သတင်း

UID ကတ် စနစ်ကြောင့် ပြည်ပထွက်ခွင့် ပိုမို ခက်ခဲလာ

နယ်စပ်ဖြတ်ပြီး ပြည်ပထွက်လိုသူ၊ နိုင်ငံကူးလက်မှတ် လျှောက်ထားလိုသူတို့ မဖြစ်မနေ ရှိထားရမည်မှာ အီလက်ထရောနစ် မှတ်ပုံတင် Unique ID (UID) ခေါ် စမတ်ကတ် ဖြစ်သည်။

နယ်စပ်ဖြတ်ပြီး ပြည်ပထွက်သူ၊ နိုင်ငံကူးလက်မှတ် လျှောက်ထားသူတို့ အီလက်ထရောနစ်မှတ်ပုံတင် Unique ID (UID) ခေါ် စမတ်ကတ် မဖြစ်မနေ ပြရမည် ဟူသော စည်းကမ်းချက်အသစ်သည် လူငယ်များ ပြည်ပထွက်ခွင့်ရရေး ခက်ခဲနေချိန်တွင် ပေါ်ပေါက်လာသည့် ကန့်သတ်ချက် ဖြစ်လာသည်။

နိုင်ငံကူးလတ်မှတ်လိုအပ်သူတို့သည် ယခင်က နိုင်ငံသားမှတ်ပုံတင်ရှိရုံဖြင့် လျှောက်ထားနိုင်သည်။ ပြည်ပထွက်ခွာရာတွင်လည်း နိုင်ငံကူးလတ်မှတ်ရှိရုံဖြင့် ထွက်ခွာခွင့်ရှိသည်။

ယခုမူ ထိုသို့ခွင့်မပြုတော့ဘဲ ဇီဝဆိုင်ရာ ကိုယ်ခန္ဓာအချက်လက်များ ကောက်ယူထားသည့် UID ကတ် ပြသနိုင်မှသာ ခွင့်ပြုလုပ်ဆောင်ပေးသည်ဟု ကိုယ်တွေ့ကြုံလာသူများက ပြောသည်။

“ခုက နိုင်ငံခြားထွက်ဖို့နဲ့ နယ်စပ်ဂိတ် ကျော်ဖြတ်တဲ့သူတွေရဲ့ လူအဝင်အထွက်ကို အဓိကစပြီး ထိန်းချုပ်တာပေါ့၊ နောက်ဆိုရင် ပြည်တွင်းက တော်လှန်ရေးလူငယ်တွေနဲ့ ပက်သက်တဲ့သူတွေကို ကန့်သတ်တာတွေ လုပ်လာမယ့်သဘောပဲ” ဟု ဂျပန်နိုင်ငံသို့ ထွက်ခွာရန် ကြိုးစားနေသည့် လူငယ်တစ်ဦးက ပြောသည်။

စစ်မှုထမ်းရန် စစ်သားစုဆောင်းခြင်း၊ နိုင်ငံအတွင်း စီးပွားရေးကျပ်တည်းခြင်းတို့ကြောင့် ပြည်ပထွက်သည့် လူငယ်များ များပြားလာချိန် တင်းကျပ်မှုအသစ် ပေါ်လာခြင်း ဖြစ်သည်။ UID ခေါ် စမတ်ကတ်သည် ယာယီစာရွက်အဆင့်သာရှိသေးပြီး လတ်တလောတွင် နေပြည်တော်နှင့် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားစိုးမိုးသည့် ဒေသများရှိ လူဝင်မှုကြီးကြပ်ရေးရုံးများတွင်သာ ထုတ်ပေးနိုင်သေးသည်။

“ဝန်ထမ်းတွေက လွန်ခဲ့တဲ့တစ်နှစ်ကတည်းက လုပ်ထားတာ၊ A4 စာရွက် တစ်ရွက်လောက်ရှိတဲ့ အဖြူအမည်းနဲ့ပဲ၊ ဟိုလို စမတ်ကတ်ကြီးနဲ့က ဝန်ကြီးတွေတောင် မရသေးဘူး၊ အဲ့ဒါရဖို့ကလည်း ကြာဦးမှာ” ဟု နေပြည်တော်ဝန်ကြီးဌာနတစ်ခုမှ အရာရှိတစ်ဦးက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးရုံးမှ ထုတ်ပေးသည့် Unique ID (UID) ခေါ် စမတ်ကတ် နမူနာပုံစံ။

ထိုစာရွက်တွင် ဂဏန်း ၁၀ လုံး ပါဝင်ပြီး ကိုယ်ရေးအချက်လက်များနှင့် မျက်နှာသွင်ပြင်၊ ဘယ်ညာလက် ၁၀ ချောင်း၏ လက်ဗွေ၊ မျက်စိသူငယ်အိမ်တို့ကို Screen ဖတ် ကောက်ယူထားသည့် ဇီဝဆိုင်ရာ အချက်လက်များ ပါဝင်သည်။

နိုင်ငံကူးလက်မှတ် လျှောက်ရန် UID ခေါ် စမတ်ကတ် ပြုလုပ်ခဲ့ဖူးသူ နေပြည်တော်နေ အမျိုးသမီးတစ်ဦးက ၎င်းတို့မြို့တွင် ကာလတိုအတွင်း လျှောက်ထား ထုတ်ယူနိုင်သည်ဟု ပြောသည်။

“မှတ်ပုံတင်ထဲက အချက်အလက်ရယ်၊ ဖုန်းနံပါတ်ရယ်၊ မျက်နှာနဲ့ မျက်စိကို အဝေးရိုက် အနီးရိုက်ပြီးတော့ ပြီးသွားတာပဲ၊ သိပ်တော့ မကြာဘူး ခဏပါပဲ” ဟု ၎င်းက ပြောသည်။

သို့သော် အချက်အလက်လွဲမှားမှုရှိပါက ပြင်ဆင်ရန် အချိန်ကြန့်ကြာမှုရှိပြီး လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ထမ်းများက တင်းကျပ်စွာ စစ်ဆေးကြောင်း ၎င်းက ဆက်ပြောသည်။

UID ခေါ် စမတ်ကတ်စနစ် စစ်ဆေးတပ်ဆင်မည့်နေရာတွင် ကွန်ပျူတာ၊ လျှပ်စစ်ဓာတ်အား၊ အင်တာနက်ချိတ်ဆက်နိုင်မှုနှင့် ကျွမ်းကျင်ဝန်ထမ်းတို့ လိုအပ်မည်ဖြစ်သည်။

လူတစ်ဦးချင်း၏ အချက်အလက်များကို စုဆောင်းထားနိုင်ပြီး အလိုရှိပါက ချက်ချင်းတိုက်ဆိုင် စစ်ဆေးနိုင်သည့်အတွက် UID စနစ်သည် စစ်ကောင်စီအတွက် များစွာအထောက်ပံ့ဖြစ်နိုင်သည်။

တော်လှန်ရေးအင်အားစုများကိုလည်း ပြည်တွင်းနှင့် ပြည်ပခရီးထွက်ခွာခွင့်တို့ကို နယ်စပ်ဂိတ်များတွင် ပိုမို ဟန့်တား ထိန်းချုပ်နိုင်သည်။ ထို့ပြင် ပြည်တွင်းတွင် တိမ်းရှောင်နေပါကလည်း စမတ်ကတ်ဖြင့် အလွယ်တကူ စစ်ဆေးနိုင်သည့် အခြေအနေရှိသည်။

“နေတဲ့ အိမ်လိပ်စာ၊ ဖုန်းနံပါတ်တွေကအစ ပါတော့ လူနာမည်သိရုံနဲ့ ရှာရမခက်တော့ဘူးလေ၊ အရမ်းလွယ်ကူသွားမယ်၊ မြို့ပြပြောက်ကျားအဖွဲ့တွေ၊ ဝရမ်းထုတ်ခံထားရတဲ့ လူငယ်တွေအတွက် စစ်တပ်က ဒီလုပ်ငန်းစဉ် အောင်မြင်သွားရင် သွားလာလှုပ်ရှားဖို့ အခက်ခဲရှိနိုင်တယ်” ဟု ပဲခူးတိုင်းတွင် လှုပ်ရှားနေသည့် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

နယ်စပ်ဂိတ်များမှ ပြည်ပနိုင်ငံများသို့ ဝင်ထွက်သွားလာရာတွင်လည်း ယာယီနယ်စပ်ဖြတ်သန်းခွင့် (TBP၊BP) လက်မှတ်များ လျှောက်ထားရာ၌ UID ခေါ် စမတ်ကတ် စာရွက်ပါမှသာ ခွင့်ပြုသည်။ ထိုစမတ်ကတ်လုပ်ရန် နယ်စပ်ဒေသ မှတ်ပုံတင်ရုံးများတွင် လူအများအပြားက စောင့်ဆိုင်းနေကြပြီး နောက်ဆက်တွဲအနေဖြင့် အလွယ်တကူရရန် လာဘ်ပေးကာ လုပ်ဆောင်နေကြရသည့် အခြေအနေများ ပေါ်ပေါက်လာသည်။

မြို့နယ် လဝကရုံးများတွင် လျှောက်ထားနိုင်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

UID နံပါတ်ရရှိရေးအတွက် ကြားပွဲစားနှင့် ဆောင်ရွက်ခြင်း မပြုရန် စစ်ကောင်စီက မေ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ငွေကြေးတောင်းခံပါက အီလက်ထရောနစ် မှတ်ပုံတင်စနစ် ဦးစီးဌာန၏ www.facebook.com/eiDept သို့ တိုင်ကြားနိုင်သည်ဟု ဆိုသည်။

အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရေဆိပ်၊ နယ်စပ်ဂိတ်များတွင် UID နံပါတ်အတုများ အသုံးပြု၍ အရေးယူခဲ့သည်ဟု ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။ သို့သော်လည်း အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။

UID ကတ်ဖြင့် နိုင်ငံခြားထွက်ခွင့်နှင့် နိုင်ငံကူးလတ်မှတ်၊ ယာယီနယ်စပ် ဖြတ်သန်းခွင့်တို့ကို ကန့်သတ်လာသည့် စစ်ကောင်စီသည် ၂၀၂၄ တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်မည်ဟုလည်း ဆိုထားသည်။

Show More

Related Articles

Back to top button