သတင်း

ဝန်ထမ်းများ စစ်ပညာအပြင် ရုရှားသာသာစကားပါသင်ယူရမည်  

အာဏာသိမ်းပြီးနောက် စစ်ပညာသင်ကြားမှုများ ပြန်လည်သွတ်သွင်းလိုက်သည့် ဗဟိုဝန်ထမ်း တက္ကသိုလ်နှစ်ခုတွင် စစ်လက်နက်ဖောက်သည် ရုရှားနိုင်ငံ၏ ဘာသာစကားပါသင်ပေးရန် ဗိုလ်ချုပ် ကြီးများက ပြင်ဆင်နေသည်။

၂၀၂၁ တကျော့ပြန် အာဏာသိမ်းပြီးနောက် စစ်ပညာသင်ကြားမှုများ ပြန်လည်သွတ်သွင်းနေသည့် ဗဟိုဝန်ထမ်းတက္ကသိုလ်နှစ်ခုတွင် ရုရှာဘာသာစကားကိုပါ ထည့်သွင်းသင်ကြားရန် စစ်ကောင်စီက စီစဉ်နေသည်။ 

နိုင်ငံတဝှမ်း စစ်မျက်နှာဖွင့်ထားရပြီး စစ်တပ်အင်အားပြုန်းတီးမှုများနှင့် ရင်ဆိုင်နေရသည့် ဗိုလ်ချုပ်ကြီးများက လွန်ခဲ့သော သုံးနှစ်ဝန်းကျင် အာဏာသိမ်းပြီးနောက်တွင် အရပ်ဘက် ဝန်ထမ်းများကို စစ်ပညာ ပြန်လည်သင်ကြားနေသည်ကို Myanmar Nowက ရုပ်သံ သတင်းဖော်ပြပြီး ဖြစ်သည်။ 

ယခုအခါတွင် အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများက စစ်လက်နက်ဖောက်သည်ကြီး ရုရှားနိုင်ငံ၏ ဘာသာစကားကိုပါ ဝန်ထမ်းများကို သင်ကြားပို့ချရန် ထပ်မံစီစဉ်လာခြင်းပင် ဖြစ်သည်။ နိုင်ငံအနှံ့ ပြည်သူများကို လေကြောင်းပါသုံး၍ ပစ်ခတ်တိုက်ခိုက်နေသည့် စစ်ကောင်စီကို ကမ္ဘာ့နိုင်ငံအသီးသီးက အရေးယူ ပိတ်ဆို့ထားချိန်တွင် ဗိုလ်ချုပ်ကြီးများက ရုရှားနိုင်ငံတစ်ခုတည်းနှင့်သာ အထူးကောင်းမွန်သည့် ဆက်ဆံရေး ထူထောင်ထားနိုင်သည်။ 

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ရှိ သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေး၊ သင်ကြားရေးနှင့် နည်းပညာပိုင်းဆိုင်ရာများကို ရုရှားဘက်က ကူညီပေးရန် စီစဉ်နေပြီး ထိုအထဲတွင် ရုရှားဘာသာစကား သင်ကြားရေးလည်း ပါဝင်သည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်ဆွေကလည်း ယခုနှစ် ဩဂုတ်လအတွင်း Myanmar Now ကို အတည်ပြုထားသည်။

“ဒီနှစ်ထဲတော့ ကျွန်တော်တို့ ဆောင်ရွက်ပါမယ်ခင်ဗျ။ အပြန်အလှန် ဘယ်လိုပူးပေါင်းဆောင်ရွက်လို့ ရမလဲ ဆိုတဲ့ဟာမျိုးပေါ့” ဟု ဗိုလ်ကြီးဟောင်းဖြစ်သူ ဦးမြင့်ဆွေက ပြောသည်။

အောက်တိုဘာ ၁၉ရက်ထုတ် စစ်ကောင်စီသတင်းစာဖြတ်ပိုင်း

ထို့အတူ ‘ဇီးပင်ကြီး’ ဟု လူသိများသော မန္တလေးတိုင်း၊ ပြင်ဦးလွင်(မေမြို့)အနီးရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သို့ ယမန်နေ့(အောက်တိုဘာ ၁၈) က ရုရှားနိုင်ငံကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာပြီး ဝန်ထမ်းများကို စွမ်းရည်မြှင့်သင်တန်းများ ပို့ချရန်နှင့် ရုရှားဘာသာစကား သင်ကြားရန် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် သတင်းစာတွင် ယနေ့ ဖော်ပြသည်။ 

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘက်အစိုးရအဖွဲ့ဝင်လည်းဖြစ်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌလည်း ဖြစ်သူ Mr.Grigoriev Evgeny Dmitrievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇီးပင်ကြီးရှိ ဝန်ထမ်းများ၏ စစ်ပညာသင်ကြားမှု၊ သေနတ်လက်တွေ့ပစ်ခတ်လေ့ကျင့်မှုများကိုပါ ကြည့်ရှုလေ့လာခဲ့သည်ဟု စစ်ကောင်စီသတင်းစာက ဆိုသည်။ 

‘ဇီးပင်ကြီး’ ၊ ‘ဖောင်ကြီး’ ဟု လူသိများသည့် ဝန်ထမ်းလေ့ကျင့်ရေးတက္ကသိုလ် နှစ်ခုလုံးသည် စစ်ကောင်စီ ထိန်းချုပ်ထားသော ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လက်အောက်တွင် လည်ပတ်နေခြင်း ဖြစ်သည်။ လက်ရှိ ရာထူးဝန်အဖွဲ့ ဥက္ကဌမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ စစ်တက္ကသိုလ် အပတ်စဉ် ၁၉ တွင် တက်ရောက်ခဲ့သည့် ဗိုလ်ချုပ်ဟောင်း အောင်သော် ဖြစ်သည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း ၊ ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက်များတွင် လေ့ကျင့်ရေးတက္ကသိုလ်များသည် ဝန်ထမ်းများကို စစ်ပညာအခြေခံ သဘောတရားများ နှစ်ပေါင်းများစွာသင်ကြားပေးသည့်နေရာများ ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲရလဒ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် ဇီးပင်ကြီးနှင့် ဖောင်ကြီး သင်တန်းများတွင် စစ်ယူနီ ဖောင်းကဲ့သို့ တူညီဝတ်စုံ ဝတ်ဆင်ရခြင်း၊ စစ်ပညာသင်ရခြင်းများကို ရပ်ဆိုင်းလိုက်သည်။

သို့သော် စစ်အရာရှိဟောင်းများ ကြီးစိုးသည့် ဝန်ထမ်းတက္ကသိုလ်များတွင်  NLD ပါတီကို ပါးပါးနပ်နပ် ဝေဖန်တိုက်ခိုက်မှုများ၊ သင်ကြားပို့ချမှုများ ဆက်လုပ်နေကြသဖြင့်  ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ နိုင်ငံရေးဝါဒမှိုင်းများအကြောင်းကို Myanmar Now က ကွင်းဆင်းလေ့လာကာ ၂၀၁၈ နှစ်ကုန်ပိုင်းတွင် ရေးသားခဲ့ပြီး ဖြစ်သည်။ 

NLDအစိုးရကို ဖြုတ်ချကာ ၂၀၂၁ တစ်ကျော့ပြန် စစ်အာဏာသိမ်းပြီးနောက်တွင်မူ ထိုတက္ကသိုလ်များသည် မူလလမ်းစဉ်သို့ မဆိုင်းမတွ ပြန်ရောက်သွားသည်။

စစ်အာာဏာသိမ်းမှုများသည် နိုင်ငံတော်ကာကွယ်ရန် ဖြစ်ကြောင်း၊ စစ်တပ်က ကုလားဖန်ထိုးပြီး အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထု လိုလားချက်ဖြင့် ပေါ်ပေါက်ခြင်း ဖြစ်ကြောင်း သင်တန်းများတွင် ဟောပြောလေ့ရှိပြီး မွတ်ဆလင်မုန်းတီးရေးနှင့် စစ်တပ်ကဖန်တီးသည့်  အစွန်းရောက် အမျိုးသားရေးလှုပ်ရှားမှုများကို အကောင်းမြင်လာစေရန် ဝန်ထမ်းများကို ဝါဒမှိုင်းတိုက်နေသည်။

လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ စွမ်းဆောင်ရည်တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားသော ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် စုစုပေါင်း ဘာသာရပ် ၈ခုကို သင်ကြားပေးနေသည်။ စီမံခန့်ခွဲမှု၊ စီးပွားရေး၊ နိုင်ငံရေးသိပ္ပံ၊ လူမှုရေးသိပ္ပံ၊ ဥပဒေ၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး၊ အင်္ဂလိပ်ဘာသာနှင့် ကာကွယ်ရေးပညာတို့ ဖြစ်သည်။ 

သို့သော် စစ်ပညာအခြေခံ အဓိကသင်ကြားသည့် ကာကွယ်ရေးပညာကိုသာ သက်ဆိုင်ရာ တက္ကသိုလ် များတွင် စခန်းသွင်းလေ့ကျင့်စေကာ ကျန်ဘာသာရပ် ၇ ခုကို  အွန်လိုင်းမှတစ်ဆင့် စစ်ကောင်စီက ပို့ချနေသည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး) အွန်လိုင်းပို့ချမှုတစ်ခု။ ဓာတ်ပုံ – ပေးပို့

NLD အစိုးရလက်ထက်မှာပင် အုပ်ချုပ်မှုနှင့် သင်ကြားရေးစနစ်များ စစ်ရိပ်၊ စစ်ငွေ့ လွှမ်းနေသည့် ဝန်ထမ်းတက္ကသိုလ်များကို ယခုအခါ စစ်တပ်က အလုံးစုံ လွှမ်းမိုးသွားပြီဟု စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေသူ လူငယ်ဆရာဝန် ဒေါက်တာစိုးသူရဇော်က ပြောကြားသည်။ 

“ဒီနေရာ(ဇီးပင်ကြီး၊ ဖောင်ကြီး)ကနေ နိုင်ငံရဲ့ နေရာအနှံ့အပြားကို ပျံ့ကြဲသွားမယ့် ဝန်ထမ်းကြီး/ငယ်တွေကို သူတို့ စစ်တပ်ရဲ့ ဆဲလ်တွေ၊ ကေဒါတွေအဖြစ် သွယ်ဝှိုက်သော နည်းအားဖြင့် အသွင်ပြောင်းပေးတာ။ သူတို့ရဲ့ အယူဝါဒ၊ အယူအဆတွေ ရိုက်သွင်းပြီးတော့ အရပ်သားစစ်ဝန်ထမ်းတွေကို သူတို့ဘက်ကနေပြီးတော့ ကေဒါမွေးတဲ့၊ ဆဲလ်မြှုပ်နှံတဲ့ ပုံစံပေါ့” ဟု သူက ပြောသည်။

ဒေါက်တာ စိုးသူရဇော်သည် မန္တလေးမြို့မှ ၂၄မိုင်အကွာတွင် တည်ရှိသော ဇီးပင်ကြီးသင်တန်းကို NLD အစိုးရလက်ထက် ၂၀၁၇ခုနှစ်တွင် တက်ရောက်ခဲ့သူဖြစ်သည်။ သင်တန်းပို့ချက်အတွင်း ဘာသာခြားများနှင့် လက်မထပ်ရန်၊ ဘာသာခြားဈေးဆိုင်များတွင့် ဈေးမဝယ်ရန် ထည့်သွင်းသင်ကြားသလို နိုင်ငံရေးသိပ္ပံဘာသာရပ် ပို့ချချက်ဆိုလျှင် ‘မဘသတရားပွဲ’ နှင့် တူသည်ဟု သူ၏ Facebook စာမျက်နှာတွင် ဒေါက်တာစိုးသူရဇော်က ရေးသားဖူးသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဦးသိန်းစိန်အစိုးရလက်ထက်အတွင်း ဖောင်ကြီးနှင့် ဇီးပင်ကြီးသင်တန်း နှစ်ခုစလုံး တက်ရောက်ခဲ့ဖူးကာ လက်ရှိတွင် CDM လှုပ်ရှားမှု၌ ပါဝင်နေသည့် နေပြည်တော်မှ အဆင့်မြင့်အရာရှိတစ်ဦးကလည်း ဝန်ထမ်းတက္ကသိုလ်များ၏ လေ့ကျင့်၊ အုပ်ချုပ်မှု နည်းနာမှာ စစ်ပုံစံသာဖြစ်ကြောင်း ပြောသည်။

“သူတို့ရဲ့ Training က စစ်တပ်ရဲ့ Training ပုံစံတွေပဲဖြစ်ပြီးတော့ အုပ်ချုပ်မှုမှာလည်း သင်တန်းသားနဲ့ သင်တန်းဆရာ ဆက်ဆံရေးကအစ စစ်တပ်ပုံစံ လုံးဝပေါက်နေတာ” ဟု ထိုအရာရှိက ပြောသည်။

လက်ရှိ ဇီပင်ကြီး ပါမောက္ခချုပ် ဦးကျော်စိုး၊ ဖောင်ကြီး ပါမောက္ခချုပ် ဦးဇော်ဇော်တို့သည်လည်း စစ်တပ်အရာရှိဟောင်းများဖြစ်ကြသည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ၁၉၆၅ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်း၊ မေမြို့အနီးရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဇီးပင်ကြီး)ကို နအဖ စစ်အစိုးရလက်ထက် ၁၉၉၅ခုနှစ်တွင် စတင် ထူထောင်ခဲ့ခြင်း ဖြစ်သည်။

ဝန်ထမ်းတက္ကသိုလ်များတွင် ရုရှားဘာသာသင်ရန် စစ်ကောင်စီ၏ ခြေလှမ်းမှာ အာဏာသိမ်းပြီး နောက် အလုပ်မှနှုတ်ထွက်ကြသဖြင့် အခက်ကြုံခဲ့ရသည့် စစ်ကောင်စီက တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းများကို မက်လုံးပေး ဆွဲဆောင်ခြင်းသာဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

“စစ်ပညာသင်ပေးတဲ့အပြင် ရုရှားဘာသာစကားပါ ထပ်သင်မယ်ဆိုတာက ဝန်ထမ်းတွေကို မက်လုံးပေးလိုက်တာပဲ။ ရုရှားပညာတော်သင်တွေ ဘာတွေသွားဖို့ဆိုတဲ့ပုံစံမျိုးနဲ့ မင်းအောင်လှိုင်က တစ်ဖက်လှည့်နဲ့ စည်းရုံးလိုက်တာ” ဟု ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

Show More

Related Articles

Back to top button