှင့် အလားသဏ္ဍာန်တူသည်ဟု မှတ်ချက်ပေးသည်။

၁၉၉၆ တွင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကမ္ဘာလှည့်ခရီးသည်များ မြန်မာနိုင်ငံကို မလာဘဲ သပိတ်မှောက်ကြသလို စစ်ကောင်စီကြောင့် စစ်မီးတောက်နေသည့် ယခုအချိန်တွင် ရုရှားအပါအဝင် ဥရောပနှင့် အနောက်အရပ်မှ ခရီးသွားများ အများစုလာရောက်ရေး မဖြစ်နိုင်ဟုလည်း ၎င်းက ဆိုသည်။

လွန်ခဲ့သည့် ၂၇ နှစ်က Visit Myanmar Year 1996 မအောင်မမြင်ရဖြစ်ရခြင်းမှာ နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဖြစ်သည်ဟု စစ်တပ်ထုတ် မြဝတီသတင်းစာက ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့တွင် တိုက်ခိုက်ရေးသားထားသည်။

ရုရှားခရီးသွားများ ပိုမိုလာရောက်ရေးအတွက် ရုရှား-မြန်မာ တိုက်ရိုက်လေယာဉ် ပျံသန်းရန် စစ်ကောင်စီက သူ၏ စီးပွားဖက် MAI လေကြောင်းလိုင်းကို တာဝန်ပေးသည်။

ရုရှားတို့ လာခဲ့လျှင်ပင် ၎င်းတို့အတွက် ခရီးသွားလမ်းညွှန်က မရှိ။ ပြီးခဲ့သည့်နှစ်အထိ ရုရှားစကားပြောနိုင်သည့် မြန်မာဧည့်လမ်းညွှန်ကလည်း တစ်နိုင်ငံလုံးပေါင်းမှ ၈၇ ယောက်သာ ရှိသည်။ ထိုပြဿနာကို ဖြေရှင်းရန် စစ်ကောင်စီက ရုရှားမှ စစ်ပညာသင်ပြီး ပြန်လာသည့် စစ်ဗိုလ်များကို ထုတ်သုံးနေသည်။

မြန်မာစစ်တပ်၏ ရုရှားအစိုးရနှင့် စစ်ရေး၊ သံတမန်ရေးတို့က ကာလရှည် အောင်ပွဲခံခဲ့သော်လည်း သာမာန်ပြည်သူများနှင့် တိုက်ရိုက်ပတ်သက်သည့် ခရီးသွားလုပ်ငန်းက ပထမစမ်းသပ်ကာလ ၁ နှစ်တွင် အောင်မှတ်မရခဲ့ကြောင်း မြန်မာသို့ လာရောက်သည့် ရုရှားခရီးသွားအရေအတွက်က သက်သေပြနေသည်။

Visit Myanmar Year 1996 မအောင်မြင်ရခြင်းက ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဟု စစ်တပ်ပိုင်သတင်းစာက အပြစ်ဖို့သည့်နည်းတူ စစ်ကောင်စီမျှော်လင့်သလို ရုရှားတို့ ရောက်မလာပါကလည်း ၎င်းတို့၏ ညံ့ဖျင်းမှုကို ဝန်မခံဘဲ အပြစ်ဖို့ရန် နောက်ထပ်အကြောင်းတရားတစ်ခုကို စစ်ကောင်စီက ရှာဖွေဦးမည်ဖြစ်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button