သတင်း

ရုရှား-မြန်မာ ဦးစီးသည့် အကြမ်းဖက်တိုက်ဖျက်ရေးလေ့ကျင့်မှုကို ၆ နိုင်ငံ သပိတ်မှောက်

ရုရှားနှင့် မြန်မာကာကွယ်ရေးဝန်ကြီးဌာနများ ပူးတွဲဦးဆောင်ကျင်းပသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၅ ရက်နေ့က ရုရှားနိုင်ငံတွင် စတင်ကျင်းပနေရာ နိုင်ငံ ၆ နိုင်ငံက သပိတ်မှောက်ထားသည်။

ADMM-Plus ဟု အမည်ပေးထားသည့် ASEAN Defence Ministers’ Meeting-Plus တွင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ကာကွယ်ရေးအရာရှိများ၊ ဆွေးနွေးဖက် ၈ နိုင်ငံဖြစ်သည့် အမေရိကန်၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှားနှင့် တောင်ကိုရီးယားတို့မှ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်လေ့ရှိသည်။

ရုရှားနိုင်ငံ Primorsky ဒေသရှိ အရှေ့ပိုင်းစစ်ခရိုင်၏ Sergeevsky လေ့ကျင့်ရေးကွင်း၌ ၅ ရက်ကြာ စစ်ရေးလေ့ကျင့်ကြမည်ဖြစ်သည်။ ထိုအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် စင်ကာပူ၊ မိတ်ဖက်နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်နှင့် အမေရိကန်တို့က မတက်ဘဲ သပိတ်မှောက်ထားခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံသည် စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိပြီး အကြမ်းဖက်မှုများရပ်ရန်၊ သက်ဆိုင်သူများ တွေ့ဆုံဆွေးနွေးရန် စသည့် အာဆီယံဘုံသဘောတူညီချက်များကို မလိုက်နာသော စစ်ကောင်စီကို စိတ်ပျက်ရကြောင်း အကြိမ်ကြိမ်ပြောဆိုထားသည့် နိုင်ငံဖြစ်သည်။

ပြီခဲ့သည့် သြဂုတ်လဆန်းပိုင်း နေပြည်တော်တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံများနှင့် ရုရှား၊ တရုတ်၊ အိန္ဒိယတို့ ပါဝင်သော အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့လည်း စင်ကာပူနိုင်ငံ တက်ရောက်ခြင်းမရှိပေ။

ထိုစစ်ရေးလေ့ကျင့်မှုသို့ တက်ရောက်သည့် အာဆီယံနိုင်ငံများသည် မြန်မာနိုင်ငံအတွင်း စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြစ်ပေါ်ရန် ကူညီပေးနေခြင်းဖြစ်သည်ဟု Justice For Myanmarအဖွဲ့ ပြောခွင့်ရ မ ရတနာမောင်က Myanmar Now ကို ပြောသည်။

“နိုင်ငံ ၆ နိုင်ငံက တက်ရောက်ဖို့ ငြင်းဆိုလိုက်တာဟာ စစ်ကောင်စီအနေနဲ့ ထောက်ခံမှုဆုံးရှုံးနေတယ်ဆိုတာကို ပြသနေတာပါ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။

ADMM-Plus ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ထိုဆွေးနွေးပွဲသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အပါအဝင် တော်လှန်ရေးအင်အားစုများကို နှိမ်နှင်းရာတွင် အသုံးဝင်လိမ့်မည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာများက ရေးသားခဲ့ကြသည်။

ဆွေးနွေးပွဲမှ အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများရရှိသည်ဟု  “အကြမ်းဖက်ဟူသမျှ ညီညီညွတ်ညွတ် တိုက်ဖျက်ကြ” ဟု ခေါင်းစဉ်ပေးထားသည့် ဆောင်းပါးတွင် ဆောင်းပါးရှင် မင်းခန့်၏ ရေးသားမှုကို မြန်မာ့အလင်းသတင်းစာက ဖော်ပြခဲ့သည်။

ဇွန်လအတွင်း ရုရှားနိုင်ငံ Khabarovsk တွင် ကျင်းပသည့် ADMM-Plus အကြမ်းဖက်မှု တန်ပြန်ရေးညီလာခံတွင်လည်း NUG နှင့် PDF တို့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ပုံဖော်ထားပြီး အင်္ဂလိပ်၊ ရုရှားနှင့် မန်ဒရင်းဘာသာသို့ ပြန်ဆိုကာ တက်ရောက်လာသူများထံ စစ်ကောင်စီအရာရှိတို့က ဖြန့်ဝေခဲ့ကြသည်။

ရုရှားနှင့် မြန်မာနိုင်ငံတို့သည် တရားဥပဒေစိုးမိုးမှုကို လျစ်လျူရှုခြင်း၊ ADMM ၏ ပူးတွဲဥက္ကဋ္ဌများဖြစ်သော်လည်း ထိုရာထူးကို အလွဲသုံးစားလုပ်ခြင်းတို့ကြောင့် ADMM စစ်ရေးလေ့ကျင့်မှုကို သပိတ်မှောက်ထားခြင်းဖြစ်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက ဇွန်လအတွင်း ပြောဆိုထားသည်။

သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်နှင့် အမေရိကန်တို့သည် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်ကတည်းက ADMM-Plus ၏ အကြမ်းဖက်မှု တန်ပြန်ရေးလှုပ်ရှားမှုများသို့ တက်ရောက်ရန် ငြင်းဆိုထားသည့် နိုင်ငံများဖြစ်ကြသည်။

ယခုကျင်းပနေသည့် စစ်ရေးလေ့ကျင့်မှုတွင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ မောင်းသူမဲ့ လေယာဉ်များ၊ တင့်ကားများ၊ သံချပ်ကာတင်သင်္ဘောများနှင့် အခြားစစ်လက်နက်ပစ္စည်းများဖြင့် အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ဆင်ရေးလေ့ကျင့်ကြမည်ဟု ရုရှားနိုင်ငံပိုင် သတင်းအေဂျင်စီ TASS က ဖော်ပြသည်။

ထိုလေ့ကျင့်မှုတွင် စစ်ဘက်အမှုထမ်း ၇၀၀ ကျော် တက်ရောက်နေသည်ဟုလည်း TASS က ဆိုသည်။ ဩဂုတ်လတွင် မြန်မာနိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်း ၅၅၁ ခုက အာဆီယံနှင့် ဆွေးနွေးဖက် ကာကွယ်ရေးဝန်ကြီးဌာနများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားခဲ့သည်။ ထိုစာတွင် ရုရှားတွင် စစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို ဖျက်သိမ်းရန် သို့မဟုတ် တက်ရောက်မှု မပြုကြရန် တောင်းဆိုခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button