စီးပွားရေးသတင်း

ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းမှ ဂျပန် ENEOS ကုမ္ပဏီထွက်ခွာမှု အဆုံးသတ်

မြန်မာနိုင်ငံ ကပ္ပလီပင်လယ်ပြင်ရှိ ရဲတံခွန်ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်ခွာသည့် အစီအစဉ်အားလုံး ဧပြီ ၁၂ ရက်တွင် အပြီးသတ်ပြီဖြစ်ကြောင်း ဂျပန်ကုမ္ပဏီ ENEOS Holding က သတင်းထုတ်ပြန်သည်။

ရဲတံခွန်စီမံကိန်းမှ ထွက်ခွာမှုကြောင့် ကုမ္ပဏီ၏ ဘဏ္ဍာရေးရလဒ်အပေါ် သက်ရောက်မှု အနည်းအကျဉ်းသာရှိမည်ဟု ENEOS ၏ ယမန်နေ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဲတံခွန်တွင် အစုစပ်ရင်းနှီးမြှုပ်နှံသူ ENEOS က အခြားနိုင်ငံတကာကုမ္ပဏီနှစ်ခုဖြစ်သော မလေးရှား Petronas နှင့် ထိုင်း PTTEP တို့နည်းတူ ၂၀၂၂ ဧပြီ နောက်ပိုင်းတွင် စီမံကိန်းမှ နုတ်ထွက်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်။

ရဲတံခွန်စီမံကိန်း၏ ရှယ်ယာငါးပုံတစ်ပုံကို ENEOS ကုမ္ပဏီ၊ ဂျပန်အစိုးရနှင့် Mitsubishi Corporation တို့က ပူးပေါင်းထူထောင်ထားသည့် Nippon Oil Exploration(Myanmar) က ပိုင်ဆိုင်သည်။ 

ရဲတံခွန်စီမံကိန်းအော်ပရေတာဖြစ်ပြီး ရှယ်ယာ ၄၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်သည့် Petronas နှင့် ရှယ်ယာ ၂၀ ရာခိုင်နှုန်းနီးပါး ပိုင်ဆိုင်သည့် PTTEP တို့၏ ထွက်ခွာမှုလုပ်ငန်းစဉ် အပြီးသတ်ခြင်းရှိမရှိ ရှင်းလင်းစွာ မသိရသေးပေ။

အထက်ပါ ကုမ္ပဏီတို့မှာ ရဲတံခွန်စီမံကိန်းကို ၂၀၃၀ အထိ လုပ်ပိုင်ခွင့်ရထားခြင်းဖြစ်သော်လည်း သက်တမ်းမပြည့်မီ ၁၀ နှစ်နီးပါး စော၍ မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရုပ်သိမ်းခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် ထိုစီမံကိန်းတွင် စစ်ကောင်စီက ထိန်းချုပ်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တစ်ခုတည်းသာ ကျန်ရစ်သည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကြောင့် အရပ်သားထိခိုက်မှု များပြားနေချိန်တွင် မြန်မာစစ်တပ်၏ အဓိက ဝင်ငွေရပေါက်ရလမ်းတစ်ခုဖြစ်သည့် MOGEကို နိုင်ငံတကာက ပိတ်ဆို့မှုများရှိနေသော်လည်း ရဲတံခွန်စီမံကိန်းတွင် လစ်လပ်သွားသည့် ရှယ်ယာရှင်နေရာသို့ ဝင်ရောက်ရန် ဆန္ဒရှိသည့် ကုမ္ပဏီများလည်း ရှိနေသည်။

ရဲတံခွန်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် တင်ဒါလျှောက်ထားသည့် ကုမ္ပဏီလေးခုအနက် ထိုင်းနိုင်ငံအခြေစိုက် Northern Gulf Petroleum ကို ရွေးချယ်ကြောင်း Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။

စစ်ကောင်စီကို အကြီးဆုံး ဘဏ္ဍာငွေထောက်ပံ့နေသည့် ရေနံ၊ သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံတကာကုမ္ပဏီများ ထပ်မံဝင်ရောက်မှုကို တားဆီးနိုင်ရန် MOGE ကို ကမ္ဘာ့နိုင်ငံကြီးများက စီးပွားရေးပိတ်ဆို့သည့် စာရင်းထဲသို့ ထည့်သွင်းရန် လိုအပ်သည်ဟု သွေးစွန်းငွေအဖွဲ့၏ အဖွဲ့ဝင် စောအယ်(လ်) မူးက ပြောသည်။

ဓာတ်ငွေ့ဝင်ငွေများနှင့် ပတ်သက်၍ အမေရိကန်ဒေါ်လာပေါ်တွင် အခြေပြုကာ စာချုပ်ချုပ်ထားသဖြင့် အမေရိကန်စီးပွားရေးပိတ်ဆို့မှုသည် အခရာကျကြောင်း ၎င်းက ဆိုသည်။

“MOGE ကို အမေရိကန်အစိုးရအနေနဲ့ Sanction ချ (စီးပွားရေးပိတ်ဆို့) လိုက်တယ်ဆိုရင် ရတယ်။ အဲ့ဒီလို Sanction မချသေးတဲ့အတွက်ကြောင့် ကုမ္ပဏီတွေအနေနဲ့ ထွက်သွားသည်ဖြစ်စေ၊ မထွက်သွားဘူးဖြစ်စေ၊ စစ်ကောင်စီက ပိုက်ဆံက ဆက်ဝင်နေဦးမှာဖြစ်တယ်” ဟု စောအယ်(လ်)မူးက ဆိုသည်။ 

မြန်မာတွင် ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းလေးခုရှိပြီး စစ်အာဏာသိမ်းပြီးနောက် ဝင်လာသည့် ကုမ္ပဏီများကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက ပြီးခဲ့သည့် မတ် ၂၀ တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံခန့် စစ်ကောင်စီက နှစ်စဉ် ရရှိနေကြောင်း၊ ၂၀၂၂ ပထမလေးလပတ်တွင် ဒေါ်လာ ၈၁၉ သန်းအထိ ရရှိခဲ့ကြောင်း၊ ထိုဝင်ငွေများကို ဖြတ်တောက်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြောင်း ၎င်းက ဆိုသည်။

အခြာ‌ရေနံစီမံကိန်းကြီးတစ်ခုဖြစ်သော ရတနာစီမံကိန်းနှင့် ပတ်သက်၍ သတင်းအချက်အလက်များနှင့် ငွေပေးချေမှုကိစ္စများပေးပို့ရန် စီမံကိန်းအော်ပရေတာ ထိုင်းရေနံကုမ္ပဏီ PTTEP ကို NUG က တောင်းဆိုထားပြီး မလိုက်လျောလျှင် စင်ကာပူတွင် တရားစွဲဆိုသွားမည်ဟု ခြိမ်းခြောက်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ယိုယွင်းလာသည့် အခြေအနေများကြောင့် နိုင်ငံတကာကုမ္ပဏီကြီးများ ထွက်ခွာခဲ့ရာ နိုင်ငံခြားငွေ အများဆုံးရှာဖွေပေးနေသည့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများမှ ရေနံကုမ္ပဏီကြီးများလည်း ပါဝင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button