သြဂုတ်လဆန်းပိုင်း နေပြည်တော်တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံများနှင့် ရုရှား၊ တရုတ်၊ အိန္ဒိယတို့ ပါဝင်သော အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲသည် မြန်မာနိုင်ငံအတွင်း ခုခံတော်လှန်နေသူများကို တန်ပြန်တိုက်ခိုက်ရေးအတွက် အကျိုးရှိကြောင်း စစ်ကောင်စီ၏ အာဘော် မြန်မာ့အလင်းသတင်းစာက ယနေ့ (သြဂုတ် ၁၆) တွင် ဝန်ခံရေးသားလိုက်သည်။
အာဏာသိမ်း မြန်မာစစ်တပ်နှင့် ရုရှားတို့ ဦးဆောင်ပြီး သြဂုတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် အဆိုပါ လေ့ကျင့်ခန်းကို စင်ကာပူမှလွဲပြီး ကျန်အာဆီယံနိုင်ငံများအားလုံး တက်ရောက်ခဲ့သည်။
အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးများဆွေးနွေးပွဲ (ADMM-Plus) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ထိုဆွေးနွေးပွဲသည် လာမည့်လအတွင်း ရုရှားတွင် ပြုလုပ်မည့် မြေပြင်စစ်ရေးလေ့ကျင့်ခန်းမတိုင်မီ အကြိုဆွေးနွေးပွဲအဖြစ် ကျင်းပခြင်းဖြစ်သည်။
ယင်းဆွေးနွေးပွဲသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို တန်ပြန်တိုက်စစ်ဆင်ရေးအတွက် နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး ပူးပေါင်းဆောင်ရွက်ခွင့်ရရှိခဲ့သည်က အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများဖြစ်ကြောင်း “အကြမ်းဖက်ဟူသမျှ ညီညီညွတ်ညွတ် တိုက်ဖျက်ကြ” ဟု ခေါင်းစဉ်ပေးထားသည့် မြန်မာ့အလင်းသတင်းစာ ဆောင်းပါးတွင် ဆောင်းပါးရှင် မင်းခန့်က ရေးသားသည်။
မူရင်းဆောင်းပါးတွင် NUG နှင့် PDF များကို စစ်ကောင်စီ၏ အာဘော်များအတိုင်း အကြမ်းဖက်သမားများဟု ရည်ညွှန်းပြီး စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေမှုများကိုလည်း အကြမ်းဖက်တိုက်ခိုက်မှုများဟု ရေးသားသည်။
အာဏာသိမ်းစစ်တပ်သည် ရုရှားနှင့်အတူ ADMM-Plus ၏ ပူးတွဲသဘာပတိအဖြစ် ၂၀၂၁ ခုနှစ်ကတည်းက တာဝန်ယူထားသည်။ ဆန့်ကျင်တိုက်ခိုက်နေသည့် NUG နှင့် PDF များကို အကြမ်းဖက်သမားများဟု ADMM-Plus ဆွေးနွေးပွဲများမှတစ်ဆင့် တံဆိပ်ကပ်ခွင့် ရနေသည်။
ဇွန်လ ၆ ရက်နှင့် ၇ ရက်တို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ခါဘရော့ဇ်မြို့၌ ကျင်းပခဲ့သည့် ADMM-Plus ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေးအစည်းအဝေးတွင်လည်း NUG နှင့် PDF များကို အကြမ်းဖက်သမားများအဖြစ် ပုံဖော်ထားပြီး အင်္ဂလိပ်၊ ရုရှား၊ တရုတ်ဘာသာတို့ဖြင့် ရေးသားကာ အဖွဲ့ဝင်နိုင်ငံများထံ မျှဝေခဲ့သည်။
နေပြည်တော်ဆွေးနွေးပွဲကို အွန်လိုင်းမှတစ်ဆင့် တက်ရောက်ရန် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံရသဖြင့် စင်ကာပူပါဝင်ခဲ့ခြင်းမရှိကြောင်း သံတမန်သတင်းရင်းမြစ်တစ်ခုက Myanmar Now ကို ပြောသည်။
မြန်မာစစ်တပ်နှင့် ရုရှားတို့ ဦးဆောင်ပြီး ပြီးခဲ့သည့်နှစ်အတွင်းက ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆွေးနွေးပွဲများကို ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့က ဆန့်ကျင်သပိတ်မှောက်ခဲ့သည်။
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးစနစ်များကို အကြောင်းပြပြီး ဆွေးနွေးပွဲများ မတက်ခြင်းက အကြမ်းဖက်လုပ်ရပ်များကို အားပေးအားမြှောက်ပြုခြင်းဖြစ်ကြောင်း မြန်မာ့အလင်းဆောင်းပါးက ဝေဖန်ရေးသားသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကမူ ရုရှားနှင့် မြန်မာသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များ ချေဖျက်ရေးနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမှု ရရှိရေးအတွက် ပူးတွဲသဘာပတိလုပ်ပိုင်ခွင့်ကို အသုံးချနေခြင်းဖြစ်သည်ဟု ဇွန်လအတွင်း ပြောကြားထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)