
ဆယ်စုနှစ်တစ်ခုကျော်ကြာ ဂျပန်နှင့် မြန်မာ ပူးပေါင်းဆောင်ရွက်မှုသင်္ကေတတစ်ခုဖြစ်ခဲ့သည့် ရန်ကုန်-မန္တလေးမီးရထားလမ်းအဆင့်မြှင်တင်ရေးစီမံကိန်းအတွက် ဒေါ်လာဘီလျံချီ ပံ့ပိုးမည့် တရားဝင်ဖွံဖြိုးရေးအကူအညီ (ODA) ကို ဂျပန်အစိုးရက ရပ်ဆိုင်းလိုက်သည်။
မီးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ဘဏ္ဍာရေးပံ့ပိုးမှု ရပ်ဆိုင်းလိုက်ခြင်းမှာ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းယူမှုကို ဆန့်ကျင်သော အမှတ်အသားဖြစ်လာကြောင်း ဂျပန်သတင်းဌာန Asahi Shimbum က ယမန်နေ့ (မေ ၃၁) တွင် ရေးသားသည်။
ထိုစီမံကိန်းတွင် ဂျပန်က ၂၀၁၃ ခုနှစ်ကတည်းက ပါဝင်ခဲ့ခြင်းဖြစ်ကာ စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက် တည်ဆောက်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် ချေးငွေကို ထပ်မံထုတ်ပေးတော့မည်မဟုတ်ကြောင်း ပြီးခဲ့သည့်နှစ်အတွင်း အကြောင်းကြားစဉ် စစ်ကောင်စီက အခြေအနေကို နားလည်ဟု အကြောင်းပြန်ခဲ့သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့မီးရထား၏ မှတ်တမ်းများအရ စီးပွားရေးမြို့တော် ရန်ကုန်နှင့် မန္တလေးမြို့ကို ဆက်သွယ်ထားသည့် ၃၈၅ မိုင် ရှည်လျားသော ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းကို ဂျပန်နိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၁၆ ဘီလျံ၊ နိုင်ငံတော်မှ ဒေါ်လာ ၄၆၈ ဒသမ ၉၅၂ သန်းဖြင့် အပိုင်းနှစ်ပိုင်းခွဲ၍ တည်ဆောက်နေခြင်းဖြစ်သည်။
၂၀၁၃ တွင် စီမံကိန်းနှင့် ပတ်သက်၍ စူးစမ်းလေ့လာခြင်းများ ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အရပ်သားအစိုးရလက်ထက်တွင် စီမံကိန်းအတွက် ဒေါ်လာ ၁ ဘီလျံ ထုတ်ချေးရန် ဂျပန်ဘက်က သဘောတူထားသည်။
စီမံကိန်းပြီးမြောက်သည်အထိ ဂျပန်က ချေးငွေထုတ်ပေးရန် စီစဉ်ထားခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် စီမံကိန်းနှင့် ပတ်သက်သော အစိတ်အပိုင်းတစ်ချို့ကို ဖျက်သိမ်းရန် စစ်ကောင်စီကို အကြောင်းကြားခဲ့သည်ဟု နှစ်နိုင်ငံသံတမန်အသိုင်းအဝိုင်းကို ကိုးကား၍ Asahi Shimbum က ရေးသားသည်။
“နောက်ထပ် ချေးငွေထပ်မံထောက်ပံ့ဖို့ ဆုံးဖြတ်ရတာ ခက်ခဲပါတယ်” ဟု ဂျပန်အစိုးရက စစ်ကောင်စီထံ အကြောင်းကြားခဲ့သည်။
ဒေါ်လာနှင့် ယှဉ်ပါက ဂျပန်ယန်းငွေတန်ဖိုးကျဆင်းမှု၊ လုံခြုံရေးအခြေအနေယိုယွင်းလာမှုနှင့် ကိုဗစ်နိုင်တင်းကပ်ရောဂါအခြေအနေများကြောင့် စီမံကိန်းအတွက် အချိန်နှင့် ဘဏ္ဍာရေးပံ့ပိုးမှု လိုအပ်သည်ဟု ဂျပန်ဘက်က အကြောင်းပြခဲ့သည်။
ချေးငွေနှင့် ပတ်သက်၍ စာချုပ်သစ် မချုပ်ဆိုသည့်အပြင် အာဏာမသိမ်းမီက ဆောင်ရွက်နေသည့် စီမံကိန်းများအတွက်လည်း ချေးငွေများ ထုတ်ပေးမည်မဟုတ်ဟု ဂျပန်ဘက်က အသိပေးစာတွင် အတိအလင်းပြောဆိုထားသည်။

ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းမှာ လေးပုံတစ်ပုံခန့် ပြီးစီးနေပြီး လမ်းခင်းကျောက်စုခြင်း၊ ကွန်ကရစ်ဇလီဖားထုတ်လုပ်ခြင်း၊ ခြံစည်းရုံးကာရံခြင်း၊ ဘူတာ၊ လူကူးခုံးတံတားနှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်းတို့ကို မြန်မာဘက်က လုပ်ကိုင်ပြီး ကျန်လုပ်ငန်းများကို ဂျပန်ကုမ္ပဏီများက တာဝန်ယူသည်ဟု သိရသည်။
ဂျပန်အစိုးရသည် မြန်မာနိုင်ငံအပေါ် ၂၀၁၁ ခုနှစ်ကတည်းက ပေးအပ်နေသည့် ဖွံ့ဖြိုးရေးချေးငွေများ ထုတ်ပေးခြင်းကိုလည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ရပ်ဆိုင်းခဲ့သည်။
မြန်မာနိုင်ငံ၏ အထင်ကရ ရထားလမ်းကြီး အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဂျပန်ဘက်က ရပ်ဆိုင်းလိုက်သော်လည်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ရထားလမ်းများ အဆင့်မြှင့်တင်ရေးသာမက လျှပ်စစ်ရထားများ ပြေးဆွဲရေးကိုပင် မကြာခဏပြောဆိုနေဆဲဖြစ်သည်။
လွန်ခဲ့သည့်ရက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်းမှ မန္တလေးတိုင်း သာစည်နှင့် မြင်းခြံအထိ ဆက်သွယ်မည့် ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းကို သွားရောက်ကြည့်ရှုစဉ် မြန်မာနိုင်ငံရှိ ရထားလမ်းအားလုံး ကီလိုမီတာ ၁၀၀ နှုန်းဖြင့် မောင်းနှင်နိုင်သည်အထိ ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
အဆိုပါ ရထားလမ်းပိုင်းရှိ ထီသိမ်ဘူတာအနီးတွင် ကိုလိုနီခေတ်က တည်ဆောက်ခဲ့သည့် နာမည်ကျော် ဘဝသံသရာရထားလမ်းပုံစံအတိုင်း အဝိုင်းပတ်ရထားလမ်း တည်ဆောက်ထားကြောင်းလည်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာများတွင် တခမ်းတနားဖော်ပြခဲ့သည်။
ထို့ပြင် ရထားစီးခရီးသည်များ မျက်စိပသာဒဖြစ်စေရေး သစ်တောဥပဒေများရေးဆွဲပြဋ္ဌာန်းကာ လမ်းဘေးဝဲယာ၌ သစ်တောများ စိုက်ပျိုးရန်လည်း မေလ ၂၉ ရက်က ထိုခရီးစဉ်အတွင်း အာဏာသိမ်းခေါင်းဆောင်က မှာကြားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)