မြန်မာ၏အကြီးဆုံး ရတနာကမ်းလွန် ရေနံစီမံကိန်း၏ သတင်းအချက်အလက်များနှင့် ငွေပေးချေမှုကိစ္စများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ ပေးပို့ရန် စီမံကိန်းအော်ပရေတာ ထိုင်းရေနံကုမ္ပဏီ PTTEP ကို တောင်းဆိုလိုက်ပြီး မလိုက်လျောလျှင် စင်ကာပူတွင် တရားစွဲဆိုသွားမည်ဟု NUG က ပြောသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့် နိုင်ငံတကာရေနံကုမ္ပဏီများအကြား ချုပ်ဆိုထားသည့် ပဋိညာဉ်စာချုပ်အရ ထိုင်းရေနံကုမ္ပဏီ PTTEP ကို ယနေ့ (မတ် ၂၀) တွင် တောင်းဆိုစာ ပေးပို့ထားပြီး တုံ့ပြန်မှုအပေါ် မူတည်၍ တရားစွဲမည်ဖြစ်ကြောင်း NUG စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
တောင်းဆိုစာနှင့် ပတ်သက်၍ ရက် ၃၀ ကြာ စောင့်ဆိုင်းမည်ဖြစ်ပြီး လုံလောက်သည့်လိုက်နာမှု မရှိလျှင် စင်ကာပူရှိ အငြင်းပွားမှုဆိုင်ရာ တရားရုံးတွင် လျှောက်ထားကာ ဥပဒေကြောင်းအရ ရင်ဆိုင်ရန် စီစဉ်ထားသည်ဟု ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် NUG ဝန်ကြီးက ပြောသည်။
“ကျွန်တော်တို့ မျှော်မှန်းတဲ့ရလဒ်နဲ့ သိပ်ပြီးတော့ မကိုက်ညီဘူးဆိုရင် ပဋိညာဉ်စာချုပ်ပါ ပေးထားချက်နဲ့ ကတိကဝတ်များအရ စင်ကာပူမှာ အနုညာတအငြင်းပွားမှုဆိုင်ရာ ခုံရုံးကို ဦးတိုက်လျှောက်ထားသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
တရားရုံးကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကုန်ကျနိုင်သည်ဟု မျှော်မှန်းထားပြီး နိုင်ငံတကာမှ အလှူရှင်အဖွဲ့အစည်းနှစ်ခုက အကူအညီပေးနိုင်ရန် ပြောဆိုထားကြောင်း၊ အလှူငွေမရပါက NUG အစိုးရ၏ ဘဏ္ဍာငွေထဲမှ စိုက်ထုတ်သုံးစွဲရန် လျာထားကြောင်း ၎င်းက ဆိုသည်။
နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများအနေဖြင့် ရေနံစီမံကိန်းများနှင့် ပတ်သက်၍ ရှယ်ယာလွှဲပြောင်းခြင်းကို NUG အစိုးရ၏ အတည်ပြု ခွင့်ပြုချက် ယူရန် လိုအပ်သလို စီမံကိန်းလည်ပတ်မှုကိုလည်း ပုံမှန်တင်ပြရမည်ဟု ၎င်းက ဆိုသည်။
MOGE လုပ်ပိုင်ခွင့်များကို NUG လျှပ်စစ်နှင့် စွမ်းအင်ဒုဝန်ကြီး ဦးမော်ထွန်းအောင်ထံ လွှဲပြောင်းထားပြီဖြစ်ရာ ရေနံအော်ပရေတာကုမ္ပဏီများက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့သော် PTTEP ကုမ္ပဏီသည် အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်သော MOGE နှင့်သာ ပူးပေါင်းနေပြီး ရေနံဝင်ငွေများ ဆက်လက်ပေးဆောင်နေသည်ဟု ဦတင်ထွန်းနိုင်က ဆိုသည်။
PTTEP အနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းအဖြစ် NUG အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ထားသည်ဟုလည်း ပြောသည်။
ယခုဆောင်ရွက်ချက်သည် စစ်ကောင်စီ၏ အကြီးမားဆုံး နိုင်ငံခြားဝင်ငွေအရင်းအမြစ်ကို ဖြတ်တောက်ရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ထိုင်းကုမ္ပဏီ၏ အကျိုးစီးပွားကို ထိခိုက်စေလိုခြင်းမရှိကြောင်း NUG အစိုးရတာဝန်ရှိသူများက ဆိုသည်။
ထို့ပြင် ယခုကိစ္စကြောင့် ထိုင်းလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကိုလည်း သက်ရောက်မှုမရှိနိုင်ကြောင်း ၎င်းတို့က ဆိုသည်။ NUG က တရားစွဲဆိုရန် ပြင်ဆင်မှုနှင့် ပတ်သက်၍ PTTEP ထံမှ တုံ့ပြန်ချက်ကို Myanmar Now က ရယူနိုင်ခြင်း မရှိသေးပါ။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် နိုင်ငံတကာရေနံကုမ္ပဏီများ ထွက်ခွာခဲ့ကြသည်။
မုတ္တမကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ပြင်သစ်ရေနံကုမ္ပဏီ Total နှင့် အမေရိကန် Chevron ကုမ္ပဏီတို့ ထွက်ခွာသွားပြီးနောက် ထိုင်းရေနံကုမ္ပဏီ PTTEP သည် အော်ပရေတာအဖြစ် လွှဲပြောင်းယူခဲ့သည်။ အခြားရေနံစီမံကိန်းများတွင်လည်း လုပ်ပိုင်ခွင့် တိုးယူခဲ့သည်။
စစ်ကောင်စီအတွက် ဝင်ငွေဆက်ရှာပေးနေသည့် PTTEP ကို ပြည်တွင်းပြည်ပ တက်ကြွလှုပ်ရှားသူများက ဆက်လက်ဖိအားပေးနေသည်။
ထို့နောက် ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တစ်ခုဖြစ်သော Norway’s Oil Fund က စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ထိုင်းနိုင်ငံပိုင် ရေနံကုမ္ပဏီများဖြစ်သော PTT နှင့် PTTOR တို့မှ နုတ်ထွက်ခဲ့သည်။
ထို့နောက် ထိုင်းနိုင်ငံပိုင် PTT ကလည်း မြန်မာနိုင်ငံရှိ စက်သုံးဆီသိုလောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းစီမံကိန်းကို ရပ်ဆိုင်းမည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကြေညာခဲ့သည်။ ထို့ပြင် အမေရိကန်ဒေါ်လာ ၂ ဘီလျံ ကုန်ကျမည့် မုတ္တမပင်လယ်ကွေ့ ကမ်းလွန်ရေနံလုပ်ကွက် M-3 ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းစီမံကိန်းကို ရွှေ့ဆိုင်းခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)