လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group အုပ်စုထံ လွှဲပြောင်းရောင်းချပြီး မြန်မာနိုင်ငံမှ တာဝန်မဲ့စွာ ထွက်ခွာသည်ဟုဆိုကာ မြန်မာအရပ်ဘက်အဖွဲ့အစည်းများက နော်ဝေအခြေစိုက် တယ်လီနောအုပ်စုကို စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (OECD ) ထံ တိုင်ကြားထားသည်။
တယ်လီနော (မြန်မာ) ကို ရောင်းချမှုသည် OECD ချမှတ်ထားသည့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းများလိုက်နာရမည့် လမ်းညွှန်ချက်များနှင့် မကိုက်ညီကြောင်းလည်း မြန်မာအရပ်ဘက်အဖွဲ့အစည်း ၄၇၄ ခု ကိုယ်စား တိုင်ကြားသည့် နိုင်ငံတကာကော်ပိုရေးရှင်းကြီးများသုတေသနဌာန (SOMO) က ယနေ့ ဇူလိုင် ၂၇ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
SOMO က အချက် ၃ ချက်ဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး တယ်လီနော(မြန်မာ)ကို ရောင်းချရာတွင် လူ့အခွင့်အရေးထိခိုက်မှုကို ကာကွယ်ရန် သို့မဟုတ် လျှော့ချရန် ပျက်ကွက်ခဲ့ခြင်းပြီး ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုအတွက် သင့်လျော်သောစိစစ်မှုများ ပြုလုပ်ရန်ပျက်ကွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် တယ်လီနောနှင့် ပတ်သက်ဆက်နွှယ်သူများကိုပါ စေ့စပ်ညှိနှိုင်းမှု မရှိသည့်အပြင် တယ်လီနော (မြန်မာ)ကို ရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ချက်ချရာတွင် ပွင့်လင်းမြင်သာမှုမရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
“OECD လမ်းညွှန်ချက်နဲ့ UNGP (ကုလသမဂ္ဂလူ့အခွင့်အရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံစည်းမျဉ်းများ)ကို လျစ်လျူရှုပြီး ဒီနိုင်ငံကနေ တာဝန်မဲ့စွာ ထွက်ခွာခြင်းဟာ မြန်မာပြည်သူတွေအတွက် လူ့အခွင့်အရေးနဲ့လုံခြုံမှု အများကြီးအန္တရာယ်ဖြစ်စေတာကို မြင်ရတာကြောင့် တယ်လီနောကို တော်တော်စိတ်ပျက်မိပါတယ်” ဟု SOMO ၏ အကြီးတန်းသုတေသီ Joseph Wilde-Ramsing က ပြောသည်။
စွန့်စားရနိုင်ခြေများပြားသည့် မြန်မာကဲ့သို့ နိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်စဉ် တယ်လီနောကဲ့သို့သော ကုမ္ပဏီအနေဖြင့် အကျိုးအမြတ်ကိုသာမက တာဝန်ယူမှုရှိရှိ စီစဉ်ထွက်ခွာရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ဆန္ဒပြသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လွတ်လပ်သည့် သတင်းမီဒီယာများကို ဖိနှိပ်ဖြိုခွင်းသည့်အပြင် အီလက်ထရောနစ်ဆက်သွယ်ရေးကို အသုံးပြုကာ စုံစမ်းထောက်လှမ်းမှု တိုးမြှင့်လုပ်ဆောင်လာကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။
“မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့အကြမ်းဖက်မှုနဲ့ စောင့်ကြည့်မှုတွေ တိုးမြင့်လာတဲ့အခြေအနေမှာ ကျွန်တော်တို့ဘဝတွေ အန္တရာယ်ရှိနေပါတယ်” ဟု တယ်လီနော(မြန်မာ)ရောင်းချမှုကို ကန့်ကွက်သည့် မြန်မာအရပ်ဘက်အဖွဲ့တစ်ခုမှ တက်ကြွလှုပ်ရှားသူ ကိုရဲက ဆိုသည်။
အဆိုပါကန့်ကွက်မှုတွင် ပါဝင်သော မြန်မာအရပ်ဘက်အဖွဲ့အစည်း ၄၀၀ ကျော်၏ အမည်ကို ၎င်းတို့၏ လုံခြုံရေးအရ ထည့်သွင်းထုတ်ပြန်နိုင်ခြင်း မရှိပေ။
ပွင့်လင်းမြင်သာမှုမရှိသည့်အပြင် ပတ်သက်ဆက်နွှယ်သူများနှင့် စေ့စပ်မှုမရှိဘဲ တယ်လီနော(မြန်မာ) ကို အပြေးအလွှားရောင်းချခြင်းအတွက် တုန်လှုပ်မိကြောင်း၊ ပိုင်ရှင်အသစ် M1 အုပ်စု၏ စီးပွားရေးဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာတာဝန်ယူမှုကို ယုံကြည်မှုမရှိကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် အရပ်ဘက်အဖွဲ့အစည်းများ၏ တိုင်ကြားမှုနှင့်ပတ်သက်၍ OECD အနေဖြင့် ချက်ချင်းစဉ်းစားရန်၊ သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများပိုမဖြစ်လာမီ တယ်လီနော(မြန်မာ) ရောင်းချမှုကို ရပ်တန့်ထားရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။
တယ်လီနောအတွက် လက်ရှိအချိန်သည် အလွန်ရှုပ်ထွေးပြီး ဖြေရှင်းရန်ခက်ခဲသော်လည်း နော်ဝေကုမ္ပဏီများအားလုံးအနေဖြင့် လုပ်ငန်းရောင်းချမှုအပါအဝင် လည်ပတ်ဆဲလုပ်ငန်းများနှင့်ပတ်သက်၍ အချက်အလက်စိစစ်မှုပြုလုပ်ရန်မျှော်လင့်ဆဲဖြစ်ကြောင်း နော်ဝေသဘာဝပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးမှုဖိုရမ်၏ တာဝန်သိရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာအကြံပေး Diego Alexander Foss က ဆိုသည်။
နိုင်ငံတကာကော်ပိုရေးရှင်းများလိုက်နာရမည့် OECD လမ်းညွှန်ချက်သည် ကမ္ဘာပေါ်တွင် အပြည့်စုံဆုံးဖြစ်ပြီး တာဝန်သိစီးပွားရေးလုပ်ငန်းစံနှုန်းများကို နိုင်ငံတကာနှင့် အစိုးရများက အသိအမှတ်ပြုထားသည်။
အဆိုပါလမ်းညွှန်ချက်များတွင် လူ့အခွင့်အရေး၊ အလုပ်သမားအရေး၊ သဘာဝပတ်ဝန်းကျင်နှင့်ဆိုင်သည့် အစိုးရ၏ စီးပွားရေးမျှော်မှန်းချက်များပါဝင်ပြီး အဆိုပါစံနှုန်းများအရ တယ်လီနောထွက်ခွာရန် ဆုံးဖြတ်ချက်၏ ဆိုးကျိုး သက်ရောက်မှုကို စဉ်းစားသင့်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။
နော်ဝေနိုင်ငံအပါအဝင် အဖွဲ့ဝင်ပေါင်း ၃၈ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် OECD သည် အစိုးရများ၊ မူဝါဒချမှတ်သူများ၊ နိုင်ငံသားများနှင့် ပူးပေါင်းကာ လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို အဖြေရှာရန်နှင့် အထောက်အထားအခြေပြု နိုင်ငံတကာစံနှုန်းများချမှတ်ရန်ဆောင်ရွက်သော နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင်ခိုင်မာအားကောင်းရေး၊ ပြုပြင်ပြောင်းလဲမှုများမှတစ်ဆင့် လူ့အဖွဲ့အစည်းကို ကြီးမားစွာ အကျိုးပြုရေးတို့အတွက် OECD ၏ မြန်မာရင်းနှီးမြှုပ်နှံမှုမူဝါဒလေ့လာသုံးသပ်ချက်ကို ၂၀၂၀ တွင် နော်ဝေအစိုးရ၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့ဖူးသည်။
တယ်လီနော(မြန်မာ) ကို ရောင်းချခဲ့ရာတွင် လူ့အခွင့်အရေးပေါ်သက်ရောက်မှု၊ အချက်အလက်လုံခြုံမှုနှင့် ဝန်ထမ်းများ၏ လုံခြုံမှုကိစ္စများကို အဓိကစဉ်းစားခဲ့ပြီး လက်ရှိအခြေအနေအရ M1 အုပ်စုကို ရောင်းချလိုက်ခြင်းမှာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် တယ်လီနောက ဖြေဆိုခဲ့သည်။
မြန်မာနိုင်ငံကို စတင်ဝင်ရောက်ချိန်နှင့် ဖေဖော်ဝါရီ ၁ နောက်ပိုင်းအထိ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်၍ အကဲဖြတ်ဆန်းစစ်ရာတွင် ပြည်တွင်းပြည်ပ ပတ်သက်ဆက်နွှယ်သူများနှင့် ပြောဆိုဆွေးနွေးမှုများပုံမှန်ရှိခဲ့သည်ဟု တယ်လီနောက ဆိုသည်။
သို့သော် လုပ်ငန်းပေါင်းစည်းခြင်းနှင့် ဝယ်ယူခြင်းလုပ်ငန်းစဉ်များကို လျှို့ဝှက်ထားရသဖြင့် တယ်လီနော(မြန်မာ) ကို ရောင်းချရန်မကြေညာမီအထိ ပြင်ပဆက်နွှယ်သူများကို အသိပေးရန် လိုအပ်သည့်အနေအထားမဟုတ်ကြောင်း တယ်လီနောက Myanmar Now ကို ပြောသည်။
“ရွေးချယ်နိုင်စရာနည်းလမ်းတွေအားလုံးကို တယ်လီနောဘက်က သေသေချာချာ လေ့လာအကဲဖြတ်ခဲ့ပါတယ်။ ပြီးတော့ ဘယ်သူတွေကို ရောင်းချသင့်သလဲဆိုတာကိုလည်း ကျကျနနစနည်းနာခဲ့ပါတယ်။ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ရိုက်ခတ်နိုင်မှုတွေ၊ နောက်ပြီး မြန်မာပြည်က ကျွန်တော်တို့ဝန်ထမ်းတွေရဲ့ လုံခြုံရေးအခြေအနေအားလုံးကို စနစ်တကျသုံးသပ်ပြီးမှ မြန်မာပြည်လုပ်ငန်းတွေကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း” တယ်လီနော၏ ထုတ်ပြန်ချက်တစ်ခုတွင်လည်း ဖော်ပြထားသည်။
သုံးစွဲသူ ၁၈ သန်းကျော်ရှိသည့် တယ်လီနော(မြန်မာ)တစ်ခုလုံးကို M1 အုပ်စုထံ ရောင်းချရာတွင် ၃ လ နှင့် ၆ လ အကြားရှိ Mytelenor App, စီးပွားရေးဆိုင်ရာအချက်အလက်များအပါအဝင် အော်ပရေတာလိုင်စင်တာဝန်အရ တယ်လီနောအသုံးပြုသူများ၏ ဖုန်းမှတ်တမ်းများကိုလည်း လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း တယ်လီနောဘက်က ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ဖုန်းအသုံးပြုသူများ၏ အချက်အလက်လုံခြုံမှုအတွက် အာမခံချက်နည်းသော်လည်း တယ်လီနောကို ဆက်လက်ယုံကြည်ခဲ့ကြကြောင်း၊ ပိုင်ရှင်အသစ် M1 ကိုမူ စစ်တပ်နှင့် စီးပွားရေးဆက်ဆံမှုရှိသောကြောင့် အချက်အလက်လုံခြုံမှုအတွက် စိုးရိမ်ကြောင်း တယ်လီနောအသုံးပြုသူများက ဆိုသည်။
M1 Group ကုမ္ပဏီ၏ ပူးတွဲတည်ထောင်သူ နာဂျစ်မီကာတီ (Najib Mikati) သည် ယမန်နေ့တွင် လက်ဘနွန်နိုင်ငံ၏ စီးပွားရေးနိုင်ငံရေးအကျပ်အတည်းများကြားတွင် ၎င်းနိုင်ငံ၏ ဝန်ကြီးချုပ်လောင်းဖြင့် ခန့်အပ်ခြင်းခံရသည်။ မီကာတီသည် ယခုအခါ အစိုးရတစ်ရပ်ဖွဲ့ရန် ကြိုးပမ်းနေသည်။
ယနေ့ထုတ် Financial Times သတင်းစာသို့ M1 ၏ အကြံပေးတစ်ဦးဖြစ်သူ Joe Issa-el-Khoury က ပြောကြားချက်တွင် ၎င်း၏ ကုမ္ပဏီနှင့် ပတ်သက်ပြီးစိုးရိမ်းမကင်းဖြစ်မှုများသည် လူမျိုးရေးအစွန်းရောက် ခွဲခြားဆက်ဆံခြင်းများသာဖြစ်ကြောင်း၊ M1သည် လူ့အခွင့်အရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကျင့်ဝတ်ပျက်ပြားခြင်းမရှိဖူးကြောင်းလည်း ဆိုသည်။
မြန်မာစစ်တပ်၏ တောင်းဆိုမှုများကို M1 က မည်သို့မည်ပုံကိုင်တွယ်မည်နည်းဟု Financial Times က မေးမြန်းရာ “မဖြစ်လာသေးတာတွေကို မျှော်မှန်းပြီး ကြောင့်ကြမနေပါနဲ့။ မြန်မာအာဏာပိုင်တွေဘက်က ဘာတွေတောင်းခံလာမလဲဆိုတာ စောင့်ကြည့်တာပေါ့” ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။
ဆက်သွယ်ရေးအော်ပရေတာ လေးခုရှိသည့်အနက် Mytel နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) ကို စစ်တပ်က အဓိကထိန်းချုပ်ထားသောကြောင့် အချက်အလက်လုံခြုံမှုကို အရေးထားသူအများအပြားက တယ်လီနောနှင့် အူရီဒူးကိုသာ အားထားသုံးစွဲခဲ့ကြသည်။