သတင်း

စစ်ခေါင်းဆောင်သည် ကစထမှူးဘဝကတည်းက ရွာမီးရှို့ဖျက်ဆီးခိုင်းသူဖြစ်

နိုင်ငံအနှံ့ မီးရှို့ဖျက်ဆီးမှုများအတွက် တာဝန်အရှိဆုံးဖြစ်သူ အာဏာသိမ်းခေါင်းဆောင်သည် တပ်ချုပ်ရာထူး မရမီက ရှမ်းပြည်နယ်အတွင်း ရွာ ၂ ရွာကို မီးရှို့ရန် အမိန့်ပေးခဲ့သူဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်ချုပ်ရာထူးမရမီ ကစထမှူး (စစ်ဆင်ရေးအထူးအဖွဲ့မှူး) ဖြစ်ချိန်ကတည်းက စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရာ၌ ရွာမီးရှို့ခိုင်းခဲ့သူ ဖြစ်ကြောင်း စစ်တပ်အရာရှိဟောင်းတစ်ဦးက ဖွင့်ချလိုက်သည်။

အာဏာသိမ်းပြီး သုံးနှစ်တာအတွင်း စစ်ခေါင်းဆောင်က နေပြည်တော်၌ စံအိမ်သစ်ကြီးတစ်လုံး တိတ်တဆိတ်ဆောက်လုပ်နေသည့်အကြောင်း ဆက်သွယ်မေးမြန်းရာတွင် အထက်ပါအရာရှိက မြို့ရွာများကို မီးရှို့ဖျက်ဆီးခိုင်းလေ့ရှိသည့် မင်းအောင်လှိုင်၏အကျင့်ကို ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

၂၀၀၈ ဇူလိုင်မှ ၂၀၁၀ အထိ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၂) တာဝန်ယူထားစဉ် ရှမ်းပြည်နယ်အတွင်း ရွာနှစ်ရွာကို ထိုသို့ မီးရှို့ခိုင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ကစထ-၂ မှာ ရှမ်းနှင့် ကယားရှိ စစ်တိုင်းမှူးများကို တစ်ဆင့်ကြီးကြပ်ကွပ်ကဲရသူဖြစ်သည်။

ရှမ်းပြည်နယ်အလယ်ပိုင်း လဲချားမြို့နယ်အတွင်းရှိ ရွာနှစ်ရွာသည် ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခု၏ အမာခံရွာဟုဆိုကာ မီးရှို့ဖျက်ဆီးရန် ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က မိုင်းနောင်မြို့အခြေစိုက် အမှတ် (၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ တပ်မမှူးဖြစ်သူ (စကခမှူး) ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကို အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ်ကျော်ဇံမြင့်မှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးဖြစ်လာပြီး လွှတ်တော်ဆွေးနွေးပွဲများ၌ ဝန်ကြီးဌာနကိုယ်စား မကြာခဏ လာရောက်ဖြေဆိုခဲ့သူဖြစ်သည်။

မင်းအောင်လှိုင်အမိန့်ဖြင့် လဲချားမြို့နယ်မှ ရှမ်းရွာနှစ်ရွာ မီးလောင်ပြာကျသည့်အကြောင်း ပြည်ပသတင်းမီဒီယာများက ရေးသားဖော်ပြလာချိန်တွင် ထိုစဉ်က တပ်ချုပ်များဖြစ်သော ဦးသန်းရွှေနှင့် ဦးမောင်အေးက ခုံရုံးဖွဲ့ စုံစမ်းစေခဲ့သည်ဟု အထက်ပါ တပ်အရာရှိဟောင်းက နောက်ကြောင်း ပြန်ပြောသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့ အပျက်အစီးများကို ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ – Tial Hram Ling

ထိုစဉ်က စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီးကို ဥက္ကဋ္ဌခန့်ကာ ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးခဲ့သော်လည်း သက်ဆိုင်ရာတိုင်းမှူးနှင့် စကခမှူးတို့က ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ခိုင်းသည်ကို သိသော်လည်း ကြောက်သဖြင့် မိမိအစီအစဉ်ဖြင့် ပြုလုပ်ကြောင်း ထွက်ဆိုခဲ့ရာ သတိပေးဆုံးမခြင်းဖြင့် ပြီးဆုံးသွားခဲ့သော်လည်း ဗိုလ်မှူးချုပ်ကျော်ဇံမြင့်မှာ တိုင်းမှူးအဆင့် တိုးပေးခြင်း မခံခဲ့ရဟု ဆိုသည်။

ထိုစဉ်က တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးမှာ ဗိုလ်ချုပ်ရာပြည့် (လက်ရှိ ပြည်ထဲရေးဝန်ကြီး) ဖြစ်သည်။

လဲချားမြို့နယ်မှ ရှမ်းရွာနှစ်ရွာကို မီးရှို့ခိုင်းသည့်ဖြစ်စဉ် စုံစမ်းစစ်ဆေးခံရချိန်က သူ့အပေါ် သစ္စာရှိသည်ဆိုကာ တပ်ချုပ်ဖြစ်လာချိန်တွင် ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကို ပြည်ထဲရေးဒုဝန်ကြီးရာထူးပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်ရာပြည့်ကိုလည်း အဆင့်ဆင့်ရာထူးတိုးပေးကာ အာဏာသိမ်းပြီးနောက်တွင် အရေးပါသောနေရာများ၌ တာဝန်ပေးထားခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်အကြောင်းဖွင့်ချသည့် နေပြည်တော်မှ စစ်တပ်အရာရှိဟောင်းက ဆိုသည်။

အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံတော်လှန်မှု ပြင်းထန်ရာဒေသများ၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ၏စစ်တပ်ကို မီးရှို့စစ်ဆင်ရေးများ အကြီးအကျယ်ဆင်နွှဲစေခဲ့သည်။ အများဆုံး မီးရှို့ဖျက်ဆီးခံရသည်မှာ စစ်ကိုင်းတိုင်းဖြစ်ပြီး ကရင်နှင့် ကရင်နီအပါအဝင် အခြားဒေသများတွင်လည်း အလားတူလုပ်ရပ်များရှိသည်။ စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်စဉ် မြို့လုံးကျွတ် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရသည့် ဖြစ်စဉ်များရှိသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအကုန်အထိ နှစ်နှစ်ကျော်ကာလအတွင်း အရပ်သားများ၏ နေအိမ် ရှစ်သောင်းနီးပါး မီးရှို့ဖျက်ဆီးခံရသည်ဟု စစ်ကောင်စီ၏ လုပ်ရပ်များကို စောင့်ကြည့်ကာ မှတ်တမ်းပြုစုနေသည့် Data for Myanmar အဖွဲ့၏ ယခုလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်၌ တွေ့ရသည်။

စစ်ကောင်စီက တစ်ရက်လျှင် လူနေအိမ် ၇၄ လုံးနှုန်း မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။

နိုင်ငံအနှံ့ မီးရှို့ဖျက်ဆီးနေသူ စစ်ကောင်စီတပ်တွင် စစ်ဆင်ရေးအားလုံးအတွက် တာဝန်အရှိဆုံးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်သည်။

မီးရှို့၊ အကြမ်းဖက်မှုများ ရပ်တန့်ရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက တောင်းဆိုထားသည်။ နိုင်ငံတကာဖိအားကို စစ်ကောင်စီက အကြီးအကျယ် ငြင်းဆိုပယ်ချလေ့မရှိပေ။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

ဤအတောအတွင်း စစ်ကောင်စီက နိုင်ငံအနှံ့ မြို့ရွာတချို့တွင် ဖြစ်ပေါ်နေသော မီးရှို့မှု၊ အရပ်သားများ သေကျေမှုများမှာ တော်လှန်ရေးအဖွဲ့များ၏ လက်ချက်ဖြစ်သည်ဟု နေ့စဉ် သတင်းထုတ်ပြန်လျက်ရှိသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းရှိ သာစည်ရွာ မီးလောင်နေသည်ကို ၂၀၂၃ ဩဂုတ် ၂၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်မှာ အာဏာမသိမ်းမီကတည်းကပင် ဒေသခံရွာများကို မီးရှို့ ဖျက်ဆီးသည့် စစ်ဆင်ရေးများနှင့် ယဉ်ပါးနေပြီးဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ရိုဟင်ဂျာရွာပေါင်းများစွာကို စစ်တပ်က နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် ရွာလုံးကျွတ် မီးလောင်တိုက်သွင်းခဲ့သည်။

ရွာများကို မီးရှို့ဖျက်ဆီးကာ အစဖျောက်ပစ်ခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသော စစ်တပ်၏ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICJ) ၌ လက်ရှိအချိန်ထိ တရားရင်ဆိုင်နေရသည်။

အာဏာသိမ်းပြီးနောက် ပြင်းထန်သော ခုခံတော်လှန်မှုများကို ဆက်တိုက်ရင်ဆိုင်လာရချိန် “ကြွက်မနိုင် ကျီမီးနှင့်ရှို့” ဆိုသည့်အတိုင်း မြို့ရွာများကို စစ်ခေါင်းဆောင်က အလွယ်တကူ မီးရှို့ဖျက်ဆီးခိုင်းခြင်းဖြစ်သည်ဟု နေပြည်တော်မှ စစ်တပ်အရာရှိဟောင်းက မှတ်ချက်ပြုသည်။

အိမ်တစ်လုံးဖြစ်မြောက်ရန် နှစ်ကာလများစွာ ရှာဖွေစုဆောင်းရသည်ကို စာနာမှုမရှိဘဲ အလွယ်တကူ မီးရှို့ ဖျက်ဆီးခိုင်းလေ့ရှိသည့် မင်းအောင်လှိုင်သည် သူ့အတွက်မူ ကောင်းပေ့ဆိုသော နိုင်ငံပိုင်မြေ၊ တပ်ပိုင်မြေများကို အရယူကာ နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးများကို ပြည်သူ့ဘဏ္ဍာငွေဖြင့် ဆောက်လုပ်စေသည်ဟုလည်း ၎င်းက ဖွင့်ဟသည်။

Show More

Related Articles

Back to top button