သတင်း

အပယ်ခံစစ်ကောင်စီနှင့် ရုရှား ဆုအပြန်အလှန်ပေး

မိတ်ဆွေ ရှားပါးနေသော စစ်ကောင်စီနှင့် ပူတင်က ဂုဏ်ထူးဆောင်ဆုကြီးများ အပြန်အလှန် ပေးအပ်နေချိန်တွင် စစ်သားအများအပြားက ၎င်းတို့အတွက် အသက်ပေးနေကြသည်။

ယူကရိန်းကို ကျူးကျော်စစ်ဆင်နေသော ရုရှားနှင့် မြန်မာပြည်သူများကို စစ်ဆင်နေသော စစ်ကောင်စီတို့က ဂုဏ်ပြုဆုများ အပြန်အလှန် ပေးအပ်နေကြသည်ကို ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာများတွင် ဖော်ပြထားသည်။

အာဏာရှင်နိုင်ငံများနှင့် ရုရှားဩဇာခံနိုင်ငံများကို ပေးလေ့ရှိသည့် Order of Alexander Nevsky ဆုကို ရုရှားသမ္မတပူတင်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပေးအပ်လိုက်သည်။

ထိုဆုသည် ဘီလာရုဇ်၊ ဆားဗီးယား၊ ဥဇဘက်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတများကို ပေးခဲ့ဖူးသည့်ဆုဖြစ်သည်။ ထိုနိုင်ငံများအားလုံးသည် ရုရှားဩဇာခံနိုင်ငံများ၊ အာဏာရှင်နိုင်ငံများလည်း ဖြစ်ကြသည်။

ရုရှားနိုင်ငံနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ၊ တန်ဖိုးကြီးမားသော ကြိုးပမ်းမှုများ ဆောင်ရွက်ပေးခဲ့ခြင်းတို့အတွက် ပူတင်က ဆုချီးမြှင့်ခြင်းဖြစ်သည်ဟု စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဒီဇင်ဘာ ၆ ရက်နေ့ထုတ် သတင်းစာများက ချီးမွမ်းခန်းဖွင့်ရေးသည်။

စစ်ခေါင်းဆောင်ကလည်း ရုရှားနိုင်ငံလုံခြုံရေးကောင်စီ အတွင်းရေးမှူး Mr. Nikolai PATRUSHEV ကို သရေစည်သူဘွဲ့ ပြန်လည်ပေးအပ်လိုက်သည်။ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပိုမိုနီးကပ်အောင် စွမ်းစွမ်းတမံ တည်ဆောက်နိုင်ခဲ့သောကြောင့် ထိုဘွဲ့ ချီးမြှင့်သည်ဟု ဆိုသည်။

သရေစည်သူဘွဲ့ ရလိုက်သူက နိုင်ငံတကာစာမျက်နှာတွင် ရုရှားသည် မြန်မာဘက်မှ ရပ်တည်မည်ဟု ဆိုသည်၊ အာဏာသိမ်းခေါင်းဆောင်ကလည်း ရုရှားနိုင်ငံ၏ အချုပ်အခြာအာဏာတည်မြဲရေး ကြိုးပမ်းချက်အတွက် ဆက်လက်ရပ်တည်မည်ဟု ပြန်လည်ကတိပေးခဲ့သည်။

ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုလည်း ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက Order of Friendship ဘွဲ့တံဆိပ်ကို ပေးအပ်ခဲ့သည်။

စစ်ကောင်စီအတွက် စစ်မျက်နှာ ကျယ်ပြန့်လာပြီး စစ်သားအများအပြား သေဆုံးနေချိန်ဖြစ်ပြီး ရုရှားသည်လည်း ယူကရိန်းကျူးကျော်စစ်တွင် စစ်သား ၃၄,၀၀၀ နီးပါး သေဆုံးနေချိန်တွင် စစ်ခေါင်းဆောင်များက အပြန်အလှန် ဆုပေးနေကြခြင်း ဖြစ်သည်။

ဘီလာရုဇ်

ဘီလာရုဇ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုသည် ၁၉၉၄ ခုနှစ်မှစတင်ကာ နိုင်ငံကို နှစ် ၃၀ နီးပါး အာဏာရှင်စနစ်ဖြင့် တင်းတင်းကျပ်ကျပ် အုပ်ချုပ်နေသူဖြစ်သည်။ ဥရောသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန်တို့က သူ့ကို ရွေးကောက်ပွဲများတွင် အကြိမ်ကြိမ် မသမာမှုပြုလုပ် အနိုင်ယူမှုစွပ်စွဲချက်ဖြင့် သမ္မတအဖြစ် အသိအမှတ်မပြုခဲ့ကြပါ။

သို့သော် ရုရှားသမ္မတ ပူတင်က သူ့ကို အစဉ်တစိုက်ထောက်ခံခဲ့ကာ ၂၀၁၄ ခုနှစ်တွင် အထက်ပါ ဂုဏ်ပြုဆု ပေးအပ်ခဲ့သည်။

၂၀၂၂ ခုနှစ် ရုရှားက ယူကရိန်ကို ကျူးကျော်စစ် စတင်တိုက်ခိုက်သည့်အခါ ဘီလာရုဇ်နှင့် ယူကရိန်းနယ်စပ် ဘီလာရုဇ်နိုင်ငံအတွင်း ရုရှားတပ်များကို လူကာရှန်ကိုက အခြေချခွင့်ပြုခဲ့ပြီး ယူကရိန်းကို တိုက်ခိုက်ခွင့်ပြုခဲ့သည်။ ထိုအခြေအနေကြောင့် ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့က ဘီလာရုဇ်နိုင်ငံကို ရုရှားနည်းတူ ဒဏ်ခတ်အရေးယူခဲ့သည်။

အရှေ့ဥရောပ ကုန်းတွင်းပိတ်နိုင်ငံ ဘီလာရုဇ်သည် ရုရှား၊ ယူကရိန်းတို့နှင့်လည်း နယ်နိမိတ် ထိစပ်နေသည်။

ဘီလာရုစ်နိုင်ငံသည် ၁၉၉၁ ခုနှစ်အထိ ယခင် ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံ ဖြစ်ခဲ့သည်။

ဆားဗီးယား

ဆားဗီးယား သမ္မတ အလက်ဇန်းဒါး ဗူးချစ်ချလည်း ပူတင်ထံမှ Order of Alexander Nevsky ဆုကို ၂၀၁၉ ခုနှစ်တွင် ရရှိထားသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်သည့်အခါ ဥရောပနိုင်ငံအများအပြားက ရုရှားကို ပိတ်ဆို့ဒဏ်ခတ်ခဲ့သည်။

ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဆားဗီးယားနိုင်ငံသည် ရုရုားကို ပိတ်ဆို့မှုမလုပ်ဘဲ ပူတင်ကို ထောက်ခံကြောင်း ပြသသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

ရုရှားတပ်များ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ချိန်တွင် ထိုစစ်ပွဲကို ထောက်ခံကြောင်း ဆန္ဒပြပွဲများ ဆားဗီးယားနိုင်ငံအတွင်း ပေါ်ပေါက်ခဲ့သည်။

ရုရှားအလံများကိုင်ဆောင်ထားသည့် ဆန္ဒပြသူများသည် ရုရှားကျူးကျော်စစ်ကို ထောက်ခံကြောင်း ရုရှားသမ္မတပူတင်၏ ရုပ်ပုံများ ကိုင်ဆောင် ဆန္ဒပြကြသည်၊ ပူတင်သည် ယင်းတို့၏ သမ္မတဖြစ်ကြောင်း ကြွေးကြော်ခဲ့ကြသည်ဟု BBC သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဆားဗီးယားနိုင်ငံသည် စစ်ကောင်စီထံ လက်နက်ပို့သည့် နိုင်ငံလည်းဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း မြန်မာစစ်တပ်အတွက် ယူရိုငွေသန်းချီတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ တင်ပို့ခဲ့ကြောင်း ဆားဗီးယားအခြေစိုက် စုံစမ်းဖော်ထုတ်ရေးသားခြင်းဆိုင်ရာ သတင်းသမားများစင်တာ (CNIS) က ရေးသားသည်။

CNIS က အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ရရှိလာသည့် ဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများနှင့် စာရွက်စာတမ်းအထောက်အထားများကို အခြေခံကာ ရေးသားခြင်းဖြစ်သည်။​

ဆားဗီးယားကုန်သွယ်ရေးဝန်ကြီးဌာန၏ စာရွက်စာတမ်းများအရ ၈၀ မီလီမီတာအရွယ်အစား ဒုံးကျည် ၂၅၂၄ ခုကို မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း နှစ်ကြိမ်တိုင် ပေးပို့ခဲ့သည်။ ဇန်နဝါရီတွင် ဒုံးကျည် ၈၈၀ ခု၊ ဖေဖော်ဝါရီတွင် ၁,၆၄၄ ခု တင်ပို့ခဲ့သည်ဟု CNIS က ဆိုသည်။​

ဥဇဘက်ကစ္စတန်

ဥဇဘက်ကစ္စတန်နိုင်ငံကို အာဏာရှင်အဖြစ် ၂၇ နှစ်ကျော် အုပ်ချုပ်ခဲ့သည့် အာဏာရှင်ဟောင်း Islam Karimov ၏ အရိုက်အရာကို ဆက်ခံသည့် လက်ရှိသမ္မတ Shavkat Mirziyoyev ကိုလည်း ၂၀၂၂ ခုနှစ်အတွင်း ပူတင်က အဆိုပါဆု ပေးခဲ့သည်။

Shavkat Mirziyoyev သည် ဇူလိုင်လက မထင်မရှားအတိုက်အခံများ ပါဝင်သည့် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရထားသူ ဖြစ်သည်။ တတိယအကြိမ်မြောက် ရွေးကောက်ခံရပြီး ၂၀၃၀ အထိ အုပ်ချုပ်မည့်သူဖြစ်သည်။ ပြုပြင်ပြောင်းလဲမှု အနည်းငယ်လုပ်ပြပြီး အာဏာမြဲစေရန် စီစဉ်နိုင်သူဖြစ်သည်ဟု လေ့လာသူတို့က ဆိုကြသည်။

ပူတင်က သူ့ကို ဆုပေးခြင်းမှာ ယူကရိန်ကျူးကျော်စစ်ကြောင့် ဖယ်ကြဉ်ခံထားရချိန်တွင် မျက်နှာချိုသွေးခြင်းသာ ဖြစ်သည်ဟု လေ့လာသူတချို့က ဆိုသည်။

တာ့ခ်မင်နစ္စတန်နိုင်ငံ

တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတဟောင်း Gurbanguly Berdimuhamedow ကိုလည်း ၂၀၂၂ ခုနှစ်အတွင်း အထက်ပါ ဆုတံဆိပ်ကို ရုရှားသမ္မတက ပေးခဲ့သည်။

သူ၏ပုံများကို ပြည်သူတချို့က အိမ်သာသုံးစက္ကူအဖြစ် အသုံးပြုခဲ့သည်ဟု ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

သမ္မတပုံရိုက်နှိပ်ထားသည့် အိမ်သာသုံးစက္ကူအဖြစ် အသုံးပြုထားသည့် သတင်းစာအပိုင်းအစများကို မြေကျင်းကြီးတစ်ခုအတွင်းတွင် တွေ့ရာမှ အထူးမိလ္လာအရာရှိများထားပြီး စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ရုရှားနှင့် တာ့ခ်မင်နစ္စတန် ဆက်ဆံရေးတွင် ထူးခြားသည့်အချက်အဖြစ် ယူကရိန်း− ရုရှားစစ်ပွဲ စဖြစ်သည့်အချိန်ကတည်းက နိုင်ငံတကာခရီးစဉ်များ မသွားတော့သည့် ရုရုားသမ္မတ ပူတင်သည် ၂၀၂၂ ခုနှစ်အတွင်း တာ့ခ်မင်နစ္စတန်နိုင်ငံသို့ သွားရောက်ပြီး ယင်းတို့၏ နီးကပ်သည့် ဆက်ဆံရေးကို ပြသခဲ့သည်။

တာ့ခ်မင်နစ္စတန်နိုင်ငံသည် ၁၉၉၁ ခုနှစ်အထိ ဆိုဗီယက်ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ခဲ့သည်။

ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူးကို သရေစည်သူဘွဲ့ပေးနေသည့် စစ်ခေါင်းဆောင် (ဓာတ်ပုံ − MOI)

Show More

Related Articles

Back to top button