သတင်း

စစ်ကောင်စီက ဝါရင့်မိုးကျရွှေကိုယ်သံအမတ်တစ်ဦးကို ရုရှားပို့

ကမ္ဘောဒီးယားမတိုင်မီက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဖြစ်ခဲ့သူ ဦးသစ်လင်းအုန်းမှာ ဗိုလ်မှူးချုပ်အဆင့်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနရောက်လာသူ မိုးကျရွှေကိုယ်တစ်ဦးဖြစ်သည်။

တရုတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်ဖူးသည့် ဝါရင့် မိုးကျရွှေကိုယ်သံအမတ်တစ်ဦးကို စစ်ကောင်စီက ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်သစ်အဖြစ် ပြောင်းရွှေ့ခန့်ထားလိုက်သည်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးသစ်လင်းအုန်းကို ရုရှားနိုင်ငံသို့ ပြောင်းရွှေ့ခန့်အပ်သည့်အကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။ ကမ္ဘောဒီးယားမတိုင်မီက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဖြစ်ခဲ့သူ ဦးသစ်လင်းအုန်းမှာ စစ်တပ်တွင် ဗိုလ်မှူးချုပ်အဆင့်မှ နိုင်ငံခြားရေးဝန်ကြီးဌာနရောက်လာသူ မိုးကျရွှေကိုယ်တစ်ဦးဖြစ်သည်။

အာဏာသိမ်းပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရသည့် စစ်ကောင်စီက ၎င်းတို့နှင့် ဖက်လဲတကင်းဆက်ဆံရေးရှိသော ရုရုားနိုင်ငံ မြန်မာသံရုံးတွင် လအတန်ကြာ လစ်လပ်နေသည့် သံအမတ်ကြီးနေရာအတွက် စစ်တပ်အရာရှိဟောင်း ဦးသစ်လင်းအုန်းကို ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

ရုရှားနိုင်ငံဆိုင်ရာမြန်မာသံအမတ် ဦးလွင်ဦးကို လွန်ခဲ့သည့် စက်တင်ဘာလအတွင်း စစ်ကောင်စီက နေပြည်တော်သို့ ပြန်လည်ခေါ်ယူကာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

ရုရှားမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဗီတိုအာဏာသုံးခွင့်ရ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံတွင် ပါဝင်ပြီး အရေးကြီးသဖြင့် ယုံကြည်စိတ်ချရသူကို ပြောင်းရွှေ့ခန့်ထားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ သံအမတ်ကြီးဟောင်းတစ်ဦးက ပြောသည်။

“အတွေ့အကြုံနဲ့ စိတ်ချရလို့ပေါ့။ အရေးကြီးတဲ့နေရာတွေမှာ အရပ်သားသံအမတ်တွေထားလေ့ မရှိဘူး။ ခြွင်းချက်ကတော့ အနောက်နိုင်ငံတွေမှာ သံအမတ်ကြီးလဲရတာ ခက်တော့ ဆက်ထားနေကြရတာ။ မြန်မာမှာလည်း အနောက်က သံရုံးယာယီတာဝန်ခံတွေပဲ ထားတာများတယ်” ဟု ၎င်းက ဆိုသည်။

ပုံစာ – ဗိုလ်မှူးချုပ်လင်းသစ်အုန်းနှင့် ဇနီး ဒေါ်မေစန်းသိန်း။ (ဓာတ်ပုံ – ဦးသစ်လင်းအုန်း Facebook)

ဦးသစ်လင်းအုန်းမှာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားသို့ ပြောင်းရွှေ့ခံရသည်။ ဦးသစ်လင်းအုန်းမှာ ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တရုတ်တွင် ၂၀၁၈ မှ ၂၀၁၉ နှစ်လယ်ပိုင်းအထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ရုရှားနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ပြောင်းရွှေ့ခန့်ထားခံရသူ ဦးသစ်လင်းအုန်းမှာ လက်ရှိ အာဏာသိမ်းစစ်တပ်မှ ထိပ်တန်းဗိုလ်ချုပ်ကြီးအချို့နှင့်အတူ စစ်တက္ကသိုလ်အပတ်စဉ် (၂၅) တက်ရောက်ခဲ့သူဖြစ်သည်။

စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ စစ်ကောင်စီအဖွဲ့ဝင်နှင့် ပို့ဆက်ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့မှာ စစ်တက္ကသိုလ်အပတ်စဉ် (၂၅) တက်ရောက်ခဲ့သူများဖြစ်သည်။

စစ်တပ်တွင် ရှိနေစဉ် ဦးသစ်လင်းအုန်းမှာ ရန်ကုန်၊ မင်္ဂလာဒုံမြို့ နယ်ရှိ စစ်ဆေးတက္ကသိုလ်၌ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည်။

စစ်ကောင်စီနည်းတူ ရုရှားနိုင်ငံကလည်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်သစ် ခန့်အပ်ထားသည်။ ရန်ကုန်ရှိ ရုရှားသံရုံးတွင် သံအမတ်သစ်ဖြစ်လာသူ Iskander Azizov သည် အောက်တိုဘာ ၂၅ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်ကာ စစ်ခေါင်းဆောင်ထံ သံအမတ်ခန့်အပ်လွှာပေးအပ်ခဲ့သည်။

ယင်းမတိုင်မီက မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ဖြစ်ခဲ့သူ Nikolay Listopadov ကို စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်ခဲ့သည်။ ရုရှားသံအမတ်ဟောင်းမှာ ရန်ကုန်ရှိသံရုံးတွင် ၁၉၈၃ ခုနှစ်မှစ၍ နှစ်ပေါင်းများစွာ တာဝန်ကျခဲ့သူဖြစ်ကာ ၂၀၁၆ တွင် သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသည်။

ဦးသစ်လင်းအုန်း (အင်္ကျီအနက်ရောင်ဝတ်ဆင်ထားသူ)၊​ စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေး (အင်္ကျီပန်းရောင်ဖြင့် ထိုင်နေသူ) တို့ကို စစ်တက္ကသိုလ်အတူတက်ရောက်ခဲ့သူ တပ်အရာရှိဟောင်းများနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ – ဦးသစ်လင်းအုန်း Facebook)

Show More

Related Articles

Back to top button